ရိုးမရေဒီယိုမဂ္ဂဇင်း

စစ်တွေ၊ အောက်တိုဘာလ ၁၇ ရက်။ ရခိုင်ပြည်နယ်၏ လက်ရှိ အခြေအနေကို လာရောက်လေ့လာနေသည့် ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စခရစ်စတင်းဘာဂနာနှင့် ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစံကျော်လှတို့ ဆက်ဆံရေးမှာ ကောင်းမွန်မှု ရှိနေသည်။

အောက်တိုဘာလ ၁၆ ရက်နေ့ နေ့လည်ပိုင်းတွင် မစ္စခရစ်စတင်းဘာဂနာက ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဌ၊ ဒုတိယ ဥက္ကဌ တို့ကို သွားရောက်တွေ့ဆုံခဲ့ပြီးနောက် မီဒီယာများက မေးမြန်းမှုအပြီး ထိုအခြေအနေကို သိရှိခဲ့ရခြင်း ဖြစ်သည်။

“ထင်သလောက်တော့ သိပ်မဆိုးပါဘူး။ အဲလိုမြင်တယ်။ သူတို့ ဒီကိုလာတဲ့အခါ ဆိုးဆိုးဝါးဝါးကြီးများ ရှိမလားလို့ ထင်တယ်။ လက် တွေ့မှာ အဲလို မဟုတ်ဘူး။ သူတို့က ဒီမှာရှိတဲ့ နိုင်ငံတော် အကြီးအကဲတွေနဲ့ တွေ့တယ်။ တပ်မတော် ပိုင်းကလည်း တွေ့တယ်။ သူတို့ ကိုယ်တိုင်လည်း မြန်မာနိုင်ငံမှာ ဒီတစ်ခုတည်းမဟုတ်ဘူး။ ရခိုင်မှာဖြစ်တဲ့ ကိစ္စတစ်ခုတည်း မဟုတ်ဘူး။ တစ်နိုင်ငံလုံးမှာဖြစ်တဲ့ ငြိမ်း ချမ်းရေးကို သူတို့ စိတ်ဝင်စားတယ်။ သူတို့ ဆောင်ရွက်ချင်တယ်။ တတ်နိုင်သလောက်လည်း ကူညီပေးချင်တယ်။ ပြောတာပဲ။”ဟု ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဌ ဦးစံကျော်လှက ပြောသည်။

ထို့ပြင် နိုင်ငံတကာအား ရခိုင်ပြည်နယ်လွှတ်တော်အနေဖြင့် ကြိုဆိုကြောင်းနှင့် သို့ရာတွင် သတိရှိရှိဖြင့်သာ ကြိုဆိုခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

မစ္စဘာဂနာနှင့် တွေ့ဆုံခဲ့သည့် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်မှ မူဆလင်ရပ်မိရပ်ဖတစ်ဦးကလည်း ၎င်းမှာ တင်ပြသည့် အချက် များကိုသာ နားထောင်ခြင်းဖြစ်ပြီး သူမအနေနှင့် တစ်စုံတစ်ရာ ပြောကြားခဲ့ခြင်း မရှိကြောင်းနှင့် သူမ၏ ယခုခရီးစဉ်မှာ ရခိုင်ပြည်နယ် အရေးအပါအဝင် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးအတွက်လာရောက်ခြင်း ဖြစ်နိုင်ကြောင်း မှတ်ချက်ပြုသည်။

“သူကပြောတာ သိပ်မရှိဘူးလေ။ အမြင်ကတော့ ရခိုင်ပြည်တည်ငြိမ်အေးချမ်းရေးအတွက် မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းဖို့အတွက် အချက်အလက်ရှာဖို့လာတာလို့ ထင်တယ်။”ဟု စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်မှ မူဆလင် ရပ်မိရပ်ဖ ဦးအောင်သိန်းက ပြော သည်။

မစ္စဘာဂနာနှင့် အဖွဲ့သည် အောက်တိုဘာလ ၁၃ ရက်နေ့ကတည်းက ရခိုင်ပြည်နယ်ကို ရောက်ရှိနေခြင်းဖြစ်ပြီး မောင်တော ဒေသနှင့် စစ်တွေ အပါအဝင် တစ်ချို့မြို့နယ်များမှ ရခိုင်လူမှုအဖွဲ့အစည်း၊ မူဆလင် ဒုက္ခသည်စခန်းများသို့ သွားရောက် တွေ့ဆုံခဲ့သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သည် ရခိုင်ပြည်နယ်သို့ မရောက်ရှိမှီကလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ဆိုင်ရာ အကြီးအကဲများနှင့်လည်း တွေ့ဆုံခဲ့ပြီး နောက်ထပ် မြန်မာနိုင်ငံ၏ တစ်ချို့ဒေသများသို့ သွားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။

 387 total views,  1 views today