ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူမြို့နယ်ရဲ့ မြစ်ကမ်းဘေးတစ်လျှောက်မှာ ငါးရှာပြီး ရေလုပ်ငန်းနဲ့ တပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်းပြုသူတွေ အများကြီး ရှိပါတယ်။ ဒီလုပ်ငန်းတွေဟာ တစ်ဦးတစ်ယောက်တည်း လုပ်ကိုင်လို့ရတာ မဟုတ်တဲ့အပြင် ယောက်ျားနဲ့ မိန်းမ အလုပ်တာဝန်တွေ ကိုယ်စီခွဲပြီး လုပ်ကိုင်ရကြရတာ ဖြစ်ပါတယ်။

မနက်ပိုင်းဆိုရင် ခင်ပွန်းဖြစ်သူတွေက ငါးရှာထွက်ကြပါတယ်။ ဒီလိုငါးရှာထွက်ပြီး ရလာတဲ့ ငါးတွေကို အမျိုးသမီးတွေက ငါးအရွယ်အစားအမျိုးစားအလိုက်ရွေးထုတ်ပြီး အခြောက်လှမ်းတဲ့အလုပ်ကို လုပ်ကိုင်ကြရပါတယ်။

“ပုဇွန်စူးထိုးတယ်။ ဂဏန်းလေးတွေထိုးတယ်။ အဲလို အထိုးခံရတော့ ကိုက်ခဲတာပေါ့။ နေမကောင်းဖြစ်တဲ့အခါရှိတယ်။ ငါးရွေးထုတ်ရတယ်။ ပုဇွန်ပြုတ်တယ်။ ပုဇွန်လှမ်းတယ်။ ရေခပ်ရတယ်။ ထမင်းချက်ရတယ်။ အဲဒါတွေ လုပ်ရတယ်။”လို့ ငါးလုပ်ငန်းကိုင်သူ ဒေါ်လှလှသိန်းက ပြောပြပါတယ်။

အသက်သုံးဆယ်ကျော်အရွယ် ဒေါ်မိုးဝင်းကတော့ ကျောက်ဖြူမြို့နယ် စက်တောကျေးရွာကပါ။ ယောက်ျားဖြစ်သူနဲ့အတူ ဒီရေလုပ်ငန်းကို လုပ်ကိုင်လာတာ၊ ဆယ်နှစ်ကျော် ရှိနေပါပြီ။ ဒါပေမဲ့ ရေလုပ်ငန်းကို စတင်လုပ်ကိုင်ချိန်တုန်းကတော့ ငွေကြေးရင်းနှီးဖို့ အခက်အခဲတချို့နဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ပြောပါတယ်။

“ငါးလုပ်ငန်းလုပ်တာ ၁၀၊ ၉ နှစ်လောက်ရှိပြီ။ ကိုယ့်မှာမရှိတော့ သူများဆီက ချေးပြီးလုပ်ရတယ်။ မောင်မှာရှိရင် မောင်ဆီက ချေးတယ်။ မတ်မှာရှိရင် မတ်ဆီက ချေးတယ်။ အဲဒါကို အရင်းအနှီးလုပ်တယ်။ အဲဒီလို လုပ်လာတယ်။ လုပ်လာရင် နောက်ပိုင်း ကိုယ့်ဟာဖြစ်လာတာပေါ့။ ပုံမှန်ဝင်ငွေ မရှိဘူး။ ဒီတစ်ကြိမ်မှာ တစ်ပိဿာ ရချင်ရလိုက်တယ်။ ငါးဆယ်ကျပ်ဿား ရချင်ရလိုက်တယ်။ အချိန်ကလည်း ပုံမှန်မရှိဘူး။”

သူတို့တွေဟာ ဒီနေရာမှာ အခြေချနေထိုင်ကြတာတော့ မဟုတ်ပါဘူး။ တစ်လနှစ်ကြိမ်။ ဒီရေအတက်အကျပေါ် မူတည်ကာ ဒီရေတက်ချိန်မှာဆို ဒီနေရာမှာ ငါးလာဖမ်းကြပြီး ဒီရေကျချိန်မှာတော့ အိမ်ပြန်ကြလေ့ရှိပါတယ်။

“တကြိမ်မှာ တစ်သိန်းကျော်၊ တစ်သိန်းလောက်ရတယ်။ မိုးရာသီမှာတော့ ပုံမှန်တွက်လို့ မရဘူး။ မိုးရာသီဆိုရင် နှစ်သိန်းရလည်း ရတယ်။ သုံးသိန်းရလည်း ရတယ်။”လို့ အမျိုးသားနဲ့အတူ လာရောက်လုပ်ကိုင်နေတဲ့ ဒေါ်လှသိန်းချေက ပြောပါတယ်။

ဒါ့အပြင် သူတို့ရဲ့ ဝင်ငွေကလည်း ဒီရေအတက်အကျပေါ် မူတည်တာကြောင့် ပုံမှန်တော့ မရှိပါဘူး။ ဝင်ငွေ ကောင်းတဲ့ အချိန်တွေရှိသလို ဝင်ငွေမကောင်းတဲ့ အချိန်တွေလည်း ရှိပါတယ်။ မြစ်တွေ၊ ချောင်းတွေထဲက ရှာဖွေရရှိလာတဲ့ ငါးတွေထဲက တချို့ကို ကိုယ်တိုင်ချက်ပြုတ်စားသောက်ပြီး တချို့ကို အခြောက်လှမ်းကာ ဖောက်သည်တွေကို ရောင်းချကြပါတယ်။

“ဒီကရတဲ့ ငါးပုဇွန်တွေကို အိမ်ရောက်ရင် ချက်စားတယ်။ အများရရင် ရောင်းတယ်။ ပုဇွန်တွေကိုကျတော့ ဝယ်မဲ့လူရှိတယ်။ လာဝယ်ကြတယ်။ ကုန်သည်တွေကိုရောင်းတယ်။ ဒီရာသီက ပိုဆိုးတယ်။ ဆောင်းတွင်းကျရင် ငါးရှာမရဘူး။ မလုံလောက်ဘူး။ မိုးရာသီဆိုရင်တော့ ကိုယ့်သား၊ သမီးတွေနဲ့ လုံလောက်တယ်။”လို့ ဒေါ်မိုးဝင်းကပြောပါတယ်။

ဒီလုပ်ငန်းတွေဟာ နွေရာသီတစ်ခုတည်းကိုသာ အားထားလုပ်ကိုင်ကြရတာဖြစ်ပြီး မိုးရာသီနဲ့ အခုလို ဆောင်းရာသီတွေမှာ ဆိုရင် အလုပ်ပါးတာကြောင့် မိသားစုဝမ်းရေး ပိုင်ပိုင်နိုင်နိုင် ဖြေရှင်းဖို့က လွယ်တော့ မလွယ်ကူလှပါဘူး။

“မလောက်ဘူး။ ဒီတကြိမ်ဆိုလို့ရှိရင် နှစ်သောင်းပဲရတယ်။ ပုဇွန်တစ်ပိဿကို နှစ်သောင်းတောင်မရဘူး။ တစ်သောင်းနဲ့ ကိုးထောင်ပဲရတယ်။ ဟိုဟာဒီဟာရောင်းရင် နှစ်သောင်း၊ သုံးသောင်းလောက်ပဲရတယ်။ ဆိုတော့ သားသမီးနဲ့ မလုံလောက်ဘူး။ သား၊ သမီးကျောင်းတက်နေတော့ ထားပစ်ခဲ့ရတယ်။ အိမ်နားဝန်းကျင်ကလူနဲ့။ အမိနဲ့ အဖက ဒီကိုလာလုပ်ရတယ်။ အဲဒီလို ဒုက္ခခံရတယ်။”

မိသားစုစားဝတ်နေရေးအဆင်မပြေ ဝင်ငွေရရှိမှုနည်းတဲ့အခါ တခြားသူတွေဆီမှာ နေ့စားလုပ်ပြီး မိသားစုဝမ်းရေး ဖြေရှင်းနေရတဲ့ အမျိုးသမီးတွေလည်း ရှိသလို သား၊ သမီးတွေကို ပညာကောင်းကောင်း သင်နိုင်ဖို့အတွက်က သူတို့အတွက် ကြီးမားတဲ့ အခက်အခဲတစ်ခုပါ။

“အလုပ်မလုပ်ရရင် မိသားစုစားဝတ်နေရေးအတွက် ဘယ်လိုလုပ်လဲဆိုတော့ ဒီဦးလေးငှားရင် ဒီဦးလေးဆီကို အငှားလိုက်တယ်။ တစ်နေ့ကို ငါးထောင်ဆိုငါးထောင်၊ နှစ်ထောင်ဆိုနှစ်ထောင်။ လင်မယားနှစ်ယောက် အဲလို ရုန်းကန်စားရတယ်။ သား၊ သမီးကတစ်ယောက်ရှိတယ်။ ကိုယ့်မှာ အမေမရှိတော့ပေမယ့် ကျန်တဲ့ ညီအစ်ကို မောင်နှမတွေကို ရှာကျွေးရတယ်။ လုပ်ပေးရတယ်။ အကြွေးကရှိတယ်။ ခုလည်း ရွာမှာလည်းရှိတယ်။ စက်မောင်းမယ့် ဓာတ်ဆီကိုတောင် အကြွေးဝယ်မောင်းရတယ်။ အခုတခေါက်မှာ တစ်ပိဿပဲရတာ။ ဆိုတော့ တစ်ပိဿနဲ့ အကြွေးမကျေဘူး။ ရတဲ့အခါဆပ်လိုက်၊ မရတဲ့အခါမဆက်လိုက်ရ။ အဲလို ရုန်းကန်စားနေရတာ။”

ဗုဒ္ဓဘာသာဝင်တွေရဲ့ ထုံးတမ်းအရ သူတစ်ပါးအသက်ကိုသတ်ပြီး ဝမ်းစာရှာတာဟာ အကုသိုလ်ဖြစ်တယ်ဆိုပြီး သတ်မှတ်ထားကြပေမယ့် မိသားစုဝမ်းရေးအတွက် မဖြစ်မနေလုပ်ကိုင်နေကြရတာကြောင့် ရလာတဲ့ဝင်ငွေထဲက တချို့ကို အလှူအတန်းတွေမှာ ပြန်လည်အသုံးကြတယ်လို့ အသက် ၅၀ ကျော်အရွယ် အမျိုးသမီး ဒေါ်ခင်လှရီ က ပြောပါတယ်။

“ငရဲကျရင်လည်း လုပ်စားရတာပဲ။ လုပ်မစားရင် သား၊ သမီးကို စာသင်ဖို့၊ ကိုယ့်ကိုယ်လည်း သုံးစားဖို့ လူမှုရေးလည်း သွားဖို့။ ဒါမလုပ်ရင် မစားရဘူး။ ဘယ်ကရလို့ စားရမှာလည်း။”

ဒီမြစ်ကမ်းကို မှီခိုပြီး ရှာဖွေစားသောက်နေကြတဲ့ အမျိုးသမီးတွေကတော့ မိသားစုဝမ်းရေးနဲ့ သား၊ သမီး ပညာရေးအတွက် မြစ်ကမ်းနံဘေးမှာပဲ ဘဝကို ရေဆန်တက်ရင်း ဖြတ်သန်းနေကြရဦးမှာလည်း ဖြစ်ပါတယ်။

သတင်းဆောင်းပါးဓာတ်ပုံများ – အာရ်ကန်ရိုးမသတင်းအဖွဲ့

 484 total views,  1 views today