ရိုးမရေဒီယိုမဂ္ဂဇင်း

စက်တင်ဘာ ၁၉။ ။ ရခိုင်ပြည်နယ်အတွင်းက တောင်သူလယ်သမားတွေရဲ့ အဓိက လိုအပ်ချက်တွေဖြစ်တဲ့ လယ်ထွန်စက်နှင့် သီးနှံ အမြန်ရိတ်သိမ်းစက်တွေကို ထောက်ပံ့ပေးအပ်ဖို့ အိန္ဒိယနိုင်ငံက ကူညီမှာ ဖြစ်ပါတယ်။

အဲဒီအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လယ်ယာစိုက်ပျိုးရေး မွေးမြူရေး သစ်တောနှင့် သတ္တုတွင်းဝန်ကြီးဌာနနှင့် အိန္ဒိယနိုင်ငံသံရုံးတို့ကြား နားလည်မှု စာချွန်လွှာတရပ်ကို စက်တင်ဘာ ၁၂ ရက်နေ့မှာ လက်မှတ်ရေးထိုးပြီး သဘောတူခဲ့ကြတာလည်းဖြစ်ပါတယ်။

သံရုံးရဲ့ ရည်ရွယ်ချက်ကတော့ ခုလို အကူအညီပေးလိုက်ရတဲ့အတွက် ပြည်နယ်အတွင်း စက်မှု လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာဖို့ မျှော်လင့်ပြီး ဆော့ဖ်ဝဲ ကဏ္ဍများမှာလည်း အလုပ်အကိုင်အခွင့်လမ်းများ ရရှိလာဖို့၊ ပြည်နယ်အတွင်းက လူငယ်တွေ ကွန်ပျူတာ နည်းပညာတတ်မြောက်မှုနှုန်း မြင့်မားလာစေဖို့တို့ ဖြစ်ကြောင်း ကြေညာချက်ထဲ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

အဲဒီ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်ရှိ တောင်သူလယ်သမားများသမဂ္ဂ၏ အဓိက လိုအပ်ချက် အဖြစ် ဖော်ပြထားတဲ့ လယ်ထွန်စက် ၁၅ စီးနှင့် သီးနှံအမြန်ရိတ်သိမ်းယာဉ် ၁၅ စီးတို့ကို ပံ့ပိုးပေးဖို့ စီစဉ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဌာနအနေဖြင့်လည်း သံရုံးနှင့် သီးခြား နားလည်မှု စာချွန်လွှာတစ်ခုကို လက်မှတ်ရေးထိုးခဲ့ပါသေးတယ်။ အဲဒီ စာချွန်လွှာမှားလည်းပဲ သံရုံးကနေ စစ်တွေ ကွန်ပျုတာ တက္ကသိုလ်ကို ကွန်ပြူတာ အလုံး ၄၀ အပါအဝင် အခြား ဆက်စပ်ပစ္စည်းတွေ ပေးအပ်သွားမှာလို့ ဆိုပါတယ်။

အိန္ဒိယအစိုးရဟာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအစီစဉ်အတွက် ငါးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၂၅ သန်းကို ကူညီထောက်ပံ့ပေးဖို့ နှစ်နိုင်ငံကြား သီးခြား သဘောတူညီခဲ့ကြပြီး အဲဒီ သဘောတူညီချက်အရ ရှေ့ပြေးစီမံကိန်းတစ်ရပ်ကို ဖော်ဆောင်ရမှာ ဖြစ်ပါတယ်။

ဒါကတော့ အသင့်နေထိုင်နိုင်တဲ့ နေအိမ်အလုံး ၃၅၀ ကို ပြည်နယ် မြောက်ပိုင်းအတွင်းက နေရပ်စွန့်ခွာနေကြရတဲ့သူတွေ အတွက် ဖြစ်ပါတယ်။

ခုလို သဘောတူညီချက်တွေကို ရေးထိုးခဲ့ကြတဲ့ လက်မှတ်ထိုးအခမ်းအနားကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးညီပုနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်း ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်လွင်၊ လူမှုရေးဝန်ကြီး ဒေါက်တာ ချမ်းသာတို့က သက်ဆိုင်ရာ ဝန်ကြီးဌာနများကိုယ်စား တက်ရောက်ခဲ့ကြတာ ဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ နိုင်ငံဆိုင်ရာ သံရုံးဘက်ကတော့ သံအမတ်ကြီး H.E. Shri Vikram Misri က တက်ရောက်ခဲ့ကြတာပါ။

 516 total views,  1 views today