Arakan Yoma|

ရခိုင်ပြည်နယ်မှ ကျန်းမာရေး ဝန်ထမ်းပေါင်း ၄၄၀၀ ကျော်ကို ဇန်နဝါရီလ ၂၇ ရက်နှင့် ၂၈ ရက်နေ့တို့က မြို့နယ် အသီးသီးက ဆေးရုံနှင့် သက်ဆိုင်ရာ ဒေသန္တရ ဆေးပေးခန်းများတွင် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။

အိန္ဒိယနိုင်ငံမှ လှူဒါန်းလိုက်သည့် ကိုဗစ်ကာကွယ်ဆေး တစ်သန်းခွဲသည် မြန်မာတစ်နိုင်ငံလုံးကို ရောက်ရှိ လာပြီးနောက် ရခိုင်ပြည်နယ်ကို ဇန်နဝါရီလ ၂၄ ရက်နေ့က ပို့ဆောင်လိုက်ခြင်းဖြစ်သည်။ ယင်းနောက် တစ်နိုင်ငံလုံးမှာ ကျန်းမာရေးဝန်ထမ်းအသီးသီးကို ကနဦး ထိုးပေးနေခြင်းလည်း ဖြစ်သည်။

ယင်းသို့ ထိုးနှံသည့်အထဲတွင် ရခိုင်ပြည်နယ်၏ အကြီးဆုံးဖြစ်သည့် စစ်တွေပြည်သူ့ဆေးရုံကြီးမှ ဆေးရုံ ဝန်ထမ်းပေါင်း ၄၂၀ ကျော်လည်း ပါဝင်ခဲ့သည်။

ကျန်းမာရေး ဝန်ထမ်းများသည် ကူးစက်ခံ လူနာများနှင့် ထိတွေ့ ကုသမှုများ ပြုလုပ်ရသည့်အတွက် စောင့်ရှောက် ပေးနိုင်ရန် ကျန်းမာရေး ဝန်ထမ်းများကို ကနဦး ထိုးနှံပေးခြင်းဟု နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောထားသည်။

ယင်း ကာကွယ်ဆေးသည် ဘေးထွက် ဆိုးကျိုးနည်းပါးသည့် အတွက်ကြောင့် ပြည်သူများ ထိုးနှံသည့် အလှည့် ရောက်လာလျှင်လည်း ယုံကြည်စိတ်ချစွာဖြင့် ထိုးနှံကြဖို့ ကိုယ်တိုင် ထိုးနှံခဲ့သည့် စစ်တွေပြည်သူ့ ဆေးရုံကြီး ဒေါက်တာ ဇော်လွင်က ပြောသည်။

မြန်မာနိုင်ငံ အစိုးရအနေဖြင့် အဆိုပါ ကိုဗစ်ကာကွယ်ဆေး အလုံးရေ သန်း ၃၀ ကို အိန္ဒိယနိုင်ငံမှ ဝယ်ယူထားပြီဖြစ်ပြီး လူတန်းစေ့ ထိုးပေးသွားမည်ဖြစ်ကြောင်းကိုလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောထားသည်။

 467 total views,  1 views today