အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ရိုဟင်ဂျာများအပေါ် သဘောထားမူဝါဒမှာ အလွန်ပင်စဉ်းစားစရာ ဖြစ်နေပြီး တည်ငြိမ်စပြုနေသော ပြဿနာကို ပိုမိုရှုပ်ထွေးအောင်လုပ်နေသည်ဟု ရှုမြင်ကြောင်း ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) က ထုတ်ပြန်သည်။


သို့ဖြစ်၍ ထိလွယ် ရှလွယ်ဖြစ်သော ယင်းပြဿနာ၏ ဇစ်မြစ်ကို သေချာလေ့လာလုပ်ဆောင်မှ ပြေလည်နိုင်မည် ဖြစ်ပြီး ရခိုင်တို့၏ သဘောထားဆန္ဒမပါဘဲ ဆုံးဖြတ်လုပ်ဆောင်သည့် မည်သည့်ပါတီနှင့် အစိုးရ၏ လုပ်ရပ်ကိုမျှ လက်ခံလိမ့်မည် မဟုတ်ဟု ဇွန်လ ၆ ရက်နေ့က ထုတ်ပြန်ချက်တွင် ဆိုထားသည်။


ဇွန်လ ၃ ရက်နေ့က NUG ၏ ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်မှ မွတ်ဆလင်အသိုင်းအဝိုင်းနှင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသူများကို ရိုဟင်ဂျာဟု တရားဝင်သုံးစွဲသွားမည် ဖြစ်ပြီး ၁၉၈၂ နိုင်ငံသား ဥပဒေနှင့် ၎င်းတို့အားဖိနှိပ်သည့် တခြာ ဥပဒေများကိုပါ ပြင်ဆင်ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း ပါရှိသည်။


သို့သော် စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာဟူ၍ မရှိသလို နိုင်ငံသားဖြစ်မှုကိုလည်း ၁၉၈၂ ဥပဒေနှင့်သာ လက်ခံမည်ဖြစ်ကြောင်း NUG မှ မူဝါဒထုတ်ပြန်ပြီးနောက် ပြုလုပ်သည့် တရုတ်နိုင်ငံမှ Phoenix သတင်းဌာနနှင့် မေးမြန်းခန်းတွင် ဖြေဆိုထားသည်။


ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တောဒေသတွင် ဖြစ်ပွားခဲ့သည့် ARSA တိုက်ခိုက်မှုအပြီး တပ်မတော်၏ နယ်မြေရှင်းလင်းမှုကြောင့် မွတ်ဆလင် ၇ သိန်းကျော်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။


ယင်းကိစ္စကြောင့် မြန်မာနိုင်ငံကို နိုင်ငံတကာတရားရုံး ICJ တွင် လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲဆို ခံထားရပြီး အာဏာမသိမ်းမှီက နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက် ဖြေရှင်းခဲ့သည်။


ALP ကမူ ထိုသို့ထိလွယ်ရှလွယ်ဖြစ်သော ကိစ္စရပ်ကို အလွန်သက်တမ်းနုနယ်သေးသော NUG အနေဖြင့် မိမိတို့၏ လိုအင်ဆန္ဒအတွက် အသုံးမချသင့်ကြောင်း ထုတ်ပြန်ချက်တွင် အကြံပြုထားသည်။ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲအနိုင်ရ အစိုးရကို စစ်တပ်ကအာဏာသိမ်းထားချိန် အနိုင်ရကိုယ်စားလှယ်များ ပါဝင်ဦးဆောင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဖွဲ့စည်းထားခြင်း ဖြစ်သည်။

 377 total views,  1 views today