Arakan Yoma

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းတိုက်နယ်မှ စစ်ဘေးရှောင်စခန်းအချို့ကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က ဆန်အပါဝင် ဆီ၊ ပဲနဲ့ ဆားများပါဝင်သည့် စားနပ်ရိက္ခာအချို့ကို မတ်လ ၂၇ ရက်နေ့က ကူညီထောက်ပံ့ပေးခဲ့သည်။

စစ်ဘေးရှောင်ဒုက္ခသည် ဦးရေ ၂၃၀၀ ခန့်ရှိသည့် အဆိုပါ ပန်းမြောင်းဒုက္ခသည် စခန်း ၃ ခုမှ ဒုက္ခသည် တစ်ဦးချင်းစီအတွက် တစ်လ စားသုံး နိုင်ရန် ရည်ရွယ်ကာ ဆန် ၅၉၉ အိတ်၊ ဆီ ၁၈၃ ဖာ၊ ပဲ ၇၉ အိတ်နဲ့ ဆား ၇ အိတ်တို့ကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း အောင်မင်္ဂလာ ကျောင်း ကယ်ဆယ်ရေးစခန်းတာဝန်ခံ ဦးကျော်ကျော်လှက ပြောသည်။

“ကျောင်းတစ်ကျောင်းရဲ့ လူဦးရေကိုကြည့်ပြီးတော့ လှူသွားတာသူတို့က။ ကျနော်တို့ကျောင်းမှာ ဆန်က ၇၁ အိတ်လှူသွားတယ်။ ကျနော်တို့ စခန်းမှာကျတော့ လူ ၂၇၀ ရှိတယ်။ လူဦးရေပမာဏကို ကြည့်ပြီးတော့ ခွဲဝေစားသောက်ဖို့ ပေးသွားတာပေါ့။ လူတစ်ဦးကို တစ်ရက်မှာ ဆန်သုံးကီလိုလောက် ပျှမ်းမျှ တစ်လစာလောက်ပေးတာ။”

ရွာအတွင်း တပ်မတော်ဖက်က နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်မှုကြောင့် မြောက်ဦးမြို့နယ် မြိုချောင်း၊ ကျောင်းတောင်နဲ့ မင်းပြား မြို့နယ် ကျေးရွာအချို့က လူဦးရေ ၂၃၀၀ ခန့်မှာ ပန်းမြောင်းအုပ်စုမှ ရွှေဖောင်တိန်ကျေးရွာ၊ အောင် မင်္ဂလာကျေးနဲ့ ရွာသစ်ကျေးရွာက ဘုန်းတော်ကြီးကျောင်းများတွင် မတ်လ ၁၉ ရက်နေ့က စတင်ခိုလှုံနေကြခြင်း ဖြစ်သည်။

ရခိုင့်တပ်မတော် အေအေနှင့် မြန်မာ့တပ်မတော်တို့ ရခိုင်ပြည်နယ်အတွင်း စစ်ရေးတင်းမာပြီးတဲ့နောက် ပြည်နယ်အစိုးရအဖွဲ့က ရခိုင် မြောက်ပိုင်းက မြို့နယ်များကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC တို့မှအပ ကျန် NGO နှင့် INGO များကို သွားရောက်ခွင့်ပိတ်ပင်လိုက်ခြင်းကြောင့် ကူညီကယ်ဆယ်ရေးတွေကလည်း နည်းပါးသွားကြောင်း သိရသည်။

 539 total views,  1 views today