အာရ်ကန်ရိုးမ ၊ စစ်တွေ

မြန်မာနိုင်ငံ အတွင်းမှာ ကုန်စျေးနှုန်းတွေ အဆင်မတန်စျေးမြင့်တက်နေပေမယ့် ဆန်စပါးစျေးတွေ စျေးကောင်းမရလို့ ယခုနှစ် စပါးပေါ်ချိန်မှာ တောင်သူလယ်သမားတွေ အရှုံးနဲ့ ရင်ဆိုင်ရမယ့် အနေအထား ရှိနေပါတယ်။

အခုလို ဖြစ်ရတာဟာ တောင်သူလယ်သမား အခွင့်အရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့က ထုတ်ပြန်တဲ့ ဆန်စပါးစျေးနှုန်း သတ်မှတ်ချက်ကြောင့် ဆိုရမှာပါ။ ထုတ်ပြန်ချက်မှာ အခြေခံ စပါးတင်း ၁၀၀ ကို ကျပ်ငွေငါးသိန်းလေးသောင်းနှုန်းအဖြစ် သတ်မှတ်လိုက်ကြောင်း ဖော်ပြပါရှိပါတယ်။ အဲဒီထုတ်ပြန်ချက်ကို အောက်တိုဘာ ၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ဘက်မှာတော့ လယ်ဧကပေါင်း ၁၂ သိန်းကျော်ရှိတဲ့ထဲ အခုနှစ်အတွင်း ၈ သိန်း ၅ သောင်းပဲ စိုက်ပျိုးနိုင်ခဲ့ပါတယ်။ စိုက်ပျိုးတောင်သူတွေကလည်း လက်ရှိပေါက်စျေးနဲ့ ဆိုရင် အရှုံးပေါ်နိုင်ပြီး ၆ သိန်းခွဲနဲ့ အထက်ရမှပဲ အဆင်ပြေမယ်လို့ ပြောဆိုနေကြပါတယ်။

ကျောက်ဖြူမြို့နယ်က လယ်သမားတစ်ဦးဖြစ်တဲ့ ဦးမောင်စောနုကတော့ ကုန်စျေးနှုန်းတွေ မြင့်တက်နေတဲ့ ကာလမှာ ဓာတ်မြေသြဇာတစ်အိတ်ကို ကျပ်ငွေရှစ်သောင်းဝန်းကျင်ပေးဝယ် နေရပြီး အလုပ်သမားကြေးကိုလည်း တိုးမြှင့်ပေးနေရလို့ အရှုံးပေါ်မယ့်အနေအထားနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။

အရင်နှစ်တွေကဆိုရင် စပါးတင်း ၁၀၀ ကို ကျပ်ငွေငါးသိန်းဝန်းကျင်သာ ရရှိခဲ့ပေမယ့် ဓာတ်မြေသြဇာ တစ်အိတ်ကို ကျပ်ငွေ သုံးသောင်းလောက်ပဲ ပေးဝယ်ခဲ့ရပြီး အလုပ်သမားခကိုလည်း သင့်တင့်တဲ့ ငွေနဲ့ ခေါ်ယူလို့ လယ်သမားတွေအတွက် တွက်ခြေကိုက်ခဲ့ပါတယ်။

လက်ရှိ သတ်မှတ်မှတ်စျေးနဲ့ဆိုရင် ကုန်ကျထားတဲ့ စရိတ်အတွက်တောင် မလောက်ငှနိုင်တဲ့အတွက် အနည်းဆုံး ၆ သိန်းခွဲနဲ့အထက် ရအောင် တတ်နိုင်သူတွေအနေနဲ့ ဆောင်ရွက်ပေးကြဖို့ အုပ်ကန်ကျေးရွာက လယ်သမား ဦးပန်းလှအောင်က တောင်းဆိုပါတယ်။

လက်ရှိ ပေါက်စျေးဟာ ယခုနှစ် မိုးရာသီနဲ့ လာမယ့်နှစ် နွေရာသီကထွက်ရှိတဲ့ စပါးအပေါ် သတ်မှတ်ထားတာ ဖြစ်ပြီး နစ်နာမှုရင် ဆက်သွယ်နိုင်တယ်လို့ စစ်ကောင်စီလက်အောက်ခံ တောင်သူလယ်သမား အခွင့်အရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမား သမဂ္ဂကအဖွဲ့ဝင် ဦးမျိုးမင်းအောင်ကတာ့ လယ်လုပ်ငန်းကို အားကိုးပြီး မိသားစု စားဝတ်နေရေးကို ဖြေရှင်းနေရတဲ့ တောင်သူလယ်သမားတွေ အဆင်ပြေစေဖို့ အပ်သလို တိုင်ပင်ဆွေးနွေးပြီး အစိုးရထံတင်ပြတောင်းဆိုသွားမယ်လို့ ဆိုပါတယ်။

 306 total views,  1 views today