အာရ်ကန်ရိုးမ ၊ စစ်တွေ

ရခိုင်မြောက်ပိုင်းကို ပဋိပက္ခများနှင့် တိုက်ပွဲတွေကြား နှစ်ကာလ ဆယ်စုနှစ်တစ်ခုကြာ မြင်တွေ့ခဲ့ ရပေမယ့် အခုချိန်မှာတော့ ပြန်လည်စည်ကားလာတာကို တွေ့လာရပါတယ်။

လက်နက်ကိုင် တိုက်ခိုက်မှုတွေ တည်ငြိမ်လာခဲ့သလို၊ ကိုဗစ်ရောဂါ ကူးစက်မှုများ လျော့ကျလာခဲ့ပြီး နောက်ပိုင်း ပွင့်လင်းရာသီမှာ လာရောက်လည်ပတ်ကြသူ အများအပြား ရှိလာပြီး နေ့ညမပြတ် ပွဲတော်များနှင့် စည်ကားလာခဲ့ကြတာပါ။

အပတ်စဉ် စနေ၊ တနင်္ဂနွေ အားလပ်ရက်များဟာ ဘုရားဖူးတွေနှင့် ပြည့်နေသလို၊ ပျော်ပွဲစား ထွက်ကြတဲ့ လူငယ်များကိုလည်း မြို့တိုင်းရဲ့ အထင်ကရနေတွေမှာ တွေ့မြင်နေရပါတယ်။

ဒီကနှစ် သီတင်းကျွတ်ကာလ ရုံးပိတ်ရက်များမှာဆိုရင် ရခိုင်ပြည်နယ်မြောက်ပိုင်းက မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းနဲ့ မင်းပြားမြို့နယ်တွေမှာ လာရောက်လည်ပတ်သူ ယခင်နှစ်တွေကထက် ပိုမိုများပြားခဲ့တယ်လို့ ဂေါပက လူကြီးတွေက ပြောကြပါတယ်။

ပြီးခဲ့တဲ့နှစ်တွေက ဘုရားဖူးလာရောက်သူ နည်းပါးပြီး အခုနှစ်မှာတော့ လပြည့်နေ့ တစ်ရက်တည်း မှာတင် မဟာမုနိဘုရားကို လာရောက်ဖူးမြော်သူဟာ သောင်းချီရှိခဲ့တယ်လို့ မဟာမုနိဘုရား ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးသာလှအောင်က ပြောပါတယ်။

စစ်ရေးနဲ့ ကိုဗစ်အခြေနေတွေကြောင့် ၂ နှစ်ကြာ ဘုရားဖူးလာရောက်သူ မရှိသလောက်နည်းပါးခဲ့တဲ့ မြောက်ဦးမြို့မှာဆိုရင်လည်း ဒီနှစ်မှာတော့ မီးပုံးပျံလွှတ်ပွဲ၊ ဆီမီးတစ်ထောင်ပွဲ စသဖြင့် ကျင်းပခဲ့ပြီး လည်ပတ်သူ များပြားတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေကဆိုရင် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ရှိနေခဲ့သလို စစ်ပွဲရပ်ဆိုင်းနေဆဲ ကာလမှာလည်း တပ်စွဲထားတာတွေ ရှိလို့ ရခိုင်ဒေသခံတွေဟာ တန်ခိုးကြီး ဘုရားတချို့ကို လည်ပတ်ဖူးမြော်ဖို့ အခက်အခဲရှိခဲ့ကြပါတယ်။

အခုနှစ်မှာတော့ ရခိုင်ပြည်နယ်မှာ ကိုဗစ်အခြေနေနဲ့ ပဋိပက္ခတွေ တည်ငြိမ်နေလို့ ရခိုင်က တန်ခိုးကြီး ဘုရားတွေကို သီတင်းကျွတ်လပြည့်နေ့မှာ လာရောက် ဖူးမြော်ကြတာဟာ သောင်းနဲ့ချီရှိနေပါတယ်။

ဘုရားဖူး လည်ပတ်ခဲ့တဲ့ ဒေါ်မဖြူက ဒီလို ဖူးမျှော်လည်ပတ်ခွင့်ရလို့ ဝမ်းသာပြီး နောက်နှစ်တွေမှာ လည်း တည်ငြိမ်အေးချမ်းနေစေချင်တယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ၂၀၁၈ ခုနှစ် နိုဝင်ဘာလကနေ ဖြစ်ပွားခဲ့ပြီး ၂၀၂၀ အောက်တိုဘာလမှာ နှစ်ဘက်တိုက်ပွဲတွေ ရပ်စဲခဲ့တဲ့အထိ ရခိုင်ဒေသခံတွေ အနေနဲ့ ဘုရားဖူးလည်ပတ်မှုတွေ မရှိသလောက် နည်းပါးခဲ့ပါတယ်။

၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းလောက်က ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် အသွားအလာ ကန့်သတ်ထားတဲ့ အတွက် ပွဲတော်တွေ မကျင်းပခဲ့ရပါဘူး။ ဒါပေမဲ့ ဒီနှစ်မှာတော့ ရခိုင်က ရှေးဟောင်းဘုရားပုထိုးတွေရှိတဲ့ မြောက်ဦးအပါအဝင် မြို့နယ်တချို့မှာ နေ့ပွဲရော၊ ညဖက်ပွဲတွေပါ လွတ်လွတ်လပ်လပ် ဆင်နွှဲနေကြတာတွေ့ရပါတယ်။

စည်ကားခဲ့တဲ့ထဲမှာ မြောက်ဦးမြို့နယ်က ဘုရားပုထိုးတွေ၊ ကျောက်တော်မြို့နယ်က မဟာမုနိဘုရား၊ ပုဏ္ဏားကျွန်းက ဦးရာဇ်တော်ဓာတ်၊ မင်းပြားမြို့နယ်က ကျိန်းတောင်စေတီတို့အပြင် AA ထိန်းချုပ်ရာဒေသများထဲက တစ်ခုဖြစ်တဲ့ ကျောက်တော်ဆည်တို့မှာလည်း စည်ကားခဲ့ပါတယ်။

 422 total views,  1 views today