ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ရခိုင်ပြည်နယ်မှာတော့ ကျောင်းတွေ ဖွင့်ပြီး ကျောင်းတွေ တက်ကြပါတယ်။ ပြည်နယ်ရဲ့ ပြင်ပ မြန်မာနိုင်ငံ မြို့နယ်အားလုံးလိုလိုမှာတော့ အခုလို မတွေ့ရပါဘူး။ စစ်ကျွန်ပညာရေးဆိုပြီး ကျောင်းမတက်ရေး သပိတ်ကို လှုပ်ရှားနေကြပါတယ်။ ရခိုင်မှာတော့ ရာနှုန်းပြည့်လုနီးပါးကို အခု စာသင်နှစ်မှာ တက်ရောက်လျက်ရှိနေပါတယ်။


တပ်မတော်က အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ခုလုံးမှာ သပိတ်လှုပ်ရှားမှုတွေ ဆက်တိုက်ရှိနေပေမယ့် ရခိုင်မှာ အခု ပညာရေးကိစ္စတစ်ခုတည်းမကဘဲ အခြားသော ရုံးမတက်နဲ့ ရုန်းထွက် လှုပ်ရှားမှုတွေကိုပါ လိုက်ပါ ခြင်း မရှိတာပါ။

ပြည်နယ်ပညာရေးမှူးရုံးရဲ့ စာရင်းဇယားတွေအရ ဆိုရင် ဇွန်လ ၃ ရက်နေ့အထိ ကျောင်းသားဦးရေ ၃ သိန်း ၇ သောင်းကျော်အထိ ကျောင်းတက်နေကြပြီး ရာခိုင်နှုန်းနဲ့ဆိုရင် ၉၆ ရာခိုင်နှုန်းကျော်ရှိတယ်လို့ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းထွန်းသိန်းက ပြောပါတယ်။

“ကျောင်းတက်ရောက်သူဦးရေက ထက်၊ လယ်၊ မူစုစုပေါင်း ၃၇၇၄၅၄ ဦးဖြစ်ပါတယ်။ ကျောင်းအပ်နှံသူက တော့ ၃၈၂၇၀၅ ဦးဖြစ်တဲ့ အတွက်ကြောင့် ကျောင်းတက်ရောက်မှု ရာနှုန်းကတော့ ၉၆ ဒသမ ၉၁ ရာနှုန်းရှိပါတယ်။”


ကျန်တဲ့ ၃ ရာခိုင်နှုန်းကျော်ဟာ သပိတ်ထဲပါဝင်လား မပါဝင်လားကို ပညာရေးဖက်ကလည်း အတည်မပြုနိုင်ပါဘူး။
ဒီအတွက်ကြောင့်လည်း ဝေဖန်ခံနေရမှုတွေ ရှိလာပါတယ်။ ပြည်နယ်၊ တိုင်း ၁၄ ခုနဲ့ ကွဲထွက်ပြီး ရာနှုန်းပြည့် ကျောင်းတက်နေကြတဲ့ ရခိုင်အပေါ် မေးခွန်းများစွာ ဖြစ်လာစေတာပါ။


ဝေဖန်ခံနေရမှုတွေနဲ့ ပတ်သက်ပြီး ဒေါက်တာထွန်းထွန်းသိန်းက “ကျောင်းဖွင့်တဲ့အတွက်ကြောင့် ကျောင်းတက်ရခြင်း အပေါ်မှာ ရခိုင်က ကလေးတွေပဲဖြစ်ဖြစ်၊ ဘယ်က ကလေးတွေပဲဖြစ်ဖြစ် စာပေသင်ကြားမှုသည် နောင်အနာဂတ်မျိုးဆက်သစ်များ အတွက် ရည်မှန်းချက်ရဲ့ တိုးတက်မှုသာဖြစ်တဲ့ အတွက်ကြောင့် စာသင်ကြားမှုဟာ ကောင်းမွန်သောအရာ ဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။” လို့ ပြောပါတယ်။


တကယ်တော့ ၂၀၁၆၊ ၂၀၁၇ ကာလက ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်တို့မှာ ဖြစ်ခဲ့တဲ့ အာဆာ တိုက်ခိုက်မှုတွေ၊ ၂၀၁၈ ကုန်မှာစခဲ့တဲ့ တပ်မတော်နဲ့ အေအေတို့ရဲ့လက်နက်ကိုင် ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲ ရွာတွေမီးရှို့ခံရတာ၊ နယ်ရပ်စွန့်ခွာထွက်ပြေးရတဲ့ ဖြစ်ရပ်ပေါင်းများစွာ ရှိနေခဲ့ပြီး ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေခဲ့ကြရတာ၊ ကျောင်းသားတွေအနေနဲ့ ပညာရေးသင်ခွင့်ဆုံးရှုံးသွားပြီး ကျောင်းပြင်ပ ရောက်သွားတာတွေ များစွာရှိခဲ့ပါတယ်။


နောက်တစ်ခါ ဒီဒုက္ခတွေ မကြေလည်သေးခင်မှာပဲ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ် – ၁၉ ဝင်လာခဲ့ပြန်ပြီး ကျောင်းတွေ တစ်နှစ်ပိတ်ခဲ့ရတာတွေကြောင့်လည်း ထပ်မံနစ်နာခဲ့ကြရပါသေးတယ်။
အဲဒီလိုနယ်မြေဒေသ မတည်ငြိမ်မှုတွေကြောင့် ရခိုင်ပြည်နယ်မှာ ကျောင်းပေါင်း ၃၃၀၉ ကျောင်းရှိတဲ့အနက် လက်ရှိအချိန်ထိ ကျောင်းပေါင်း ၁၂၈ ကျောင်းကို ပိတ်ထားရဆဲဖြစ်တယ်လို့ ပြည်နယ်ပညာရေးဆိုင်ရာ စာရင်းဇယားတွေက ပြသနေပါတယ်။


ရခိုင်အရေးဆောင်းပါးရှင် ကိုကျော်လင်းကတော့ ရခိုင်ပြည်နယ်ဟာ တခြားဒေသတွေနဲ့ မတူတာကြောင့် အခြေခံပညာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ချိန်မှာ ကျောင်းတက်ကြတာဟာ စစ်အာဏာရှင်ကို အားပေးရာ မရောက်ဘူးလို့ ပြောပါတယ်။“အခြေခံပညာကို သင်တာဟာ ပြည်မက လူတွေက စစ်ကောင်စီဖွင့်ထားတဲ့ ကျောင်းကို တက်တယ်လို့ ယူဆကြ တယ်။ ကိုယ်ကတော့ စစ်ကောင်စီကျောင်းကို သွားတက်တာ မဟုတ်ဘူး။ စာသင်ကျောင်းကို တက်တာသာ ဖြစ်တယ်။ ‘ဒါက ငါတို့ ဒုက္ခရောက်တုန်းက ကျောင်းမတက်ရတုန်း၊ မင်းတို့တွေ တက်နေခဲ့ကြတယ်’ ဆိုပြီးတော့ ပြန်လက်စားချေခြင်းအနေနဲ့ တက်နေတာ မဟုတ်ဘူး။ အခြေခံစာလေး ဖတ်တတ်မယ့်ဟာကို အရေးတကြီး လိုအပ်ချက်အဖြစ်ပဲ သွားတက်ကြတာလို့ပဲ မြင်တယ်။”


တစ်ဖက်မှာလည်း ရခိုင်လူထုထောက်ခံမှုအများဆုံးရရှိထားတဲ့ ရခိုင့်တပ်တော် အေအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကလည်း ရခိုင်ပြည်နယ်မှာ CDM ကို လုပ်စရာမလိုကြောင်း အတိအလင်း ထုတ်ဖော်ပြောကြားထားပြီးသားလည်း ဖြစ်နေပါတယ်။ ပညာရေးစာရင်းဇယားတွေအရ တော့ CDM လုပ်တဲ့ ဆရာ၊ ဆရာမ ၆ ဦးသာရှိတယ်လို့သိရပြီး သူတို့ဟာလည်း အေအေသြဇာသက်ရောက်မှု နည်းတဲ့ တောင်ကုတ်နဲ့ ဂွမြို့နယ်တွေက ဖြစ်ပါတယ်။


ကိုအောင်ကြည်မိုးဆိုရင် ရခိုင်ပြည်နယ်အတွင်းက တချို့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး စာရေးသားနေသူ တစ်ဦးပါ။ ကျောင်းသား မိဘတစ်ဦးလည်း ဖြစ်ပါတယ်။ သူကတော့ ရခိုင်မှာ ကျောင်းတက်ကြတဲ့အပေါ်မှာ အကောင်းမြင်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။
“နှစ်ဖက်တိုက်ပွဲကြောင့်၊ ကိုဗစ်ကြောင့် စာသင်ခန်းမရောက်ဘဲ မိဘတွေက စစ်ဘေးရှောင်စခန်းတွေကို သွားရတဲ့အခါ သူတို့ပါလိုက်သွားရတယ်။ ဆိုတော့ ကျောင်းသားလေးတွေဟာ ကျောင်းထွက်လိုက်ရတာတွေ၊ စာမေးပွဲ မဖြေလိုက်ရတာတွေ ရှိတယ်။ ဒီလို ရခိုင်က ကျောင်းသားလေးတွေ နစ်နာမှုတွေအများကြီး ရှိဖူးတယ်။ အခု ရခိုင်မှာ ကိုဗစ်လည်း ကူးစက်မှုမရှိသေးဘူး။ ရှိတာကလည်း ဘင်္ဂလားက လာတဲ့လူတွေပဲ ဖြစ်တယ်။ တိုက်ပွဲကြောင့် ခံစားခဲ့ရတဲ့ကလေးတွေ ကျောင်းပြန်တက်နေရတဲ့အချိန်မှာ ပြည်မကလူတွေကလည်း ဝမ်းပမ်းတသာကြိုဆိုပေးရမယ်။ အားပေးရမယ့်အချိန်မှာ ရခိုင်ကကျောင်းသားလေးတွေကို အပြစ်မြင်နေတာက မဖြစ်သင့်တဲ့ ကိစ္စပဲ။”


နောက်ဆုံးရသတင်းတွေအရ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကိုဗစ်လူနာ ၁၆ ဦးအနက် ၃ ဦးက ပြန်လည် နေကောင်းသွားပြီးဖြစ်ပြီး ၁၃ ဦးသာ ကျန်ပါတော့တယ်။ စစ်တွေမြို့ပေါ်က ကျောင်းတချို့မှာ ကိုဗစ်ကာကွယ်ရေး အခြေခံလုပ်ဆောင်ချက်တွေဖြစ်တဲ့ မက်စ်နဲ့ ဖေ့စ်ရှီးတို့လို အကာကွယ်တွေ သုံးထားကြတာ မတွေ့ရပါဘူး။


ဒါပေမယ့် ပညာရေးနဲ့ ကျန်းမာရေးဌာနနှစ်ခုပူးပေါင်းပြီး စာသင်ကျောင်းတွေမှာ ကိုဗစ်ကာကွယ်ရေးစည်းမျဉ်း၊ စည်းကမ်းတွေ ထုတ်ပြန်ထားတယ်လို့ ပြောပါတယ်။
ဒေါက်တာ ထွန်းထွန်းသိန်းကတော့ “ပညာရေးနဲ့ ကျန်းမာရေးဌာနနှစ်ခုပူးပေါင်းပြီးတော့ Version 2.0 ဆိုတဲ့ ၆ ပေခြားနေရမယ်။ ၄ ပေခြားစာသင်ရမယ်။ မက်စ်တပ်ရမယ်။ လက်ရေဆေးရမယ်။ ဖေ့စ်ရှီးတွေတပ်ရမယ်ဆိုတဲ့ ဟာတွေရှိပါတယ်။”လို့ ပြောပါတယ်။


ရခိုင်ပြည်နယ်အတွင်းမှာ စစ်ရေးတွေကြောင့် နေရပ်မပြန်နိုင်တဲ့ ကျောင်းသားတွေလည်း ဒုက္ခသည် စခန်းတွေမှာ ရှိနေကြပြီး သူတို့ကိုတော့ နီးစပ်ရာကျောင်းတွေမှာ ပညာသင်ဖို့ ညွှန်ကြားထားတာတွေ ရှိတယ်လို့လည်း ပညာရေးဌာနက ပြောထားပါတယ်။

 566 total views,  1 views today