Arakan Yoma|

မြောက်ဦးမြို့ကို ကမ္ဘာ့အမွေအနှစ်စာရင်း UESCO တင်သွင်းရေး အချိန်တစ်နှစ် နောက်ဆုတ်လိုက်ရကြောင်း မြောက်ဦးမြို့ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း၊ စောင့်ရှောက်ရေး ကော်မတီမှ သိရသည်။

ကိုဗစ်ကပ်ရောဂါနှင့် ရခိုင်ပြည်နယ်၏ စစ်ရေးပဋိပက္ခများကြောင့် ပြည်တွင်း၊ ပြည်တွင်းပညာရှင်များက မြောက်ဦးမြို့၏ ရှေးဟောင်း သမိုင်းဝင် နေရာများကို လာရောက် သုတေသနပြုခြင်းနှင့် မြေပြင် ကွင်းဆင်းမှုများ ဆောင်ရွက်နိုင်ရန် မဖြစ်နိုင်သည့် အနေထားတွင် ရှိနေ၍ တစ်နှစ် နောက်ဆုတ် လိုက်ရခြင်း ဖြစ်ကြောင်း ယင်း ကော်မတီ ဥက္ကဌ ဒေါ်ခင်သန်းက ပြောသည်။

ယင်းသို့ တစ်နှစ် နောက်ဆုတ် လိုက်ခြင်းသည် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မြောက်ဦးဌာနခွဲ၏ ညွှန်ကြားချက်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြောက်ဦးမြို့ကို ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် (UNESCO) စာရင်းဝင်ဖို့အတွက် အဆိုပြုလွှာ မူကြမ်းကို မြောက်ဦးမြို့ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီက ပြင်သစ်နိုင်ငံ ကမ္ဘာ့အမွေအနှစ်ရုံး UNESCO World Heritage Center ကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့က တင်သွင်းခဲ့ခြင်း ဖြစ်သည်။

အဆိုပြုလွှာမူ အချောသတ်ကိုမူ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်းက တင်သွင်းရမည် ဖြစ်သော်လည်း အဆိုပါ အခြေအနေများကြောင့် အချိန်မီ တင်သွင်းနိုင်ခြင်းမရှိခဲ့ဘဲ နောက်ဆုတ်လိုက်ရပြီး ၂၀၂၁ နှစ်ကုန်လောက် ရောက်မှ တင်ရတော့မည် ဖြစ်သည်။

မြောက်ဦးမြို့သည် ရှေးဟောင်းအမွေအနှစ်များ စုပေါင်းတည်ရှိရာ ဒေသ တစ်ခုဖြစ်ပြီး ရခိုင်တို့၏ ဘုရင့်သက်တမ်းတွင် နှစ်အရှည်ကြာဆုံး စိုးစံခဲ့ပြီး ဖွံ့ဖြိုးတိုးတက်မှု အရှိခဲ့ဆုံးဟု ဆိုကာ မြောက်ဦးကို ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံရရန် ကြိုးပမ်းနေကြခြင်းလည်း ဖြစ်သည်။

 542 total views,  1 views today