Arakan Yoma

ကိုဗစ်ရောဂါပိုးကူးစက်ခံထားရတဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တောင်မင်းကုလား စစ်ဘေးရှောင် ကယ်ဆယ်ရေးစခန်းက ကိုယ်ဝန်ဆောင်အမျိုးသမီး ကျန်းမာရေးကောင်းမွန်လျှက်ရှိတယ်လို့ ကျောက်တော် မြို့နယ် ဆရာဝန်ကြီး ဒေါက်တာသန်းထွန်းဦးက အတည်ပြုပါတယ်။


အဆိုပါစစ်ဘေးရှောင်စခန်းမှာ အနံ့ပျောက်နေတဲ့ ကိုယ်ဝန်လေးလရှိ အမျိုးသမီးတစ်ဦးကို စက်တင်ဘာလ ၂၁ ရက်နေ့က ကျန်းမာရေးဆေးစစ်ချက်ရရာယူမှာ ကိုဗစ်ပိုးကူးစက်ခံထားရကြောင်း သိရှိခဲ့ရတာ ဖြစ်ပါတယ်။


အဆိုပါအမျိုးသမီးကူးစက်ခံရပြီးနောက် စခန်းတွင်းက ဒုက္ခသည် ၂၀ လောက်မှာလည်း အနံ့ပျောက်နေ တာကြောင့် သံသယလူနာအဖြစ် အနီးကပ်စောင့်ရှောက်ပေးထားပြီး ၄ ရက်မြောက်နေ့အထိ ကောင်းမွန်တဲ့ ကျန်းမာရေးအခြေအနေရှိတယ်လို့ သိရပါတယ်။


တောင်မင်းကုလားစစ်ဘေးရှောင်စခန်းမှာ ကျောက်တော်မြို့နယ် ယိုးချောင်းအထက်ပိုင်းက ပညာဝ၊ ငစွေ၊ ပါချေစတဲ့ ကျေးရွာတွေက အိမ်ထောင်စု ၉၅ စုခိုလှုံလျက်ရှိပြီး အမျိုးသမီး ၂၇၂ ဦးနဲ့ အမျိုးသား ၂၅၉ ဦးရှိတယ်လို့ စခန်းခေါင်းဆောင် ကိုအောင်ကျော်ဝင်းက ပြောပါတယ်။


ဒီဒုက္ခသည် ၅၀၀ ကျော်ဟော ၂ နှစ်ကျော်ကြာမြင့်ခဲ့တဲ့ ပြီးခဲ့တဲ့ AA နဲ့ စစ်ကောင်စီ တိုက်ပွဲတွေအတွင်း နေရပ်စွန့်ခွာနေထိုင်ကြသူတွေပါ။ တချို့ကလည်း ရွာကိုခဏတဖြုတ်သွားကြည့်တာရှိသလို တချို့ကလည်း လုံးဝပြန်မသွားကြသေးပါဘူး။


လက်ရှိမှာတော့ ထောက်ပံ့မှုဟာ မရှိသလောက်နည်းပါးနေပြီး ICRC အဖွဲ့က လူတစ်ဦးကို ငွေကြေး ၁ သောင်းခွဲနှုန်း ထောက်ပံ့တဲ့ ငွေကြေးနဲ့ လောက်ငှမှုမရှိလို့ အပြင်ထွက်လုပ်ကိုင်ကြပေမယ့် ဒီကာလမှာ အလုပ်အကိုင်ရှားပါးတာကြောင့် စားဝတ်နေရေးလို့ ဆိုကြပါတယ်။


ရခိုင်ပြည်နယ်မှာ ကိုဗစ်ကူးစက်မှုလျော့ကျသွားပြီဆိုပေမယ့် ပြီးခဲ့တဲ့ အပတ်အတွင်းမှာပဲ သံတွဲနဲ့ ရသေ့တောင်က ကူးစက်ခံလူနာတချို့သေဆုံးတာ ရှိခဲ့ပါသေးတယ်။

 360 total views,  1 views today