ရခိုင်ပြည်နယ်အတွက် အသုံးပြုရန် ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ လှူဒါန်းသွားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ်လွှတ်တော် တာဝန်ရှိသူများက ပြောသည်။

“စစ်တွေခရိုင်နဲ့ မြောက်ဦးခရိုင်မှာရှိတဲ့ မြို့နယ် ၈ မြို့နယ်ကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ ထောက်ပံ့မယ်ဆိုပြီတော့ သူတို့ လာ ရောက်ချပြတာပါ။ အဓိကကတော့ မြို့နယ် ၈ မြို့နယ်စလုံးကို လောလောဆယ် မပေးသေးဘဲနဲ့ တစ်မြို့နယ်ကို အရင်စမ်းသပ်မယ်။ အဓိကက သူတို့ကတော့ ရခိုင်ပြည်နယ်မှာ အလုပ်အကိုင် အခွင့်အလမ်းလေးတွေရဖို့အတွက် အဓိကလုပ်ပါတယ်။”ဟု ရခိုင်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဌ ဦးမြသန်းက ပြောသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က ဦးစံကျော်လှ ဦးဆောင်သည့် ရခိုင်ပြည်နယ်လွှတ်တော်သို့ ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများက လာရောက် တွေ့ဆုံရာတွင် ထိုသို့ လှူဒါန်းရန် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း  ဆိုသည်။

ထိုငွေများအား စစ်တွေနှင့် မြောက်ဦးခရိုင်အတွင်းရှိ မြို့နယ် ၈ ခုမှ ကျေးရွာများတွင် ပညာရေးနှင့် ကျန်းမာရေး၊ မွေးမြူရေးနှင့် စိုက်ပျိုး ရေးစသည့် ကဏ္ဍများဖွံ့ဖြိုးတိုးတက်ရေးတို့အပြင် ဒေသအလိုက်လိုအပ်မည့် လုပ်ငန်းများကို အရပ်ဖက်အဖွဲ့အစည်းများနှင့် တိုင်ပင်ကာ ပူးပေါင်း ဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင်လည်း အဓိကအားဖြင့် မူဆလင်နှင့် ရခိုင်လူ့အဖွဲ့အစည်းနှစ်ခုစုပေါင်း နေထိုင်ကြသည့် နေရာများကို ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးမြသန်းက ဆက်လက်ပြောသည်။

“ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကူညီတာဟာ ရခိုင်ပြည်အတွက်ဘာဘဲဖြစ်ဖြစ် ကူညီထောက်ပံ့ဟာ ဖြစ်တဲ့အတွက် အများကြီး ဝမ်းသာပါတယ်။ ကြိုဆိုပါတယ်။ ကူညီထောက်ပံ့ပေးတဲ့အခါမှာလည်း နှစ်ဖက် ရခိုင်နဲ့ ကုလားတွေနဲ့ ရောထွေးချတင်နေတဲ့ နေရာတွေကို ပထမဦးစားပေးမယ်။ အဲဒီက တစ်ဆင့် ကျန်တဲ့မြို့နယ်တွေကို တဖြည်းဖြည်း တိုးချဲ့သွားမယ်။”

မည်သည့်အချိန်တွင် ထိုငွေလှူဒါန်းလာမည်ကို အတိကျမသိရသေးသော်လည်း ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှက အမြန် ဆုံး လှူဒါန်းရန် မေတ္တာရပ် ခံထားကြောင်း ဆိုသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှနှင့် ဒုတိယဥက္ကဌ ဦးမြသန်းတို့အပါအဝင် လွှတ်တော်အကြံပေးအဖွဲ့ဝင် များ၊ ကမ္ဘာ့ဘဏ်မှတာဝန်ရှိသူများဖြစ်သည့် စီးပွားရေးပညာရှင်အကြီးအကဲ Dr.Mauro Testaverde နှင့် Mr.Harry Moroz တို့က တက် ရောက်ဆွေးနွေးခဲ့ကြသည်။

 481 total views,  2 views today