Arakan Yoma |

စစ်ပွဲအနည်းငယ် ရပ်နားလာပြီးနောက် အရပ်သားများ သွားလာလှုပ်ရှားမှုများ ရှိလာချိန် စစ်ကျန် မိုင်းများ နင်းမိ ခြင်းကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးမှုများ ရှိနေသည့် သတင်းများကို ရခိုင်ပြည်နယ်တွင် တွေ့လာရသည်။

တိုက်ပွဲ ကာလမှသည် ယခုအချိန်ထိ အရေအတွက်မည်မျှ ရှိခဲ့ကြောင်း တိကျရန်ကိုမူ စိစစ်ရန် လိုအပ်နေသေးပြီး ပြီးခဲ့သည့် ဇန်နဝါရီ ပထမ သီတင်းပတ်နှစ်ခုအတွင်း၌ပင် နင်းမိုင်းပေါက်ကွဲမှု နှစ်ခုရှိခဲ့သည်ကို ဒေသတွင်း သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

ကျောက်တော်မြို့နယ် အောက်ခဘော် ကျေးရွာမှ မြို အမျိုးသမီးတစ်ဦးသည် လွတ်လပ်ရေးနေ့ ဖြစ်သည့် ဇန်နဝါရီလ ၄ ရက်နေ့က မြေမြှုပ်မိုင်း နင်းမိခဲ့သည်။ မိုင်းဒဏ်ကြောင့် ညာခြေထောက်တစ်ဖက်ကို ဖြတ်ထားရသလို ကျန်ခြေထောက် တစ်ဖက်နှင့် လက်တစ်ဖက်မှာလည်း အရိုးကျိုးသွားပြီး မျက်လုံး တစ်ဖက်လည်းဖွင့်မရသေး ဖြစ်နေရသည်။ သူ့အား လက်ရှိတွင် စစ်တွေပြည်သူ့ ဆေးရုံကြီးတွင် ကုသနေရသည်။

ထို့ပြင် ဇန်နဝါရီ ၁၂ ရက်နေ့ကလည်း အသက် ၃၀ အရွယ် ရခိုင်အမျိုးသမီးတစ်ဦးသည် ပလက်ဝမြို့နယ်တွင် နင်းမိုင်း တစ်လုံး နင်းမိခဲ့သည်။ ပေါက်ကွဲမှုကြောင့် ခြေထောက်တွင် ဒဏ်ရာပြင်းစွာ ရခဲ့သည်။ နှစ်နှစ် နီးပါးကြာ စစ်ရေးပဋိပက္ခ ပြင်းထန်ခဲ့ကြသော အေအေနှင့် တပ်မတော်တို့၏ တိုက်ပွဲများမှာ ရပ်တန့်နေသော်လည်း ၎င်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ဖူးသည့် နေမြေများတွင် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်များက ကျန်ရှိနေဆဲဖြစ်သည်။ သို့သော် မည်သည့်အဖွဲ့၏ မိုင်းဖြစ်သည်ကိုမူ မသိရရှိရကြောင်း စောင့်ကြည့်သူများက ပြောကြသည်။

စစ်ပွဲနယ်နိမိတ်အတွင်း ပါဝင်နေကြသော ဒေသခံအရပ်သားများကမူ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် လာရောက်၍ စစ်ကျန်လက်နက်များနှင့် မြေမြှပ်မိုင်းများကို ရှင်းလင်းပေးဖို့ လိုလားနေကြသည်။

ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းကိုမေးမြန်းရာ လောလောဆယ်တွင် မိုင်းရှင်း လင်းရေးများ မရှိသေးသော်လည်း အပစ်ရပ်လက်မှတ် ထိုးလာနိုင်ချိန်တွင်မူ ယင်းကိစ္စရပ်များ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောသည်။

ဇန်နဝါရီ ၁၂ ရက်နေ့က ကျင်းပသည့် ရခိုင်ပြည်နယ် လွှတ်တော် အစည်းဝေးတွင် ရသေ့တောင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က အဆိုတစ်ခု တင်သွင်းခဲ့ရာ “စစ်ပွဲအတွင်း ကျန်ရှိခဲ့သည့် မြေမြှုပ်မိုင်း၊ ဗုံးများသည် ဒေသခံများအတွက် အန္တရာယ်ရှိသဖြင့် ရှင်းလင်းရေးကို ဂရုစိုက် ဆောင်ရွက်ပေးဖို့ လိုအပ် နေကြောင်း” တင်ပြချက်လည်း ပါဝင်ခဲ့သည်။

ရခိုင်စစ်ပွဲသည် ၂၀၁၉ ဇန်နဝါရီ ၄ ရက်နေ့တွင် စတင် ပြင်းထန်မှု ရှိလာခဲ့သည်ဟု နားလည်ရသော်လည်း ၂၀၁၅ ခုနှစ် ဧပြီလ ကတည်းက တိုက်ပွဲများ ရှိလာခဲ့ပြီ ဖြစ်ရာ ၆ နှစ်တာ ကာလအတွင်း စစ်ပွဲအတွက် ပြင်ဆင်မှုများထဲ မြေမြှုပ်မိုင်းများ မည်မျှ အသုံးပြုမှု ရှိနေခဲ့သလဲဆိုသည်မှာ စိုးရိမ်ဖွယ်ရာဖြစ်သည်။ ထိုမြေမြှုပ်မိုင်းများ ရှင်းလင်းရေး ကိစ္စရပ်တို့မှာလည်း စစ်ပွဲများ ရပ်နားလာချိန်တွင် အရပ်သားဒေသခံများ၏ လွတ်လပ်လုံခြုံမှုအတွက် မဖြစ်မနေ အရေးပါလာသည့် အကြောင်းအရာတစ်ခုလည်း ဖြစ်လာသည်။

 570 total views,  1 views today