ရိုးမရေဒီယိုမဂ္ဂဇင်း

အောက်တိုဘာ ၂၂။ ။ဒေသဖွံ့ဖြိုးရေးတွင် အမျိုးသမီးများပိုမိုပါဝင်လာနိုင်ရေးအတွက် ရခိုင် လူငယ်မျိုးဆက် သစ်ကွန်ယက် ၏ ဦးဆောင်မှုနှင့် ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အောက်တိုဘာလ ၁၈ ရက်နေ့က ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့ ကြသည်။

ဆွေးနွေးပွဲတွင် အမျိုးသမီးများ ကဏ္ဍအသီးသီးမှာ ပါဝင်လာနိုင်မှု၊ ကျေးလက်နှင့် မြို့ပြမှ အမျိုးသမီးများ၏ ဖွံဖြိုးတိုးတက်မှု၊ လုံခြုံမှု အခြေအနေနှင့် စသည့် ကဏ္ဍအသီးသီးကို ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

များသောအားဖြင့် လုံခြုံမှုကဏ္ဍတွင် နေ့ဖက်၊ ညဖက်၊ လူပြတ်သည့်နေရာ၊ လူစည်ကားသည့်နေရာ စသည်ဖြင့် ခွဲခြမ်းစိတ်ဖြာနေစ ရာ မလိုပဲ မည်သည့်နေရာဒေသတွင်ပင်မဆို စိတ်ချနေရသည့် အခြေအနေဖြစ်ရန် လိုအပ်ကြောင်း ဆွေးနွေးပွဲသို့ တက်ရောက် Triple-E Management Institute တည်ထောင်သူ ဒေါ်သန်းသန်းရွှေက ပြောသည်။

“ဒေသတွင်း အမျိုးသမီးလုံခြုံမှု ခံစားရခြင်းဟာ နေ့လည်၊ ညဖက်၊ ညဥ့်မှောင်တယ်။ လူသွားလူလာပြတ်တဲ့ နေရာ။ လူစည်းကားတဲ့နေရာ အဲဒီလိုမျိုး ခွဲခြမ်းစိတ်ဖြာစရာ မလိုလောက်အောင်ကို ကျမတို့ ဘယ်နေရာပဲ သွားသွား ကျမတို့ နောက်ကျော်ကို စိတ်ချယုံကြည်နိုင်လောက်တဲ့ ယုံကြည်မှုမျိုး ဥပဒေချမှတ်ထားတာ အထောက်ထား စနစ်ပုံစံတွေ လမ်းတွေမှာ စီစီတီဗွီတပ်ထားတယ်။ စီစီတီဗွီက ရလာတဲ့ မှတ်တမ်းတစ်ခုခု ရှိခဲ့ရင် အရေးယူဆောင်ရွက်ရမယ်။ အပြစ်ပေးတဲ့နေရာမှာလည်း ထိုက်သင့်တဲ့ အပြစ်ဒဏ်တွေကို ရှင်းရှင်း လင်းလင်း တိတိကျကျ မှတ်သားလောက်အောင် နောင်တစ်ကြိမ်မလုပ်ရဲအောင် ဆိုတဲ့ ဥပဒေ ပြတ်သားချက်တွေနဲ့ အရေးယူမှုတွေ အများကြီးလိုတယ်။ ” ဟု ဒေါ်သန်းသန်းရွှေကပြောသည်။

“ဒေသဖွံ့ဖြိုးရေးတွင် အမျိုးသမီးများ၏ ပါဝင်နိုင်မှု အခန်းကဏ္ဍ” ဟူသည့် ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြခြင်း ဖြစ်ပြီး ရခိုင်လူငယ်မျိုး ဆက်သစ်ကွန်ယက်များအပါအဝင် ရခိုင်အမျိုးသမီးများ အစည်းအရုံး၊ အမျိုးသမီးရေးရာ အဖွဲ့မှ အဖွဲ့ဝင်များနှင့် စိတ်ပါဝင်စားသည့် အမျိုးသမီးများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

 407 total views,  1 views today