ရိုးမရေဒီယိုမဂ္ဂဇင်း

စက်တင်ဘာ ၁၉။ ။ ဆံပင်တွေဖြူ ပါးရေတွေ တွန့်နေတဲ့ အသက် ၆၀ ကျော်အရွယ် ဒီအမျိုးသမီးကြီးဟာ ဘဝရဲ့ နုပျိုမှုတွေကို ရခိုင်ပြည်နယ်အတွက်၊ နိုင်ငံအတွက် ဒီမိုကရေစီအတွက် ပေးဆပ်ထားသူ ရခိုင်အမျိုးသမီး ဒေါ်ညိုအေးပါ။

အခု လက်ရှိမှာ သားသမီးတွေနဲ့အတူ ရခိုင်ပြည်နယ် စစ်တွေမြို့ မင်းဂံရပ်ကွက်မှာ နေထိုင်နေပြီး ရခိုင်လူမျိုးတွေအတွက် ကြိုးစားနေသူတစ်ယောက်ပါ။

“လုံးဝကို ချွတ်ခြုံကျသွားတာ အန်တီတို့ ရခိုင်ပြည်နယ်ကလေ၊ ဘာမှကို .  စီးပွားရေးလဲ အပွင့်လင်းဆုံး ပြောရတာ လုံးဝကို မရှိဘူး။ ကျန်းမာရေးကလဲ အားကိုးစလောက် မရှိဘူး။ တကယ့် ပိုက်ဆံရှိတဲ့လူတွေက လေယာဉ်နဲ့ ရန်ကုန်ကို ပြေးရတာချည်းပဲ။ အဲလိုဖြစ်နေတယ်။ အန်တီတို့တောင် ပြေးဖူးတယ်။” လို့ ဒေါ်ညိုအေးက ဆိုပါတယ်။

ဖွံ့ဖြိုးတိုးတက်မှု အားနည်းနေတဲ့ ရခိုင်ပြည်နယ်မှာ အမျိုးသမီးတွေ၊ ကလေးငယ်တွေအတွက် အဘက်ဘက်က ရပ်တည်ပေးနေတဲ့ ရခိုင်အမျိုးသမီးကွန်ရက်မှာ ဥက္ကဌ တာဝန်ကို ယူထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။

“ ရွာတစ်ရွာကို ဝင်လိုက်ရင် မိန်းမနဲ့ ကလေးတောင်မှ ကလေးတောင် သိပ်အကြီးမရှိဘူး။ အပွင့်လင်းဆုံးပြောတာ။ အရွယ်ရောက်ပြီးတဲ့ ကလေးနဲ့ လေးဆယ် အောက် မိန်းမ သိပ်မရှိဘူး။ ငါးဆယ်အောက် မိန်းမသိပ်မရှိဘူး။ လေးဆယ်ကျော်ကျော်တောင်မှ အပြင်ထွက်သွားတယ်။ ဒါက အန်တီတို့ ရခိုင်ပြည်နယ်ရဲ့ အမျိုးသမီးတွေ လက်ရှိ ဖြစ်နေတဲ့ အခြေအနေပေါ့နော်။ နောက်ပြီးတော့ အိမ်တွင်းအကြမ်းဖက်မှု တော်တော်အများဆုံးဖြစ်တဲ့ ပြည်နယ်တစ်ခု။” လို့ ဒေါ်ညိုအေးက ဆက်ပြောပါတယ်။

ဆယ်ကျော်သက် အရွယ်ကတည်းက နိုင်ငံရေးအခြေအနေ အပြောင်းအလဲတွေကြားမှာ သူလိုလားရာ သူယုံကြည်ရာလမ်းကို စတင်လျှောက်လှမ်းခဲ့တာပါ။ သူ ယုံကြည်ရာ ဒီမိုကရေစီလမ်းစဉ်တစ်ခုအတွက် သူတစ်ယောက်တည်းရဲ့ ဘဝသာမက သူ့သားသမီးမြေးမြစ်တွေရဲ့ ဘဝတွေအထိပါ ပေးဆပ်ရရှာတာပါ။

 “အခုတော့ အန်တီ့မှာ သားသမီးက အမှန် မွေးခဲ့တာက ၇ ယောက်ပေါ့နော်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ သားအကြီးဆုံးလေးက ရန်ကုန်မှာ ဆုံးရှာခဲ့တယ်။ ပြီးရင် သမီးအလတ်မလေးတစ်ယောက်ကတော့ ရန်ကုန်မှာ ဆုံးကျန်ခဲ့တယ်။ အဲဒါနဲ့ စစ်တွေရောက်တော့ အဲဒီ သားနှစ်ယောက်ကို ၈၇ မှာ မွေးတာ။ — အဲဒီလိုနေရင်းနဲ့ ကလေးတွေ ကျောင်းနေတဲ့ အရွယ်မှာ ဆယ်တန်းမအောင်ဘူး။ သမီးတစ်ယောက်ပဲ အောင်တယ်။ ဆုံးသွားတဲ့ သမီးလေးတစ်ယောက်ပဲ အောင်တယ်။ ဘာကြောင့်လဲဆိုရင် ကလေးတွေက အမေဒဏ်ကို မခံနိုင်ဘူးလေ။ ကျောင်းတက်တိုင်း တက်တိုင်း ထောင်ထဲမှာ အမေက။ အမှန်တကယ် ပတ်ဝန်းကျင်ရဲ့ ဖယ်ကျဉ်မှုကိုလည်း ခံခဲ့ရတယ်။ “  လို့ ဒေါ်ညိုအေးက ဆက်ပြောပါတယ်။

ရခိုင်ပြည်နယ်အတွက်ဆို သူ့ဘဝ သူ့မိသားစု သူ့သားသမီးတွေကိုပါ စွန့်လွှတ်ပြီး အသက်စွန့် တိုက်ပွဲဝင်မယ့် အမျိုးသမီးတစ်ယောက်ပါပဲ။

“အန်တီ့ယောက်ျားက ဒီတစ်ရပ်ကွက်လုံးရဲ့ အတွင်းရေးမှူး လေးနှစ်၊ ဥက္ကဌအဖြစ်နဲ့ လေးနှစ်လောက် လုပ်ဖူးတယ်။ သူ ဥက္ကဌ လုပ်နေရင်းနဲ့ သူ အန်တီကို အကြိမ်ကြိမ် ဖမ်းရတယ်။ ဖမ်းရတယ်ဆိုတော့ မိသားစုအရေးပဲလေ။ တော်တော် လေးကို ဒုက္ခရောက်တဲ့ အခြေအနေတွေ ရှိတယ်။ တော်တော်လေး ကြိုးစားပြီးတော့ ဘဝကို ရပ်တည်ရတာ ပေါ့နော်။ ပွဲရုံတွေလည်း ဆုံးရှုံးတယ်။ ရှိတဲ့ ပစ္စည်းတွေလည်း ရောင်းစားလို့ ကုန်တယ်။ ကိုယ်တို့က ဝင်ငွေတွေ နည်းလာတဲ့အချိန်မှာ ရှိတာလေးတွေ ထုခွဲပြီးတော့ အလုပ်လုပ်ရတာလေ။ ခရီးသွားတာတွေ ရှိတယ်။ ပြီးတော့ အန်တီက နိုင်ငံရေးပါတီနဲ့ ၁၃ နှစ်လုံးလုံး ပိုက်ဆံ တစ်ပြားမှ မရခဲ့ဘူး။ ဒီအလုပ်ကို ရပ်ပစ်လိုက်တော့မယ်လို့ စိတ်ထဲက ဆုံးဖြတ်ချက်တွေ ချထားတာ ရှိတယ်။ ဒါပေမယ့်လည်း တကယ်တမ်းလည်း မရပ်နိုင်သေးပါဘူး။ “  လို့ ဒေါ်ညိုအေးက ဆိုပါတယ်။

ဒေါ်ညိုအေးဟာ မွေးချင်းမောင်နှမ ၁၃ ယောက်ရှိပြီး အခုအချိန်ထိ သူ့ကို စကားမပြောဘဲ ပစ်ပယ်ထားတဲ့ သွေးသား မိသားစု အရင်းတွေကလည်း ရှိနေဆဲပါ။

“ အလုပ်တစ်ခုကို ဇောက်ချပြီးတော့ အဲဒီလူ အဲဒီအလုပ်ကို လုပ်တော့မယ်ဆိုတဲ့အခါ မိသားစုကလည်း အဲဒီဒုက္ခတွေကို ဝိုင်းဝန်းပြီး ခံပေးရတယ်။ တစ်ယောက်တည်း ခံရတာတော့ မဟုတ်ဘူး။ အန်တီ့မှာဆို သားသမီးတွေ တစ်ယောက်မှ ပညာတတ်မဖြစ်ဘူး။ ဘာကြောင့်ဆို အန်တီရဲ့ လှိုင်းဂယက်ကြောင့် ဘယ်သူမှ မဖြစ်တာ။ အဲဒါတွေ ရှိတယ်။ အာ့ကြောင့်ပေါ့ တစ်ယောက်စီကို ၇ နှစ် ၈ နှစ်လောက် နှုတ်မဆက်ဘဲ ထားတယ်။ ခုမှပဲ သူတို့ ပြန်ပြီး အန်တီဆီကို လာတယ်။ တစ်ခါမှ မတွေ့ဖူးပေါ့။ သူ့ညီမတစ်ယောက်နဲ့ သူနဲ့ နှစ်ပေါင်း သုံးဆယ်လောက် ကွဲနေတယ်ပေါ့။ လာတွေ့တယ်။ အန်တီကတော့ အေးဆေးပါပဲ။ ဒါပေမယ့် စိတ်တော့ မရှိနဲ့။ ယုံကြည်တာ လမ်းလျှောက်ကြတဲ့ အချိန်မှာတော့ ပတ်ဝန်းကျင် ရိုက်ခတ်မှု ရှိတဲ့ အချိန်မှာ မောင်နှမတွေ ပတ်ဝန်းကျင်ကလည်း သည်းခံပေးပါဆိုပြီးပေါ့။ တစ်ချို့ကလည်း သည်းမခံနိုင်ဘူး။ စကားတောင် မပြောတော့တာ။”  ဒေါ်ညိုအေးက ပြောပါတယ်။

 “အခုက အန်တီ မိသားစုအခြေအနေကတော့ အဲလိုပဲ လုံးလည်လိုက်နေတာပေါ့နော်။ သားလူပျိုတစ်ယောက်က အန်တီ့ကို ထောက်ပံ့တယ်။ ကလေးအဖေသားတစ်ယောက်ကတော့ အလုပ်တော့ အမြဲလုပ်တယ်။ ဒါပေမယ့် အန်တီကို တစ်လနေမှ တစ်ကြိမ် အဲလောက်တောင် ထောက်ပံ့တယ်ပေါ့။ ကျန်တာကတော့ သူတို့ဝင်ငွေနဲ့ ရတဲ့ ထောက်ပံ့မှုနဲ့ စားကြတာပေါ့။ အန်တီ့အနေနဲ့ကတော့ ဝင်ငွေလည်း မရှိဘူးလေ။ ဆားနဲ့တစ်လှည့် ငါးနဲ့တစ်လှည့်ပေါ့ အဲလိုပဲ သည်းခံရတာပေါ့။ “ သူက ဆက်ပြောပါတယ်။

နှစ်ပေါင်း ၃၀ ကျော် နိုင်ငံအတွက် လူမျိုးအတွက် ဒီမိုကရေစီအတွက် သူ ကြိုးစားခဲ့တာတွေအတွက် ပြန်ရခဲ့တာကတော့ အိုမင်းရင့်ရော်မှုတွေပါပဲ။

“ဘယ်လိုရှိတယ်ဆိုတော့ အားမလို အားမရ ခံစားရတာပေါ့နော်။ ဘာလဲဆိုတော့ အော် ငါဟာပေါ့ ကိုယ့်ထက် သူများကို ဦးစားပေးလွန်းကြီးတဲ့အတွက် ကိုယ့်မိသားစု အပေါ်မှာ လစ်ဟာမှုတွေ ရှိတယ်။ ဒါကြောင့်လဲ သူတို့ကို အပြစ်မပြောနိုင်တဲ့ အားနည်းချက် ရှိတယ်ပေါ့။ ကိုယ်မသေခင် ဘယ်လောက်ထိ အကောင်းဆုံး လုပ်ပေးနိုင်ခဲ့မလဲ ဘယ်လောက်များ လူသားတွေကို ကိုယ် အကျိုးပြုပေးခဲ့နိုင်မလဲ။ ကိုယ်လုပ်ခဲ့တဲ့ ကိုယ်ရဲ့ တောင်းဆိုချက်တွေ၊ ကိုယ်တို့ရဲ့ လုပ်ခဲ့တဲ့ မူလေးတွေ လမ်းလေးပွင့်သွားရင် အန်တီတို့ နေတဲ့ မြန်မာနိုင်ငံက အန်တီမှာ ကျန်ခဲ့တဲ့ သားသမီးတွေအတွက် အကျိုးဆက်တွေလေ။ လောဘကတော့ အဲဒီလောဘတစ်ခုပဲ ရှိတယ်။ ကျန်တဲ့ လောဘမရှိဘူး။

ဆွေမရှိမျိုးမရှိ ဘေးလွယ်အိတ်တစ်လုံးနဲ့ သူ့ယုံကြည်ရာကို ရှေ့ဆက်လျှောက်ဖို့ အများအတွက်ပဲ စဉ်းစားပြီး အများအတွက် ရပ်တည်ပေးပြီး သူ့အတွက် မစဉ်းစားမိ မရှာဖွေမိတဲ့ နိုင်ငံရေးသမားတစ်ယောက်ရဲ့ ဘဝနေဝင်ချိန်ဟာဖြင့်လည်း ……

 576 total views,  1 views today