ထူး | ရိုးမရေဒီယိုမဂ္ဂဇင်း
ရခိုင်ပြည်နယ်ရဲ့ အုပ်ချုပ်ရေးမြို့တော်ဖြစ်တဲ့ စစ်တွေမြို့ကနေ ဆတ်ရိုးကျချောင်းကို ဖြတ်ထိုးထားတဲ့ တံတားကိုဖြတ်ပြီး ဆတ်ရိုးကျ မြို့သစ် ရပ်ကွက် (ကယ်ဆယ်ရေး) ကိုသွားရင် ချောင်းထဲမှာ ရပ်နားထားတဲ့ စက်လှေကြီး၊ စက်လှေငယ်တွေအပါအဝင် ကုန်တင်ကုန်ချ လုပ်သားများ စွာကို ခါတိုင်းလိုလို မြင်တွေ့မိကြမှာပါ။
အဲဒီလို မြင်တွေ့နေကြ မဟုတ်ဘဲ နွေရာသီရောက်လာရင် ထူးဆန်းစွာမြင်တွေ့ရမယ့် အရာတစ်ခုရှိနေပါတယ်။ အဲဒါကတော့ ဆတ်ရိုးကျ တံတားအောက်က ဘဝကို ထူးဆန်းစွာ ဖြတ်သန်းရုန်းကန်လှုပ်ရှားနေကြရတဲ့ နွေရာသီဂုံးကောက်လုပ်သားတွေပဲ ဖြစ်ပါတယ်။ ဒီတစ်ပတ် မှာတော့ သူတို့က ဂုံးတွေကို ဘယ်အချိန်မှာ၊ ဘယ်လိုကောက်ပြီး ဘယ်နေရာတွေမှာ ရောင်းချကြတယ်။ တစ်နေ့အတွက်ဝင်ငွေ ဘယ်လောက်ရနိုင်တယ်။ စတာတွေကို သွားရောက်မေးမြန်းတင်ဆက် ပေးသွားမှာပါ။
နွေဦးပေါက်ရာသီ တပေါင်းလကို ရောက်ပြီဆိုတာနဲ့ စစ်တွေမြို့နယ် ဆတ်ရိုးကျတံတားအောက်ကချောင်းမှာ လူတစ်ဦးစီ ဝါးတစ်လုံးစီ ထူပြီး ဝါးပေါ်မှာ ချုပ် (ပိုက်ဖြင့်ဖြစ်စေ၊ ဝါးနှီးဖြင့်ဖြစ်စေ တစ်စုံတစ်ခုထည့်လို့ရနိုင်စေရန် ပြုလုပ်ထားသောအရာ) တစ်ခု၊ ခြံငယ်တစ်ခုကို ချည်နှောင် ကာ ဝါးကိုကိုင်ပြီး ငုပ်လိုက်၊ ပေါ်လာလိုက် လုပ်နေကြတဲ့ လူတစ်ချို့ကို တွေ့မြင်ရပါလိမ့်မယ်။
သူတို့တွေဟာ စစ်တွေတစ်ဖက်ကမ်းက အောင်ချမ်းသာ၊ ဆတ်ရိုးကျနဲ့ မင်းဒရားချိတ်စတဲ့ကျေးရွာတွေက လက်လုပ်လက်စားလုပ်ကိုင် သူတွေ ဖြစ်ပြီး တံတားအောက်မှာ ဂုံး (ဒေသအခေါ် ဂုံးဖြူ) လာရောက်ကောက်နေကြသူတွေ ဖြစ်ပါတယ်။ ဂုံးကို ဘယ်လိုပုံစံမျိုးကောက် ရပါသလဲ။
“ပထမဆုံးရေထဲမှာ ဝါးစိုက်တယ်။ စိုက်လို့ပြီးတာနဲ့ ခြံတွေ၊ အိတ်တွေကို ဝါးမှာချည်ထားတယ်။ ရေငုပ်ပြီးတော့ ကိုယ့်လက်တွေကို ထိရှ နိုင်မယ့် ပုလင်းကွဲတွေ၊ သံတိုသံစတွေ ရှိလားစမ်းကြည့်ရတယ်။ ရှိတယ်လို့ဆိုရင် နည်းနည်းသိမ်းပစ်လိုက်တယ်။ ပြီးတော့ တစ်ဖက်ကာ နဲ့ ဂုံးရှိလား။ မရှိလား။ စမ်းကြည့်တယ်။ ရှိတယ်ဆိုရင် ဘယ်လောက်ရှိတယ်။ အများရှိလား။ အနည်းရှိလား။ ယူခဲ့ပြီးတော့ အပေါ်မှာ ချင့် ချိန်ကြည့်တယ်။ ဂုံး သီးသန့်ရှိတယ်ဆိုရင် နောက်တခေါက်မှာ ခြံကိုချပြီးတော့ လက်နှစ်ဖက်နဲ့ သိမ်းကျုံးထည့်တော့တယ်။”
ပုခုံးပေါ် သယ်လာတဲ့ ဂုံးအိတ်ကို မြေပေါ်မှာ အိမ့်ကနဲ ပစ်ချကာ ပစ္စည်း၊ ပစ္စယတွေကို သေချာစွာထုတ်ပိုးရင်းနဲ့ အောင်ချမ်းသာကျေးရွာ က ဂုံးလာကောက်တဲ့ ဦးမောင်ကျော်ဆန်းက ရေထဲမှာ ဂုံးကောက်ပုံကို ရှင်းပြတာဖြစ်ပါတယ်။
အထူးသဖြင့်တော့ မနက်ပိုင်း ဒီရေကျချိန်မှာ ကောက်ရတာဖြစ်ပြီး ဒီရေဟာ တစ်ရက်ထက်တစ်ရက် (၁၅ ရက်တစ်ကြိမ်စီမှာ) တစ်နာရီစီ ပုံမှန် နောက်ကျလေ့ ရှိတဲ့အတွက် သူတို့ဟာလည်း ဒီရေရဲ့အလျဉ်းအတိုင်း လိုက်ပြီးသွားရပါတယ်။ တစ်လဆိုရင် ရက်ပေါင်း ၂၀ လောက် သာ လုပ်ကြရပါတယ်။
“(လဆုတ်) ၃၊ ၄ ရက်နဲ့လည်း မရသေးဘူး။ ဒီရေက ကြမ်းသေးတယ်လေ။ ၅ ရက်၊ ၆ ရက်လောက်ဆိုရင် ငုတ်လို့ရပါပြီ။ ၅ ရက်နေ့ လောက် ကနေ ဆင်းတယ် ဆိုလို့ရှိရင် ၁၃ ရက်၊ ၁၄ ရက်လောက်ထိ ငုပ်တယ်။ ဒီရေက တစ်ရက်ထက်တစ်ရက် ၁ နာရီနောက်ကျတော့ ဒီနေ့မှာ ၉ နာရီက လာတယ်ဆိုလို့ရှိရင် နောက်နေ့မှာ ၁၀ နာရီမှာ လာရတယ်။”
တစ်ရက်မှာ အချိန် ၂ နာရီလောက်သာ လုပ်ရပြီး ဒီရေပြန်တက်လာတာနဲ့ လက်စသတ်ကြလေ့ရှိပြီး ကောက်တဲ့ အချိန်မှာတော့ ကောက် ယူပုံကို နားလည်ရင် နားလည်သလောက် ရက်တွက် ကိုက်ကြပါတယ်။
“ကြားမှာ ၂နာရီခွဲ၊ ၂ နာရီ အပိုင်းဆက်လောက်ပဲ ငုပ်ရတယ်။ ငုပ်နေကျသူတွေဆိုတော့ တစ်ရပ် ငုပ်လိုက်ရင် အများကြီးရရင် ရသလောက် မြေဆီအိတ်နဲ့ တစ်အိတ်လောက်ရတယ်။ အဲဒီတစ်အိတ်ကို ရောင်းလောက်တော့ ငွေကျပ် ၃ သောင်း၊ ၂ သောင်းခွဲ လောက်တော့ ရတယ်။ ပုံမှန်တော့ မဟုတ်ဘူး။ ဂုံးနဲ့တွေ့ရင် တွေ့သလောက်ပေါ့။” လို့ ဦးမောင်ကျော်ဆန်းက ပြောပါတယ်။
ရေငုပ်လာတဲ့ သက်တမ်း အတွေ့အကြုံအရ အကြာကြီး ရေငုပ်ခံနိုင်သူတွေရှိသလို ခံနိုင်ရည် မရှိသူတွေလည်း ရှိပါတယ်။ ဆယ်စုနှစ် ၃ ခု လောက် အဲဒီ လုပ်ငန်းလုပ်ကိုင်လာတဲ့ အသက် ၄၀ ကျော်အရွယ် ဦးမောင်ဖြူချေက ငယ်ငယ်ကတည်းကနေ လုပ်ကိုင်လာတဲ့ အကြောင်းကို အခုလိုပဲ ရယ်ကာသွမ်းကာနဲ့ ပြန်ပြောပါတယ်။
“အဲတာတော့ ပြောလို့ မရဘူးလေ။ အငုပ်ခံနိုင်သူလည်း ရှိတယ်။ အငုပ်မခံနိုင်သူတွေလည်း ရှိတယ်။ အရင်ကတည်း ငုပ်နေသူတွေဆို ရင် ခံနိုင်ရည်ရှိတာပေါ့။ အခုလတ်တလော ငုပ်နေသူတွေဆိုရင် အဲလောက်ထိ မခံနိုင်ဘူး။ ကျနော်ဆိုရင် ကလေးဘဝတည်းက ဒီချောင်း မှာ ငုပ်လာတာ။ အခု (အသက်) ၄ ဆယ်ကျော်နေပြီ။ နာရီပတ်ပြီးတော့ ငုပ်တယ်။ လူတစ်ယောက်က ၄၊ ၅ မိနစ်ခံနိုင်မှာမလွယ်ဘူး။ ကျ နော်က တော့ ၃ မိနစ်ပေါ့။”
ရေခဲတင်၊ ကုန်တင်ကုန်ချ၊ ဝါး၊ ကျောက် အမျိုးမျိုးသော ပစ္စည်းတွေ တင်ဆောင်လာတတ်တဲ့ စက်လှေကြီး၊ ငယ်မျိုးစုံတို့ ဝင်ရောက်ရာ လမ်းကြောင်းဖြစ်တဲ့ အဲဒီ ဆတ်ရိုးကျချောင်းရဲ့ အလယ်မှာ ဂုံးရှာနေကြရသူတွေ အတွက်က အသက်အန္တရာယ်ကိုလည်း စိုးရိမ်ရပြန်ပါ သေးတယ်။
ဦးမောင်ကျော်ဆန်းက “တစ်ယောက်ကို တစ်ယောက်ပြောထားတယ်။ စက်လှေလာရင် ငုပ်နေရင်လည်း ဝါးကို လှုပ်ပစ်လိုက်။ ငုပ်နေရင် လည်း အဲဒီလို တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုပေးလို့ ငုပ်ကြတယ်။ ရေထဲမှာ ငုပ်နေရင် ဝါးကို လှုပ်လိုက်တာနဲ့ လှေလာတယ် ဆိုတာကို အချိန်းပေးတာလေ။” လို့ ဆိုပါတယ်။
ဒီအလုပ်ကို အဆင်ပြေလို့ လုပ်နေရတာလားဆိုတဲ့ မေးခွန်းကိုတော့ ဦးမောင်ဖြူချေကတော့ “အဆင်က ဘယ်ပြေမလဲ။ ဒီလိုပဲ လုပ်နေကြတာ။ ပြေတယ်ရယ်လို့တော့ မရှိပါဘူး။ အလုပ်မရှိရင် အဆင်မပြေဘူးပေါ့။ နောက်ထပ် အလုပ်တွေက သိပ်မလုပ်ဖူးဘူး။ ထမ်းက မထမ်းနိုင်ဘူးလေ သူများတွေလို။ သူများတွေကတော့ သွားထမ်းကြတယ်။ ဈေးတွေမှာ။ အဲဒီလိုလည်း မထမ်းနိုင်ဘူး။”လို့ သောက်လက်စ ၅ သုံးလုံး ဆေးလိပ်ပိုင်းတိုကို လက်ကြားညှပ်ပြီး ဖြေပါတယ်။
အမျိုးသားတွေ ရေထဲဆင်းပြီး အလုပ်လုပ်နေချိန် ကုန်းပေါ်ကနေပြီး စောင့်ဆိုင်းနေကြတဲ့ အမျိုးသမီးတော်တော်များများ မတွေ့ရပေမဲ့ ဆတ်ရိုးကျတံတားရဲ့အောက်ဖက် ဖောင်တော်မှာ ထိုင်ပြီး သား၊ သမီးငယ် ၃ ဦးနဲ့အတူ အမျိုးသားကို စောင့်မျှော်နေသူကတော့ မင်းဒရား ချိတ်ကျေးရွာက ဒေါ်တင်တင်ဦးပါ။
“သူတို့တွေ ဂုံးငုပ်တော့ အပေါ်ကို တင်ပေးတာကို အကြီး၊ အငယ်ရွေးတယ်။ အကြီးတဈေးရောင်းတယ်။ အငယ်တစ်ဈေးရောင်းတယ်။ အကြီးဆိုရင် ၁ ထောင်ကျ။ အငယ်ဆိုရင် ၄၊ ၅၊ ၈ ရာပေါ့။ ဂုံးတွေကို ဒီရေနဲ့လိုက်လို့ ငုပ်ရတာပေါ့။ ဒီရေတက်ရင် မငုပ်ရ။ မတက်ရင်ငုပ် ရတယ်။” လို့ အမျိုးသားက ကုန်းပေါ်တင်ပေးထားတဲ့ ဂုံးတွေကို အငယ်၊ အကြီးဆိုဒ် နှစ်မျိုးခွဲနေရင်း ကျန်လက်တစ်ဖက်က ၃ နှစ်သား အရွယ်သားငယ်ကို ဖက်ကာ ဒေါ်တင်တင်ဦးက ပြောပြပါတယ်။
အမျိုးသားတွေက ဂုံးကောက်ပြီးတဲ့ အချိန်မှာတော့ ရလာတဲ့ ဂုံးကောင်တွေကို တချို့က အိမ်ကိုသယ်သွားကြသလို တစ်ချို့ကလည်း နီးစပ်ရာ ဈေးတွေမှာ ဖြစ်ဖြစ်၊ အော်လို့ပဲ ဖြစ်ဖြစ် ဝင်ရောင်းခဲ့ကြပါတယ်။
ဒေါ်တင်တင်ဦးနဲ့ အတူ အဖေဖြစ်သူကို ကုန်းပေါ်ကနေ ကူညီပေးနေတဲ့ ဆယ်နှစ်ကျော်အရွယ် သမီးငယ်က = “ပတ်ပြီးသွား ရောင်းပါတယ် သမီးတို့က။” လို့ အမေဖြတ်သူရဲ့စကား တိုတိုတုပ်တုပ်ကလေးနဲ့ ကြားဖြတ် ဝင်ပြောပါတယ်။
ဆောင်းရာသီလိုမျိုး ရေအေးတဲ့ အချိန်၊ မိုးရာသီလိုမျိုး ရေချိုတဲ့အချိန်တွေမှာ ဂုံးဖြူကို ရှာမရဘဲ နွေရာသီလို ရေငန်တဲ့ အချိန်တစ်ခုတည်းမှာပဲ ရှာဖွေတွေ့ရှိနိုင်တာ ဖြစ်ပါတယ်။ ဦးမောင်ဖြူချေတို့လို ဂုံးကောက်သမားတွေကတော့ နွေရာသီကုန်မှာကို စိုးရိမ် ခရီးဆက်နေသူ တွေပါပဲခင်ဗျား။
1,184 total views, 1 views today