ံArakan Yoma |

ရခိုင်ပြည်နယ်တောင်ပိုင်း မာန်အောင်မြို့နယ်ရှိ နေရောင်ခြည်သုံး လျှပ်စစ်စွမ်းအားပေးစက်ရုံမှ နိုဝင်ဘာလ ၁၄ ရက်နေ့မှ စတင်ကာ ၂၄ နာရီ မီးစမ်းသပ်ပေးနေပြီဖြစ်ကြောင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းက သိရသည်။

လတ်တလောတွင် တစ်မြို့နယ်လုံးသို့ ပေးဝေနေခြင်းမဟုတ်ဘဲ မြို့ပေါ်ရပ်ကွက်တစ်ချို့ကိုသာ စမ်းသပ်ပေးနေခြင်းဖြစ်သည်။  ထိုသို့ ပေးဝေ၍ အဆင်ပြေပါက ပုတ်ချောင်းကျေးရွာနှင့် ဗောဓိကုန်းကျေးရွာအပါအဝင် တစ်ခြားကျေးရွာများကိုလည်း အိမ်သုံးမီတာ ၁၀၀၀ ကျော်ပေးဝေသွားမည်ဟု ဆိုသည်။

မီးပေးဝေဖို့ အဆင်ပြေသည့်အချိန်ကျလျှင် ကျပ် ၄ သောင်းခွဲမှစ၍ ၉ သောင်းကျပ်အထိ မီတာဘောက်များကို ဈေးနှုန်းသတ်မှတ်ထားပြီး ရောင်းချသွားမည်ဖြစ်သော်လည်း မီတာခ တစ်ယူနစ်လျှင် မည်မျှပေးဆောင်ရမည်ကို လက်ရှိအချိန်ထိ မသိရသေးကြောင်းဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

မာန်အောင်မြို့နယ်သည် ရခိုင်ပြည်နယ်တွင် တည်ရှိသည်ဟုဆိုသော်လည် တစ်ခြားမြို့နယ်များနှင့် အဆက်အစပ်မရှိဘဲ ရေကြောင်း ခရီးဖြင့်သာ သွားလာရသည့် မြစ်ဝကျွန်းပေါ်မြို့နယ်တစ်ခုဖြစ်သည်။ သို့ဖြစ်၍ လျှပ်စစ်မီးပေးရန် အခက်ခဲရှိခဲ့သည့်အတွက် နည်းလမ်း ရှာဖွေရာ နေရောင်ခြည်သုံးလျှပ်စစ်စွမ်းအင်ကို အသုံးပြုရန် လမ်းစမြင်ခဲ့ကြခြင်းဖြစ်သည်။

ယင်းနောက် ၂၀၁၈ ခုနှစ်တွင် ကိုရီယားနိုင်ငံ ပေါ်စကိုဒေဝူးကုမ္ပဏီ၏ ထောက်ပံ့မှုဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါနေရောင်ခြည်သုံး လျှပ်စစ်စွမ်းအားပေးစက်ရုံသည် မာန်အောင်မြို့နယ်မှ ခအုံးမောကျေးရွာ၏ မြစ်ကမ်းဘေးတွင် တည်ရှိသည်။ လက်ရှိတွင် စမ်းသပ် ထုတ်လွင့်မှုစတင်နေပြီဖြစ်ပြီး ယခုနိုဝင်ဘာလအကုန်တွင် စက်ရုံဖွင့်ပွဲပြုလုပ်ကာ စတင်ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ သိရသည်။

 641 total views,  1 views today