ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

သတင်းထောက် သူငယ်ချင်းတစ်ယောက်နှင့် မက်ဆင်ဂျာကနေ ဗီဒီယိုကောပြောနေရင်း ဖုန်းမှန်သားပြင်တွင် Connecting ဟုပေါ်လာပြီး တစ်ဖက်မှ စကားသံ ရပ်သွားသည်။

အင်တာနက်ကို စစ်ကြည့်လိုက်တော့ 4G ဟုပေါ်နေသည့် ကွန်ယက်မှာ ပျောက်နေသည်။ အနီးတွင် ပါလာသည့် သူငယ်ချင်းကို မေးကြည့်ရာ မင်းပြားမြို့နယ် ဘက်ခြမ်းသို့ကူးပြီ ဖြစ်သောကြောင့် ထင်သည်ဟု ဆို၏။ ထိုအချိန်တွင် ကားပြတင်းပေါက်မှ ဘေးဘီဝဲယာသို့ လှမ်းကြည့်လိုက်ရာ ပေါက်တောနှင့် မင်းပြားမြို့နယ် ခြားထားသည့် စွန်ရဲတံတားပေါ်သို့ ရောက်နေခဲ့ပေပြီ။

ကျွန်တော်နှင့် သူငယ်ချင်းတစ်ဦးသည် မင်းပြားမြို့နယ်သို့ အလုပ်ကိစ္စတစ်ခုနှင့် သွားခဲ့သည်။ ထိုခရီးသည် ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းက ဖြစ်သည်။ ကိုဗစ်အခြေအနေများကြောင့် ရေလမ်း(သင်္ဘော)ကြောင်းများ ပြန်မဖွင့်သေးသည်က တကြောင်း၊ စစ်ပွဲ အခြေအနေများကြောင့် ကားလမ်းကြောင်းများ အဆင်မပြေသည်က တကြောင်းနှင့် ကျွန်တော်တို့သည် မင်းပြားသို့ တိုက်ရိုက်သွား၍ အဆင်မပြေ။ သို့ဖြစ်၍ ကုန်များတင်သည့် ပေါက်တောမှ စက်လှေတစ်စီးနှင့် လိုက် သွားကြရသည်။

စစ်တွေမှ ၃ နာရီခန့်က ထွက်ခွာလာခဲ့သော ယင်းစက်လှေသည် ပေါက်တောမြို့သို့ ညနေ ၅ နာရီခွဲလောက်တွင် ကမ်းကပ်၏။ ကမ်းကပ်သည်နှင့် တပြိုင်နက် ပါလာသော အထုပ်အပိုးများကို ကမ်းပေါ်တင်လာကာ မင်းပြားသို့သွားသည့် ကားများ စုံစမ်းကြသည်။ ကားရပြီးနောက် ကားပေါ်ခေတ္တ စောင့်ဆိုင်းရာ စစ်တွေမှ ကျွန်တော်တို့နည်းတူ လိုက်ပါ လာကြသော ခရီးသည်များလည်း တွေ့ရသည်။ ပေါက်တောက ထပ်မံ ထွက်ခွာလာခဲ့ကြရာ မင်းပြားပိုင်နက်သို့ ရောက်သည်နှင့် တပြိုင်နက် ကျွန်တော်တို့၏ အင်တာနက်သုံးစွဲခွင့်မှာလည်း လုံးလုံး ပျောက်ကွယ်သွားတော့သည်။

မင်းပြားမြို့နယ်သည် ရခိုင်ပြည်နယ် မြောက်ပိုင်းမှ စစ်ပွဲဖြစ်ပွားရာ နယ်မြေများထဲ တစ်မြို့နယ်အပါအဝင်လည်း ဖြစ်သည်။ ရခိုင့်တပ်တော် အေအေနှင့် မြန်မာ့တပ်မတော်တို့ စစ်ရေး တင်းမာလာပြီးနောက်ပိုင်း ၂၀၁၉ ခုနှစ်၊ ဇွန်လတွင် အစိုးရက ရခိုင်ပြည်နယ်မှ မြို့နယ် ၈ ခုနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် အင်တာနက် ပိတ်ထားခဲ့သည်။ ထိုသို့ ပိတ်ထား သည်မှာ လက်ရှိတွင် တစ်နှစ်နှင့် ၆ လထိ ကြာမြင့်နေပြီဖြစ်သည်။

မင်းပြားမြို့နယ်မှ တချို့ဒေသခံများ ပြောကြားချက်အရ အင်တာနက် အသုံးပြုလိုသူများသည် မြို့နှင့် ၂ မိုင်ခန့်ဝေးသည့် နေရာများကို သွားရသလို တချို့သည်လည်း စစ်တပ် နယ်မြေများအနီးတွင် လိုင်းကောင်းသဖြင့် ယင်းအနီးသို့ သွားရောက် ကြရသည်ဟု သိရသည်။ ယင်းအပြင် တချို့သည်လည်း တောင်ကုန်းများတွင် အသုံးပြုနေကြသည်ကို အလုပ်ပိတ်သည့် တနင်္ဂနွေနေ့ တစ်ရက်က မြင်တွေ့ခဲ့ရသည်။

ကျွန်တော်တို့ မင်းပြားသို့ ရောက်သွားချိန်သည် လက်နက်ကိုင်နှစ်ဖွဲ့၏ ပစ်ခတ်မှုများ ရပ်နေချိန်လည်း ဖြစ်သဖြင့် အသွားအလာ အဆင်ပြေခဲ့သည်။ ယင်းနေ့က ရောက်လုဆဲဆဲတွင်ပင် မြို့ဝင်တပ်ရင်း တစ်ခုအနီးတွင် အသေးစား မိုင်းပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း မင်းပြားကိုရောက်မှ စစ်တွေက သူငယ်ချင်းတစ်ဦး ဖုန်းဆက်ပြောသဖြင့် သိခဲ့ရသည်။

မင်းပြားကို ရောက်သွားချိန်တွင်လည်း ဖုန်းမှ အင်တာနက်လိုင်းများကို ဖွင့်ကြည့်ရာ Telenor နှင့် Ooredoo တို့တွင် 2G အဆင့်ရသော်လည်း MPT မှာမူ လုံးဝ လိုင်းမရခဲ့။ တချို့ကတော့ မြန်မာ့တပ်မတော်က ရှယ်ယာ အများကြီး ပိုင်ဆိုင်သည်ဟု ဆိုကြသော Mytel ကလည်း 2G လိုင်းရသည်ဟု ဆိုကြသည်။ သို့သော် ယင်းအဆင့်လောက်နှင့်မူ အဝိုင်းသာ လည်နေပြီး Facebook တွင်မူ ဓာတ်ပုံများပင် ကြည့်၍မရ။ ကျွန်တော်၊ ကျွန်တော့်သူငယ်ချင်းနှင့် မင်းပြား ဒေသခံ ညီငယ်လေးနှစ်ဦးသည် မင်းပြား – မြေပုံလမ်းပေါ်ရှိ ကြပ်စင်တံတားတွင် အင်တာနက်လိုင်းရသည်ဟု ပြောသံကြားသဖြင့် ဆိုင်ကယ် နှစ်စီးဖြင့် လေးယောက် ထွက်လာခဲ့ကြသည်။

ဟိုဟိုဒီဒီ လျှောက်ရိုက်နေရလျှင် ကျေနပ်နေတတ်သည့် ကျွန်တော်သည် ဖုန်းကိုထုတ်ကာ ဆိုင်ကယ်နောက်က ထိုင်ရင်း တစ်လမ်းလုံး တောက်လျှောက် ဗီဒီယို ကလစ်လေးတွေ ရိုက်လာခဲ့သည်။ ကြပ်စင်တံတားသို့ ရောက်ချိန်ထိလည်း ရိုက်နေခဲ့တုန်း။ သို့သော် ကျွန်တော် သတိမထားမိသည့် နေရာတစ်ခုမှ “ဟေ့…..ယောင်၊ ဟေ့…ယောင်၊ ရပ်…ရပ်…” ဆိုသည့် အသံတစ်ခုကို ကြားလိုက်ရသည်။ လှည့်ကြည့်လိုက်ချိန် တံတား ပလက်ဖောင်းပေါ်တွင် တဲထိုးကာ လုံခြုံရေး ယူနေကြသော တပ်မတော်သားများကို တွေ့ရသည်။

ယင်းအထဲမှ တပ်သားတစ်ဦးသည် ကျွန်တော်တို့ဆိုင်ကယ်ကို လက်ယက်ခေါ်ပြီး သူတို့ဆီ ပြန်လှည့်လာရန် အချက်ပြရာ ဆိုင်ကယ်ပြန်လှည့်မည် အလုပ်တွင် အရာရှိဟု ထင်ရသော တစ်ဦးက လာစရာ မလိုတော့ကြောင်း အမူအယာပြမှ ကျနော်တို့ သွားခွင့်ရခဲ့သည်။ လှမ်းခေါ် ခံရချိန်က ကျွန်တော်သည် အားကုန်မောင်းနေသော ဆိုင်ကယ်ပေါ်မှ မြင်ရသည့် တံတား ခေါင်မိုး အရစ်ရစ် ကလေးများကို စိတ်ဝင်တစား ရိုက်ကူးနေခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်၍ ပလက်ဖောင်းပေါ်မှ တပ်မတော် သားများကို မမြင်ခဲ့ခြင်းဖြစ်သည်။ သို့မဟုတ်ဘဲ ကျွန်တော်သာ ရှေ့တည်တည့်ကို ရိုက်နေခဲ့လျှင် လွယ်မည် မဟုတ်။ ယင်းနောက် ကျွန်တော်တို့သည် ရှေ့မှမောင်းသွားသည့် ဆိုင်ကယ်နောက်ကို လိုက်ပြီး တံတားအလွန်မှ တဲ ကလေးများတွင် ခနတဖြုတ် အနားယူကာ အင်တာနက်မသုံးဘဲ ပြန်လှည့်လာခဲ့ကြရတော့သည်။

ထို့သို့ အင်တာနက် အသုံးပြုရန်သွားချိန် တပ်မတော်စစ်ကြောင်းများနှင့် တိုးသူများသည် ဖုန်းများကို စစ်ဆေးခံရပြီး မသင်္ကာလျှင် ထိန်းသိမ်းခြင်းခံရသလို တချို့လူငယ်များဆိုလျှင်လည်း ၎င်းတို့ ခိုင်းသည့် အရက်နှင့် ဝယ်စရာရှိသည်များ ဝယ်ခိုင်းခြင်း၊ ကြက်ပါလာသည့် ဒေသခံများထံမှ ကြက်များ တောင်းရမ်းခြင်း စသည်တို့ကို ကြုံကြရကြောင်း ပြောဆိုခဲ့သည် များလည်း ရှိသည်။

“လူငယ်လေးတွေ ကိုတော့ အင်တာနက် ဖြတ်တောက် ခံထားရတဲ့အတွက်ကြောင့် အများကြီး ဝမ်းနည်းမိပါတယ်။ ရခိုင်ဒေသမှာ ရှိနေတဲ့ အခြားအင်တာနက် ဖြတ်ထားခံရတဲ့ ဒေသက လူငယ်တွေအတွက် အားလုံး စိတ်မကောင်း ဖြစ်ရပါတယ်။ ခုက 2G ဖွင့်ပေးထားတယ်။ သတင်းတောင်မှ ဖတ်လို့မရတဲ့ အနေအထားတွေ ရှိတယ်။ 2G ကနေ 4G ဖွင့်နိုင်အောင် အားလုံးဝိုင်းဝန်းပြီးတော့ အသစ်တက်လာတဲ့ အစိုးရအနေနဲ့ အင်တာနက်လိုင်းကို ပြန်ပြီး ဖွင့်လာဖို့အတွက် ဆောင်ရွက်ဖို့အတွက်ကို ပြောချင်တယ်။”ဟု မင်းပြားမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောသည်။


၎င်းသည် အင်တာနက်ဖြတ်တောက်ခံရခြင်းနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်လွှတ်တော်တွင် အဆိုတင်ခဲ့သူဖြစ်သည်။ အင်တာနက် ပြန်ဖွင့်ပေးရန် ပြည်နယ်အစိုးရမှတဆင့် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း တောင်းဆိုထားသည့် ၎င်း၏ အဆိုကို လွှတ်တော်ကလည်း ထောက်ခံမှုများသဖြင့် အတည်ပြုနိုင်ခဲ့သည်။ သို့သော် ပြည်နယ်အစိုးရ၏ အကောင်အထည်ဖော်မှု အားနည်းခြင်းကြောင့် အထမမြောက်ခဲ့ဘဲ လက်ရှိအချိန်ထိ အဆိုမှာ အဆိုအဖြစ်သာ ရှိနေသေးကြောင်း ၎င်းက ဝေဖန်သည်။

ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာမှ မဝေဝေထွန်းကမူ ရခိုင်ပြည်နယ်တွင် အင်တာနက်ဖြတ်တောက်ခံထားရမှုကို လူ့အခွင့်အရေးချိုးဖောက်မှုဟု ယူဆပြီး “ကိုယ့်တို့ဟာ နိုင်ငံသားမဟုတ်ဘူးလား။ မြန်မာနိုင်ငံသားအဖြစ် အသိမှတ်ပြုမခံရတာလား။”ဟု အစိုးရအပေါ် မေးခွန်းထုတ်သည်။

တက္ကသိုလ်တက်နေသည့် သူ့အနေဖြင့် ကိုဗစ်အခြေအနေများကြောင့် ကျောင်းများပိတ်ထားသည့် ယခုကာလအတွင်း အွင်လိုင်းမှတဆင့် ကွန်ပျူတာနှင့် အင်္ဂလိပ်စာသည် လူငယ်တစ်ဦးအတွက် လိုအပ်သည်။ လေ့လာရန် အင်တာနက် မရသဖြင့် အခက်ခဲဖြစ်နေရသည်။

အစိုးရကမူ ကိုဗစ်အခြေအနေများကြောင့် အခြေခံပညာ မူလတန်းကျောင်းမှအစ တက္ကသိုလ်များအထိ ပိတ်ထားရသည့် အတွက် အွင်လိုင်းကတဆင့် ပညာသင်ကြား သွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြောကြားထားသည်များလည်း ရှိသည်။ သို့သော် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝအတွက်မူ ယင်းမှာ ဆန့်ကျင်ဖက်ဖြစ်နေသည်။

အင်တာနက် အပိတ်ခံထားရသော မြို့နယ်များအနက် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မင်းပြားအပါအဝင် မြောက်ဦး၊ မြေပုံ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ ပါဝင်သည်။ ယင်းအနက်မှ မောင်တောမြို့နယ်တွင်မူ တိုက်ပွဲအခြေအနေများ ငြိမ်သက်လာသည်ဟုဆိုကာ ပြီးခဲ့သည့် မေလက ဖွင့်ပေးခဲ့သည်။

အင်တာနက်ဖွင့်ပေးရန် ကျန်ရှိနေသည့်မြို့နယ်များတွင် အသုံးပြုကြသည့် နောက်ထပ် နည်းလမ်းတစ်ခုရှိသေးသည်။ ယင်းမှာ ပေ ၆၀ ဝန်းကျင် ရှည်လျားသော ဝါး (သို့မဟုတ်) သံတိုင်ကို ထူကာ ဖုန်းတလုံးကို ဝါးထိပ်ဖျားတွင်တွဲပြီး Data mode နှင့် Hotspots ဖွင့်ကာ မြေပြင်မှ ဖုန်းဖြင့် WIFI ချိတ် ဖမ်းယူသုံးစွဲကြခြင်း ဖြစ်သည်။ အိမ်တချို့ပေါ်မှ ထိုး ထောင်နေသာ ဝါးများ အကြောင်းကို နားမလည်သော ကျွန်တော်သည် ဒေသခံတချို့ ရှင်းပြမှ သဘောပေါက် လေတော့သည်။ ၂၀၁၄ ခုနှစ်က ကောက်ယူထားသည့် သန်းခေါင်စာရင်းအရ လူဦးရေ ၃၂ သိန်းရှိသည့် ရခိုင်ပြည်နယ်တွင် လက်ရှိအားဖြင့် လူဦးရေ ၁၀ သိန်းခန့်မှာ အင်တာနက်သုံးစွဲခွင့် ဆုံးရှုံးနေသည်။

ကိုမောင်စိုးသန်းဆိုလျှင် မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာတွင် တာဝန်ကျနေသည့် အလယ်တန်းပြဆရာတစ်ဦး ဖြစ်သည်။ သင်ရိုးသစ် ပြောင်းလိုက်သည့် ၂၀၂၀ – ၂၀၂ ပညာသင်နှစ်တွင် နားမလည်သည့် သင်ခန်းစာများစွာ ရှိနေခဲ့သော် လည်း အင်တာနက်မရ၍ လေ့လာခွင့်မရှိသဖြင့် ကလေးများကို ပို့ချသည့်အခါ နားမလည်ကြမည်ကို စိုးရိမ်နေသည်။

“ဒီနှစ် ပညာရေးနဲ့ပတ်သတ်တဲ့ သင်တန်း Greade-6 သင်တန်းမှာဆိုရင် အခက်အခဲတွေ များပါတယ်။ အရင်တုန်းကဆိုရင် ကျနော်တို့ အထက်က ပို့ချတာတွေကို ဒေါင်းလုပ်ပြီးရင် ကြည့်လို့ရသေးတယ်။ သူတို့ သင်ပြနည်းတွေ သင်ပြပုံတွေ။ ခုကျတော့ ကိုဗစ်ရောဂါ ဖြစ်တာလည်းတကြောင်း။ အင်တာနက်လိုင်းမရတာလည်းတစ်မျိုးနဲ့ ကျနော်တို့ သင်ကြားပို့ချမှု တွေကိုလည်း အဆင်ပြေအောင်ထိ မကြည့်လိုက်ရဘူး။ မှတ်သားလို့ မရလိုက်တာတွေ ရှိပါတယ်။”ဟု ကြုံနေရသည့် အခက်ခဲတချို့ကို ပြောပြသည်။

တကမ္ဘာလုံး ကိုဗစ်ကူးစက်ခံနေရချိန်တွင် ယင်းဒေသနေ လူထုမှာ ကျန်းမာရေးဝန်ကြီးဌာနမှ အင်တာနက်က တဆင့် ထုတ်ပြန်သော သတင်းအချက်လက်များကို မသိရဘဲ ဖြစ်နေကြရသည်။ ယင်းအပြင် အင်တာနက်နှင့် ဆက်စပ်လုပ်ရသော ဘဏ်လုပ်ငန်းနှင့် ငွေလွှဲခြင်းများစသည့် စီးပွားရေး၊ လူမှုရေးကဏ္ဍများတွင်လည်း ထိုနည်းတူပင်ဖြစ်သည်။

ထိုသို့ အခွင့်အရေးများ ဆုံးမှုများလာကြသည့်အခါ လမ်းပေါ်ထွက် တောင်းဆိုမှုများ ပေါ်ပေါက်လာတော့သည်။ ယင်းသို့ တောင်းဆိုမှုကြောင့်လည်း ဖမ်းဆီးခံရသူ များစွာရှိခဲ့သည်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အဖွဲ့ – အသံ၏ ပြောဆိုချက် အရ ရခိုင်ပြည်နယ်တွင် စစ်ပွဲများ ရပ်တန့်ရေးနှင့် အင်တာနက်ပြန်ဖွင့်ပေးရေး တောင်းဆိုမှုကြောင့် တက်ကြွလှုပ်ရှားသူ စုစုပေါင်း ၆၁ ဦးအထိ တရားစွဲဆိုခံထားရသည်။ ယင်းအနက် ကျောင်းသားလူငယ်များစွာ ပါဝင်သည်။ ဒီဇင်ဘာ ၂၃ ရက်နေ့က အွင်လိုင်းပေါ်က ပြုလုပ်သည့် မြန်မာနိုင်ငံရှိ ပဋိပက္ခဖြစ်ပွားနေသော ဒေသများနှင့် ပဋိပက္ခမဖြစ်ပွားသော ဒေသများရှိ သတင်းအချက်အလက် ရပိုင်ခွင့်နှင့် ဒီဂျယ်တယ် အခွင့်အရေးတို့အပေါ် လေ့လာဆန်းစစ်ခြင်း သုတေသန အစီအရင်ခံစာ ကနေတဆင့် ထုတ်ပြန်ပြောဆိုခဲ့ခြင်း လည်းဖြစ်သည်။

တရားစွဲဆို ခံထားရသူများသည် ငြိမ်းစုစီ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ၊ ၅၀၅ (က)၊ ၅၀၅ (ခ)တို့ဖြင့် တရားစွဲဆို ခံထားရခြင်းဖြစ်ပြီး စွဲဆို ခံထားရသူများအနက် ၄၅ ဦးမှာ စက်တင်ဘာလက တစ်လ တည်းတွင် စွဲဆိုခံရခြင်းဖြစ်ကြောင်း ဆိုထားသည်။ တရားစွဲဆို ခံထားရသူများမှာ အမိန့်ချထားသူ ၄ ဦး၊ တရား ရင်ဆိုင်နေရသူ ၁၆ ဦး၊ ဖမ်းဝရမ်း ထုတ်ခံထားရသူ ၁၁ ဦး၊ အာမခံရပြီး ပြင်ပမှ တရားရင်ဆိုင်နေရသူ ၅ ဦး၊ အမှုမှ ပလပ်ခံရသူ ၁ ဦး၊ ခံဝန်ဖြင့် သတိပေးပြီး ခံရသူ ၂ ဦး၊ သတိပေး စောင့်ကြည့်ခံရသူ ၄ ဦးတို့ ဖြစ်ပြီး ကျန်လူများမှာ အမှုပြီးပြတ် သွားပြီ ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းဝင်းက “ဒီဟာသည် လူငယ်တွေကို တစ်ခါတည်း အမှောင် ချလိုက်သလို လူငယ်တွေရဲ့ အခွင့်အရေးတွေ လူငယ်တွေရဲ့ အနာဂါတ်တစ်ခုလုံးကို အမှောင်ချလိုက်တာနဲ့ တူသွားပါတယ်။” ဟု မှတ်ချက်ပေးသည်။

တရားစွဲဆို ခံထားရသူများသည် အနည်းဆုံး ဒဏ်ငွေ ၃ သောင်းကနေ အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ်ထိ ချမှတ် ခံနေကြရသည်။ ယင်းအတွက် အစိုးရက စွဲဆိုထားသည့် အမှုများကို ရုတ်သိမ်းပြီး ထောင်ဒဏ် ချမှတ်ထားသည့် ကျောင်းသား လူငယ်များနှင့် တက်ကြွလှုပ်ရှားသူများကို ပြန်လွှတ်ပေးသင့်ကြောင်း အသံအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ကိုမောင်ဆောင်းခက ပြောသည်။

“လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ချိုးဖောက်ပြီးတော့ လက်ရှိ တရားစွဲဆိုထားတဲ့ အမှုတွေ အားလုံးကို ရပ်တန့်ပေးဖို့ ဒီအမှုတွေကို ပြန်လည်ရုပ်သိမ်း ပေးဖို့နောက်ပြီးတော့ ဖမ်းဆီး ထောင်ချထားတဲ့ သူတွေကိုလည်း အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အတွက်ပဲ ကျနော်က အဓိကထား ပြောဆိုချင်ပါတယ်။”ဟု ဆိုသည်။ လူ့အခွင့်အရေးနေ့များတွင် အခွင့်အရေး တောင်းဆို ကြသည့် ကျောင်းသား လူငယ်များကို တရားစွဲဆိုနေမှုသည် အစိုးရအနေဖြင့် အရှက်ရစရာ ကိစ္စရပ်တစ်ခု ဖြစ်ကြောင်းလည်း ၎င်းက ဝေဖန်သည်။

အင်တာနက် ပိတ်ထားမှုသည် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော လက်နက်ကိုင် ပဋိပက္ခများအတွင်း မြန်မာ့တပ်မတော် ၏ စစ်ဆင်ရေးလျှို့ဝှက်ချက်များ ပေါက်ကြားခြင်းကြောင့်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ဥက္ကဌ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောထားသည်။ လက်ရှိတွင်မူ အေအေနှင့် တပ်မတော်တို့၏ တိုက်ပွဲများမှာ ရပ်တန့်နေပြီး ထိုသို့ စစ်ဆင်ရေးများလည်း မရှိတော့သောကြောင့် 2G အဆင့်မှ မြန်နှုန်းမြင့် 4G အင်တာနက်ပြန်ဖွင့်ပေးရန် လူငယ်များက လိုလားနေကြသည်။

“ကျနော်တို့ အခုလို့ ပညာရေး အခွင့်အလမ်းတွေ စီးပွားရေး လူမူရေး အစစအရာရာဆုံးရှုံးနေတဲ့အတွက် ကျနော်တို့ ရခိုင်ပြည်နယ်ကို Internet လိုင်းကို အမြန်ဆုံးဖွင့်ပေးစေချင်ပါတယ်။ ၂၀၂၁ ကို ရောက်လာတဲ့ အတွက်ကြောင့်လည်း အမြန်ဆုံး ဖွင့်ပေးနိုင်ဖို့လဲ မျှော်လင့်တယ်။”ဟု ကျောက်တော်မြို့နယ်၊ လိပ်မကျေးရွာမှ စစ်တွေတက္ကသိုလ် စတုတ္ထနှစ် ကျောင်းသား မောင်ဌေးဝင်းက ပြောသည်။

ယင်းသို့ တောင်းဆိုနေမှုများနှင့် ပတ်သက်၍ မေးမြန်းရာ အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုပြန်ကြားရေး တာဝန်ခံ မုံရွာအောင်ရှင်က “အားလုံးလည်း သိတဲ့အတိုင်းပဲလေ။ တပ်မတော်နဲ့ အေအေနဲ့လည်း နားလည်မှုတွေ အများကြီးရနေတယ်။ နောက်ပြီးတော့ ဒေသက စစ်ဘေးဒုက္ခသည်တွေကလည်း ပြန်လာနေကြပြီဆိုတော့ မကြာခင်တော့ ပြန်ဖွင့်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။”ဟု ဆိုသည်။

 530 total views,  1 views today