ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း


အဖက်ဖက်ကနိမ့်ကျနေတဲ့ မိမိတို့မျိုးနွယ်စုကို ပြန်လည်ကယ်တင်နိုင်ဖို့အတွက် မူရင်းနာမည်နဲ့ ကိုယ်ပိုင်စာပေ၊ ယဉ်ကျေးမှု ထွန်းကားလာရေး ဒိုင်းနက် (ခ) သက္ကမလူမျိုးတွေက ကြိုးပမ်းလာနေကြပါတယ်။


ဒိုင်းနက် (ခ) သက္ကမလူမျိုးတွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေမှာ နေထိုင်ကြပြီး ရခိုင်မျိုးနွယ်စု (၇) မျိုးထဲမှာ ပါဝင်တဲ့ မျိုးနွယ်စုငယ်တစ်ခုလည်း ဖြစ်ပါတယ်။


မြန်မာတစ်နိုင်ငံလုံးမှာမှ လူဦးရေအားဖြင့် လေးသောင်းကျော်လောက်ရှိပြီး တောတောင်နဲ့ လယ်ယာ လုပ်ငန်းတွေကို မှီခိုလုပ်ကိုင် စားသောက်နေတဲ့ လူမျိုးစုတစ်ခုဖြစ်တဲ့အလျောက် နိုင်ငံရေး၊ ပညာရေး၊ ဖွံ့ဖြိုးရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍအသီးသီးမှာ နိမ့်ကျနေတဲ့ လူမျိုးစုလည်း ဖြစ်ပါတယ်။


ပါဠိဘာသာစကားစကားကိုပြောဆိုကြပြီး အစဉ်အလာအရ ဗုဒ္ဓဘာသာကိုးကွယ်ကြတဲ့ သူတို့ဟာ ကိုယ့်လူမျိုးအချင်းချင်း သက္ကမလို့ ခေါ်ဆိုကြပေမယ့် တခြားတိုင်းရင်းသားတွေကတော့ ဒိုင်းနက်လို့ သိရှိကြပါတယ်။ မူရင်းအမည်ကတော့ သက္ကမဖြစ်ပြီး လက်ရှိမှာတော့ မူရင်းအမည်ပျောက်နေတယ်လို့ ဦးစောမောင်ကြီးက ပြောပါတယ်။


“ကျနော်တို့အချင်းချင်း သက္ကမလို့ခေါ်တယ်။ ဒိုင်းနက်ခေါ် သက္ကမ။ ကိုယ်တို့ကလည်း သက္ကမလို့ခေါ်ကြတယ်။ ပြောကြတယ်။ ကျနော်တို့ ဘယ်အချိန်၊ ဘယ်ကာလကတည်းက သက္ကမကနေ ဒိုင်းနက်ဖြစ်သွားလည်း ဆိုတာကိုတော့ ရာစုနှစ်ကိုတော့ ကျနော်တို့ မသိဘူး။”


ဦးစောမောင်ကြီးဟာ ပုဏ္ဏားကျွန်းမြို့နယ် ရှင်တော်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးပါ။ ဒီကျေးရွာမှာ အိမ်ခြေ ၂၇၀ ကျော်နဲ့ လူဦးရေ ၁၄၀၀ ကျော်ရှိပါတယ်။ ဒီကျေးရွာဟာ ရခိုင်လူမျိုးတွေအများစုနေထိုင်တဲ့ ယိုးတရုတ်ကျေးရွာနဲ့ ကပ်လျက်ဖြစ်ပြီး စစ်တွေဖက်က ဧည့်သည်တွေ မိုးရာသီမှာ အပမ်းဖြေဖို့ လာရောက်လေ့ရှိတဲ့ ယိုးတရုတ်မြောင်နဲ့အနီးကပ်ဆုံးရွာလည်း ဖြစ်ပါတယ်။


သမိုင်းအထောက်အထားတွေအရပြောရမယ်ဆိုရင် ရခိုင်ဘုရင်မင်းထီးလက်ထက် အရှေ့သက်လို့ခေါ်တဲ့ သက္ကမတို့ရဲ့ မစ္စဂီရိဒေသကို သိမ်းယူပြီးတဲ့နောက် သက္ကမလူမျိုးတွေကို အမ်း၊ ဒါးလက်ဘက်မှာ နယ်စားပေးပြီး အနက်ရောင်ဒိုင်းကို အခွန်ပေးဆောင်စေခဲ့ရာက ဒိုင်းနက်လို့ခေါ်ကြသလို နောက်တမျိုး ဒိုင်းလက်နက်ကို ကျွမ်းကျင်တဲ့သူတွေဖြစ်တဲ့အတွက် ဒိုင်းနက်လို့ ခေါ်ဝေါ်သုံးစွဲခဲ့တာကစပြီး ဒိုင်းနက်လို့ အမည်တွင်လာခဲ့တာပါ။


စစ်တွေခရိုင် သက္ကမစာပေနဲ့ ယဉ်ကျေးမှုကော်မတီခေါင်းဆောင် ဦးကျန်သိန်းမောင်က နိုင်ငံတကာမှာရှိတဲ့ သူတို့လူမျိုးတွေနဲ့ ချိတ်ဆက်မှုရရှိနိုင်ဖို့ ကိုယ်ပိုင်အမည် သက္ကမလူမျိုးလို့ ခေါ်ဆိုသတ်မှတ်ဖို့လိုအပ်ပြီး ကိုယ်ပိုင်စာပေနဲ့ ယဉ်ကျေးမှု တတ်စွမ်းသလောက် ဖော်ထုတ်သွားမယ်လို့ ပြောပါတယ်။


“ဒိုင်းနက်၊ သက္ကမလို့ခေါ်တယ်။ အရင်ကဆိုရင် စက္ကမနာမေဆိုပြီးရှိတယ်။ အဲဒီမူရင်းနာမေ ပပျောက်သွားလို့ အခု မူရင်းနာမေရရှိအောင် ကိုယ့်မျိုးရိုးသက္ကမနဲ့ နိုင်ငံတကာမှာရှိတဲ့ သက္ကမလူမျိုးနဲ့ ချိတ်ဆက်မှု ရနိုင်အောင်ဆိုပြီးတော့ စာပေယဉ်ကျေးမှုတွေ ဖော်ထုတ်တယ်။ ရိုးစာစာပေရှိတယ်။ ယဉ်ကျေးမှုရှိတယ်။ အဲဒီကဏ္ဍတွေမှာ ငါတို့လူမျိုးဟာ အဖက်ဖက်ကနိမ့်ကျနေတယ်။ တိုင်းရင်းသားလူမျိုးငယ်စုလည်း ဖြစ်တယ်။ ဆင်းရဲတာမှာလည်း ပထမ။ ဆင်းရဲနွမ်းပါးလို့ ပညာအရည်ချင်းလည်း မရှိတော့ဘူး။ ပညာတတ်လည်း မရှိဘူး။ အဲဒါကြောင့် အဖက်ဖက်က နိမ့်ကျနေတာတွေကို ပြန်လည်ထူထောင်လာနိုင်အောင် ငါတို့စာပေနဲ့ ယဉ်ကျေးမှု အဖွဲ့တွေက စည်းရုံးပြီး နောင်လာတဲ့ သားတော်မြေးတော်တွေ နိုင်ငံတကာမှာရှိတဲ့ ကိုယ်တို့သက္ကမလူမျိုးတွေနဲ့ ချိတ်ဆက်မှုရနိုင်အောင်၊ တခြားလူမျိုးတွေနဲ့ တန်းတူသွားနိုင်အောင် ရည်ရွယ်ပြီးတော့ သက္ကမ စာပေယဉ်ကျေးမှုအဖွဲ့က ဖော်ထုတ်နေတာ။”


သက္ကမလူမျိုးတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ရမ်ဂါမတီ စစ်တကောင်းတောင်တန်းဒေသ၊ အိန္ဒိယနိုင်ငံထဲက သြရာနတျာပရာဒေ့ရှ်၊ တြိပူရနဲ့ မီဇူရမ် ဒေသတွေမှာလဲ နေထိုင်ကြပြီး မြန်မာနိုင်ငံက သက္ကမတွေနဲ့ ကူးလူးဆက်ဆံမှု ရှိသလို ပြောဆိုတဲ့ဘာသာ စကားအသံ အနည်းငယ် ကွဲလွဲပေမယ့် အတူတူပဲ ဖြစ်တယ်လို့ ဆိုကြပါတယ်။


နိုင်ငံတော်ကလည်း သက္ကမအမည်နဲ့ ယဉ်ကျေးမှုနဲ့ စာပေကော်မတီတွေဖွဲ့စည်းတာကို အသိအမှတ်ပြုထားပြီး ဖြစ်သလို တိုင်းရင်းစာပေသင်ဖို့ ပညာရေးဝန်ထမ်းခန့်အားပေးထားပြီး ဖြစ်ပေမယ့် ကိုယ်ပိုင်စာပေပြဌာန်း ရန်ပုံငွေလိုအပ်နေသေးတယ်လို့ အစိုးရဆီကို အကူညီတောင်းခံကြပါတယ်။


ဦးကျန်သိန်းမောင်က “လောလောဆယ် အစိုးရဆီက ရန်ပုံငွေနည်းနည်းပါးပါးရနိုင်ရင် ပိုကောင်းတယ်။ စာပေထမြောက်နိုင်ရေးအတွက် ရန်ပုံငွေမရှိဖြစ်နေတယ်။ စိတ်ကရှိတယ်။ ကိုယ်မပါဘူး။ Grade 1, Grade 2, Grade 3 ထိသင်နိုင်အောင်၊ နောင်လာမယ့် သားတော်၊ မြေးတော်တွေ စဉ်ဆက်မပြတ်ကြိုးပမ်းအားထုတ် နိုင်အောင် ရန်ပုံငွေက အဓိကလိုပါတယ်။”လို့ ပြောပါတယ်။


ရိုးရာဝတ်စားဆင်ယင်မှုအပိုင်းမှာတော့ အမျိုးသားတွေက အဖြူရောင်ကိုပဲ ဝတ်ဆင်ကြပြီး ခေါင်းပေါင်းအဖြူကို ဘယ်ဘက်အစချ၊ အင်္ကျီအဖြူနဲ့ ပုဆိုးအဖြူကို ခါးတောင်းကြိုက်ပုံစံ ဝတ်ဆင်ခဲ့ကြပြီး အမျိုးသမီးတွေကတော့ ရင်ကပ်အင်္ကျီ၊ အပေါ်ရုံပုဝါနဲ့ ထဘီကို ဝတ်ဆင်ကြပါတယ်။ နောက်ပိုင်းမှာတော့ ဒီဝတ်စုံကို အခမ်းအနားတွေရှိတဲ့အခါမှပဲ ဝတ်ကြပြီး နောက်ပိုင်းမှာတော့ အဖြူသက်သက်အင်္ကျီပဲ မဟုတ်တော့ပဲ အမျိုးသမီးတွေရဲ့ အဆင်အသွေးနဲ့ လိုက်ဖက်အောင် ဆင်တူပန်းကွက်ဖော်ပြီး ဂျာကင်အင်္ကျီပုံစံမျိုးချုပ်လုပ် ဝတ်ဆင်လာကြတာလဲ ရှိပါတယ်။
သက္ကမအမျိုးသမီးတွေက ငွေသားကိုပဲ အဆင်တန်ဆာအဖြစ် သုံးစွဲကြပြီး ငွေဘယက်၊ ငွေခါးစည်းကြိုး၊ လက်ကောက်နဲ့ ခြေကျင်းတွေကို ဆင်ယင်လေ့ရှိပါတယ်။ ရွှေကိုတော့ ဘာသာရေးအရ အထွဋ်တမြတ် သုံးစွဲ ကြတာဖြစ်လို့ ကိုယ်ခန္ဓာမှာ အလှဆင်ပစ္စည်းအနေနဲ့ မသုံးကြဘူးလို့ ပြောကြပါတယ်။ ဒီခေတ်မှာတော့ ငွေသား အဆင်တန်ဆာတွေ မရနိုင်တော့သလို တန်ဖိုးလဲ မြင့်လာတာကြောင့် ဆင်ယင်နိုင်တာမရှိတော့ပါဘူး။ တချို့ ကတော့ ငွေသားဈေးနှုန်းမြင့်လာတဲ့အတွက် အဆင်တန်ဆာတွေကို ရောင်းချလိုက်ကြတာကြောင့် ပျောက်ကွယ်သလို ဖြစ်လာနေတယ်လို့ ဆိုပါတယ်။


သက္ကမတိုင်းရင်းသားတွေအနေနဲ့ ပညာရေးမှာနိမ့်ပါးပြီး ပညာတတ်မထွန်းကားတာ၊ ဒေသဖွံ့ဖြိုးရေးအားနည်းပြီး ဆင်းရဲမွဲတေတာတွေဟာ အမှန်မည်ပျောက်နေပြီး နိုင်ငံတကာမှာရှိတာ သက္ကမတွေနဲ့ ချိတ်ဆက်နိုင်မှု ပြတ်တောက်နေတာကြောင့်လို့ ယူဆပါတယ်။


အခုလို နိုင်ငံရေးမတည်မငြိမ်မှုများပြီး ကုန်ဈေးနှုန်းတွေတက်နေချိန်မှာ သူတို့ဟာလည်း တခြားသော အခြေခံလူတန်းစားတွေလိုပဲ စားဝတ်နေရေးအခက်အခဲဖြစ်နေကြပါတယ်။ ရှင်တော်ကျေးရွာခံ အသက်(၃၃)နှစ် အရွယ် ဒေါ်မသန်းဌေးဆိုရင် လယ်ယာလုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီး ကုန်ဈေးနှုန်းတွေတက်လို့ စိုက်ပျိုးလယ်မြေမှာ မြေသြဇာမထည့်နိုင်သေးပါဘူး။


“အလုပ်က လယ်လုပ်တယ်။ လယ်လုပ်ရတာကလည်း မြေဆီတစ်အိတ်ကို ၇ သောင်း။ နှစ်တိုင်းဝယ်နေတာက ၃ သောင်းကျ။ ဒီနှစ်မှာ ၇ သောင်း။ မြေဆီဘယ်လို ကြဲရမှာလဲ။ မြေဆီမကြဲရင် လယ်ပြင်ဘယ်လို ဖြစ်သွားမလဲ စဉ်းစားကြည့်။ တခြားအလုပ်မရှိဘူး။ ဖျံဦးတူး။ လယ်လုပ်။ မျှစ်ချိုး။ စားဝတ်နေရေးမှာ ကုန်ဈေးတက်လို့ ကြပ်တည်းတယ်။ ငါးပိမစုံဆားမစုံစားနေရတယ်။ တောင်တက်မှ ထမင်းစားရတယ်။ တောင်မတက်ရင် ထမင်းမစားရဘူး။ မျှစ်ချိုးလို့လည်း ယောက်ျားတစ်ယောက်စာ ၄၊ ၅ ထောင်ပဲရတယ်။ ဟိုဟာဖြစ်၊ ဒီဟာဖြစ်နဲ့ လူတွေမလာကြတော့ဘူး။ ရောင်းမထွက်ဘူး။ တထောင်ဖိုးကို ၃ သစ်၊ ၄ သစ်ပေးရတယ်။ တစ်သစ်ကို ၂ ရာကျ။ ဈေးမှာလည်း။ အဲဒါခွကျတာပေါ့”လို့ ဒေါ်မသန်းဌေးက ရင်ဖွင့်ပါတယ်။


အများစုဟာ ရာသီအလိုက် သီးနှံစိုက်ပျိုးလုပ်ကိုင်ကြတာရှိသလို မိုးဥတုမှာဆိုရင် တောင်ပေါ်တက်ပြီး မျှစ်ချိုးတာ၊ ဖျံဦးတူးတာ၊ ဟင်းခူ၊ ခရုတ်ခေါက်၊ ထင်းခုတ်စတာတွေကို လုပ်ကိုင်ကြပြီး ရရှိလာတဲ့ အသီးအရွက်တွေကို ဈေးမှာရောင်းချပြီး စားဝတ်နေရေး ဖြေရှင်းကြရပေမယ့် ဒီနှစ်မှာတော့ ကြပ်တည်းမှုဒဏ်ကို ပိုမိုခံစားနေကြရပါတယ်။


အခုကြုံနေရတဲ့ အခက်အခဲနဲ့ နိမ့်ပါးမှုတွေကနေ လွတ်မြောက်ဖို့ တစ်ခုတည်းသောနည်းလမ်းက သက္ကမဆိုတဲ့ မူရင်းအမည်ကို အားလုံးက သိရှိပြီး ခေါ်တွင်ကြဖို့နဲ့ ကိုယ်ပိုင်စာပေကို ထွန်းကားလာအောင်လုပ်ရင်း နိုင်ငံတကာမှာရှိနေတဲ့ သူတို့လူမျိုးတွေရဲ့ ချိတ်ဆက်မှုကိုရယူနိုင်ဖို့ကတော့ သက္ကမတို့ရဲ့ ကြီးမားသော မျှော်လင့်ချက်တစ်ခု ဖြစ်နေပါတယ်။

 556 total views,  1 views today