ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

“ကျွန်မက ငယ်ငယ်လေးကတည်းက အဆင်ပြေတဲ့ မိသားစုက မွေးဖွားလာတာ မဟုတ်ပါဘူး။ မောင်နှမတွေလည်း များပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်လောက်က တစ်ယောက်နဲ့ တစ်ယောက် နှစ်နှစ်ခြား သားသမီး ရှစ်ယောက်တာဝန်ကို ထမ်းဆောင်ပြီးရပ်တည်ရမယ့် မိဘတွေရဲ့ စီးပွားရေးက အဲဒီလောက်ထိ မခိုင်မာခဲ့ပါဘူး။”

ဒေါ်သန်းသန်းရွှေ (ခ) မသားသားဟာ စစ်တွေမြို့ အခြေစိုက် Triple E Management Institute ကို တည်ထောင်ထားသူ အမျိုးသမီးလူငယ်တစ်ဦး ဖြစ်ပါတယ်။ ဒေသဖွံ့ဖြိုးရေးအတွက် စီးပွားရေးက အထောက်အပံ့တစ်ခုဖြစ်စေဖို့ ရည်ရွယ်ပြီး လူငယ်တွေကို အသိပညာနဲ့ အတတ်ပညာတွေ မျှဝေပေးနေသူ ဖြစ်ပါ။

“ကျွန်မတို့ Triple E Management Institute ရဲ့ Vision ကတော့ Economics for community Development ပေါ့။ ဒေသဖွံ့ဖြိုးရေးအတွက် စီးပွားရေးက အထောက်အပံ့တစ်ခု ဖြစ်စေဖို့ အတွက်ပါ။ ပြောချင်တာက များသောအားဖြင့် ခေတ်အချိန်တွေကို ဖြတ်သန်းလာတယ်။ ဖြတ်သန်းလာပြီးတဲ့ နောက်မှာ စီးပွားရေးဆိုတဲ့ အရာအတွက်ကို မြင်ကြည့်လိုက်လို့ရှိရင် သူတို့တွေရဲ့ အမြင်မှာ ကောင်းတာထက် မကောင်းတဲ့ ဘက်ကို မြင့်တဲ့အမြင်က ပိုပြီးတော့များတယ်။ ကျွန်မလည်း ၂၀၁၄ ခုနှစ် လောက်အထိ ကုမ္ပဏီဝန်ထမ်းအနေနဲ့ ဆက်ပြီးတော့ နေလာတာ။ ၂၀၁၄ လောက်မှာ စီမံခန့်ခွဲမှု အခြေအနေ တစ်ခုအထိ ရောက်လာတယ်။ ရောက်ပြီးတဲ့နောက် အလုပ်လုပ်လာတဲ့ အခါကျတော့ စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ တချို့သော Ethic ပေါ့နော်။ Ethical business မျိုးကို ပိုပြီးတော့ မျှော်လင့်ထားတယ်။ စီးပွားရေးအရ လိုအပ်ချက် ဝင်ငွေအပေါ်မှီတည်မှုဆိုတဲ့ဟာက အရေးကြီးပါတယ်။ စီးပွားရေးအရ မတောင့်တင်း၊ ဝင်ငွေအရ ခိုင်မာမရှိဆိုရင် တစ်ယောက်ချင်းတိုင်းလည်း ငြိမ်းချမ်းမှုမရှိ၊ မိသားစုတစ်စုဆိုရင် လင်မယား နှစ်ယောက်ပဲ ထားပါတော့၊ ယောက်ျား၊ မိန်းမ နှစ်ယောက်စလုံးက ဝင်ငွေမတောင့်တင်းဘူးဆိုရင် သူတို့အိမ်က ငြိမ်းချမ်း။ ဆိုတော့ လူတစ်ယောက်ချင်းစီကစလို့ ဒီလောက်ကြီးကျယ်တဲ့အခြေအနေအထိ အရေးပါတဲ့ အလုပ်နဲ့ဝင်ငွေ၊ အဲဒါနဲ့ ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းပိုင်းဆိုင်ရာပေါ့နော်။ အဲဒီအရာတွေ အပေါ်မှာ ဘာကြောင့်မကောင်းတဲ့ဘက်ကို မြင်လို့ရမလဲပေါ့။ တကယ်တမ်း ငြိမ်းချမ်းဖို့အတွက်ပဲ ကြည့်ကြည့် တိုးတက်ဖို့အတွက်ပဲ ကြည့်ကြည့်၊ ရပ်တည်ဖို့အတွက်ပဲကြည့်ကြည့် လူတစ်ယောက်ချင်းစီကနေ နိုင်ငံအဆင့်ထိ ၊ ကမ္ဘာအဆင့်ထိ လုပ်ငန်းနဲ့ ပတ်သတ်တဲ့ဟာက ဝင်ငွေနဲ့ ရပ်တည်ဖို့ဟာက အရေးကြီးတယ်။ ဒီစီးပွားရေးလုပ်ငန်းတစ်ခုရဲ့ ရပ်တည်မှုဟာ ကိုယ့်ရဲ့ ဒေသဖွံ့ဖြိုးတိုးတက်မှုကိုပါ အထောက် အပံ့ပေးနိုင်တဲ့ စီးပွားရေးတစ်ခုသာ ဖြစ်ခဲ့မယ်ဆိုရင် အမြင်ကိုရော ပြောင်းလဲပေးနိုင်မယ်ပေါ့နော်။ ဆိုတော့ ဒီလိုမျိုးစိတ်ကူး၊ စိတ်သန့် ရည်ရွယ်ချက်တွေတွေနဲ့ ကျွန်မလုပ်ချင်တဲ့ စီးပွးရေးဟာ Ethical business ဖြစ်ချင်တယ်။ ပြီးတော့ အဲဒီစီးပွားရေးကနေ ရလာတဲ့ အကျိုးဆက်တွေအားလုံးကို လူ့အဖွဲ့ အစည်း ဖွံ့ဖြိုးရေးမှာ ပံ့ပိုးပေးနိုင်တဲ့ စီးပွားရေးတစ်ခုဖြစ်အောင်ပေါ့နော်။ အဲလိုမျိုးစဉ်းစားပြီး စာတမ်းရေးခဲ့တယ်။ နောက်ဒီအလုပ်ကို စပြီးတော့လုပ်တာပါ။’’

မပြည့်စုံတဲ့ မိသားစုကနေ မွေးဖွားကြီးပြင်းခဲ့ပေမယ့် နောက်မဆုတ်တမ်း ကြိုးစားခဲ့မှု ရလာဒ်တွေကြောင့် အခုအချိန် နယ်ပယ်တစ်ခုမှာ အတိုင်းအတာတစ်ခုထိ ရပ်တည်နေနိုင်ပြီ ဖြစ်ပါတယ်။

သူမရဲ့ ငယ်ဘဝ ဖြတ်သန်းခဲ့ရပုံက ဘယ်လိုပါလဲ။

“ကျွန်မကို မမွေးခင် အစ်မနှစ်ယောက်လက်ထက်အထိတော့ မိသားစုစီးပွားရေးကောင်းခဲ့တယ်လို့ ကြားပါတယ်။ ဒါပေမယ့် ကျွန်မတို့မွေးလာတဲ့အချိန်မှာ ဖေဖေမေမေက စီးပွားရေးကျတယ်။ ရုန်းကန်ရတယ်ပေါ့။ ရုန်းကန်ရတဲ့ထဲမှာမှ သားသမီးက ၈ ယောက်၊ ဒီ ၈ ယောက်လုံးရဲ့ ပညာရေး၊ စားဝတ်နေရေး အားလုံးကို ရုန်းကန်ရတယ်။ အဲဒီအချိန်မှာ အဆင်ပြေတဲ့ မိသားစုတော့ မဟုတ်ပါ။ အမေက အထက်တန်းကျောင်းရှေ့မှာ အကြော်ရောင်းတယ်။ အဖေက လက်သမားလုပ်တယ်။ အရင်ကတော့ အဖေနဲ့အမေက ဆန်ကုန်သည် ဆန်ပွဲရုံလုပ်တယ်လို့ ပြောတယ်။ ဒါပေမယ့် စီးပွားရေးကျသွားပြီးနောက်ပိုင်း အဲလိုမျိုးနဲ့ အသက်မွေးတယ်။ အဲလိုအချိန်မှာ အမေ့ညီမနှစ်ယောက်က ထောက်ပံ့ပေးတယ်။ ကျွန်မတို့ ပညာရေးကတော့ ဆက်သွားခဲ့တယ်။ ကျွန်မခုနှစ်တန်းတက်တဲ့အချိန် ၁၉၉၆ ခုနှစ်မှာ အဖေဆုံးသွားပါတယ်။ အဲဒီတုန်းက ပညာရေးက အခုလိုမျိုး ငွေကြေးကင်းလွတ်ခွင့်နဲ့ ပညာရေးမျိုး မဟုတ်ပါ။ ငွေကြေးစိုက်ထုတ်ပြီး တက်ရတဲ့ ပညာရေးမျိုး။ ဆိုတော့ ဒီသားသမီးတွေပညာရေးအားလုံးအတွက် အမေက ပင်ပန်းတယ်။ အဲဒီအချိန် အဆင်မပြေတော့ ပတ်ဝန်းကျင်နဲ့ ဆွေမျိုးတွေကပါ ဘာပြောလည်းဆိုတော့ ကျောင်းထုတ်ပြီး ရာသီစာပေါ့။ ဖရဲသီး၊ ဒညှင်းသီး အဲလိုရောင်းပြီးတော့ ရုန်းကန်ရမယ်ဆိုပြီး ပြောတဲ့အထိ ရှိတယ်။ ဒါပေမယ့် ကံကောင်းတာက အစ်မတွေရော၊ အဒေါ်တွေရှိတာ အရမ်းကံကောင်းတယ်။ တက္ကသိုလ်တက်နေတဲ့ အမတွေက လုံးဝမဖြစ်စေရ၊ ငါ့ညီမတွေကို လုံးဝကျောင်းမထုတ်ပေါ့နော်။ အမတွေက ဘာလုပ်လဲဆိုတော့ အဲဒီအချိန်က ပုဇွန်ဒိုင်တွေ ခေတ်စားတယ်။ အစ်မတွေက နေ့ရော ညပါ အလုပ်လုပ်ပြီးတော့ လက်တွေပေါက်တဲ့အထိ အလုပ်လုပ်ပြီးတော့ ငါ့ညီမတွေကို လုံးဝကျောင်းမထုတ်ပေါ့။ ကျွန်မတို့ ဆယ်တန်းနှစ်လောက် ကျူရှင်ဆိုတာ မတက်ဖူး။ အစ်မတွေက စာပြန်ပြတယ်။ အဲလိုမျိုးနဲ့ပဲ ကျောင်းတက်ပြီးတော့ ဆယ်တန်းအောင်တယ်။ ဆယ်တန်းအောင်တဲ့နှစ်မှာ အမတွေက ရန်ကုန်သွားပြီး အလုပ်လုပ်တာနဲ့ အများကြီး ထောက်ပံ့ ပေးနိုင်တာနဲ့ အဒေါ်တွေဆီက ထောက်ပံ့မှုထပ်ရတာနဲ့ဆိုရင် အဲလိုမျိုးနဲ့ ဆယ်တန်းအောင်လာတယ်ပေါ့။”

သူမလို ရုန်းကန်လှုပ်ရှားပြီး ဖြတ်သန်းရတဲ့ လူငယ်တွေကိုတော့ အခုလိုပဲ အားပေးစကား ပြောလိုက်ပါတယ်။

“ကျွန်မကြီးပြင်းခဲ့တာကို ပြောပြနားထောင်ပြီးတဲ့အချိန်မှာ ဒီလိုမျိုးကြီးပြင်းပြီး ကြိုးစားလာရတဲ့ အခုအချိန် ဒီနေရာမှာ အတိုင်းအတာတစ်ခုအထိ ရပ်တည်နေတယ်။ အဲဒါကိုကြည့်ပြီး အားကျတဲ့ စိတ်နဲ့ ဒါမှမဟုတ် ခံစားချက်တစ်ခုခုနဲ့ အကောင်းဘက်ကိုရောက်သွား တယ်ဆိုရင် ဝမ်းသာပါတယ်။ ကျွန်မလိုမျိုး ကြိုးစားပြီး ကျွန်မလိုမျိုးဖြစ်ပါလို့ မပြောလိုပါဘူး။ ဒါပေမယ့် အခုလက်ရှိ ကမ္ဘာကြီးဟာ အသိပညာနဲ့ ယှဉ်ပြီးသွားရမယ့် ကမ္ဘာကြီး ဖြစ်လာတယ်။ အသိပညာနဲ့ ယှဉ်ပြီးသွားရမယ့် ကမ္ဘာကြီးထဲမှာ မိရိုးဖလာလုပ်ရိုးလုပ်စဉ်တွေနဲ့ သွားနေတဲ့ ပုံစံမျိုးနဲ့ဆိုရင် လိုက်မီဖို့ တအားခက်ခဲမယ်။ ကျွန်မတို့ရဲ့ ဆောင်ပုဒ်အတိုင်းပဲ အနာဂတ်မှာ အသိပညာနဲ့ ယှဉ်ပြိုင်ရမယ့်နေရာမှာ အသိပညာတွေ၊ အတတ်ပညာတွေနဲ့ပဲ ယှဉ်ပြိုင်နိုင်ဖို့အတွက် ကိုယ့်ကိုကိုယ် အခုကတည်း အရင်းအနှီးလုပ်ပါ။ အနာဂတ်ဆိုတဲ့အချိန်မှာ ပိုကောင်းဖို့အတွက်တော့ ဒီပုစ္စုပန်က အရေးကြီးပါတယ်။ လက်ရှိအချိန်မှာ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ရင်းနဲ့ ဖြတ်သန်းကြပါလို့။”

 393 total views,  1 views today