Arakan Yoma |

ပြည်နယ်လူဦးရေရဲ့ ၅ ဒသမ ၃ ရာခိုင်နှုန်းဟာ မသန်စွမ်းတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့  ဇူလိုင်လ ၈ ရက်နေ့က စတင်ပြီး ရခိုင် မသန်စွမ်းသူများအသင်းကို ဖွဲ့စည်းလိုက်ပြီဖြစ်ပါတယ်။

လက်ရှိဖွဲ့စည်းလိုက်တဲ့ မသန်စွမ်းသူများအသင်းဟာ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်ရဲ့ လက်အောက်ခံအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ယခင်က နိုင်ငံတော်အဆင့်မှာသာ ရှိခဲ့ပြီး မသန်စွမ်းသူများအခွင့်အရေးရဖို့ဆိုရင် ပြည်နယ်နဲ့ တိုင်းဒေသကြီးအဆင့်တွေမှာပါရှိနေဖို့ လို အပ်လာတဲ့အတွက် အခုလို ဖွဲ့စည်းလိုက်ရတာလို့ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ် အလုပ်မှုဆောင်အဖွဲ့ဝင် ဦးညွန့်အောင် ပြောပါ တယ်။

“နိုင်ငံတော်အစိုးရက ၂၀၁၁ ခုနှစ်က ကုလသမဂ္ဂမသန်စွမ်းသူအခွင့်ရေးများသဘောတူစာချုပ်ကို  ပါဝင်လက်မှတ်ထိုးခဲ့တယ်။ ထိုးပြီးတဲ့ အခါ ၂၀၁၅ ခုနှစ်မှာ မသန်စွမ်းသူအခွင့်ရေးများဥပဒေကို ပြဌာန်းခဲ့တာပေါ့။ ၂၀၁၇ ခုနှစ်ကျတော့ မသန်စွမ်းသူများအခွင့်အရေးနဲ့ ပတ် သတ်ပြီးတော့ နည်းဥပဒေတွေပြဌာန်းတယ်။ ပြီးတော့ ဥပဒေပါအခွင့်အရေးတွေကို ဖြည့်ဆည်းပေးဖို့ စောင့်ကြည့်ဖို့အတွက် ဒီမသန်စွမ်း သူအခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီပေါ့နော်။ ဒုတိယသမ္မတတစ်ဦးဦးဆောင်တဲ့ ကော်မတီကိုဖွဲ့စည်းပေးခဲ့တယ်။ တစ်ဖက် ကလည်း ကျနော်တို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့် မသန်စွမ်းသူအခွင့်ရေးများ ကော်မတီတွေကို ဖွဲ့စည်းထားပြီးပြီ။ တစ်ဖက်က ကျ နော်တို့ကျတော့ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်ဆိုတာ အဖွဲ့ဝင် ၂၁ ဦးနဲ့ နိုင်ငံတော်အဆင့်မှာပဲ ရှိနေသေးတော့ ကျနော်တို့ ဒီ မသန်စွမ်းသူတွေ အားလုံးရဲ့ အခွင့်အရေးတွေကို ပူးတွဲဆောင်ရွက်ဖို့အတွက် ဒီတိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်မှာလည်း မသန်စွမ်း အသင်းတွေရှိနေဖို့ လိုလာတဲ့အတွက် ကျနော်တို့ ဖွဲ့စည်းရခြင်းဖြစ်ပါတယ်။”

မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်အနေနဲ့ ရခိုင်ပြည်နယ်အပါအဝင် ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၀ ခုမှာ ဖွဲ့စည်းထားနိုင်ပြီဖြစ်ပြီး ဆက်လက်ဖွဲ့စည်းနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်အတွင်း မသန်စွမ်းသူအသင်းကို ဖွဲ့စည်းရာမှာတော့ ခရိုင်တစ်ခု ချင်းစီက ကိုယ်စားလှယ် ၃ ဦးစီရွေးချယ်တာဖြစ်ပြီး အဲဒီကမှတစ်ဆင့် ပြည်နယ် ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူးနဲ့ ဘဏ္ဍာရေးမှူးစသဖြင့် မဲပေးရွေးချယ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်နယ်အတွင်းက မသန်စွမ်းသူတွေကတော့ အခုလို အဖွဲ့စည်းဖွဲ့စည်းလိုက်တာဟာ သူတို့အတွက် အလားအလာကောင်းမွန်တဲ့ လုပ် ရပ်တစ်ခုလို့ ရှုမြင်ကြပါတယ်။

ရခိုင်ပြည်နယ်မသန်စွမ်းသူများအသင်း ဒုဥက္ကဌတာဝန်ပေးအပ်ခံထားရတဲ့ ကိုတင်အောင်မိုးက “အစတုန်းကဆိုရင် ကျနော်က MINI ပေါ့နော်။ မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ကနေပြီး ၂၀၁၃ ခုနှစ်ကတည်းနေပြီး ပုဏားကျွန်းရုံးခွဲအနေနဲ့ တာဝန်ထမ်းဆောင် လာတာပါ။ ကျနော်တို့ MINI ရှိမယ်။ ရွှေမင်းသားရှိမယ်။ အဲဒီလို အဖွဲ့အစည်းတွေက အများကြီးရှိပြီးတော့ ပေါင်းစပ်မှုမရှိဘူးပေါ့နော်။ အခုတော့ ခေါင်းဆောင်ကြီးတွေကို အကုန်လုံး ပေါင်းစပ်သလို ဖြစ်သွားတယ်ဆိုတော့ နောင်တစ်ချိန်မှာ ဒီရွေးကောက်ပွဲသက်တမ်းတွေ မှာဆိုရင် ဒီထက်ကောင်းမွန်အောင်လုပ်နိုင်မယ်။ မသန်စွမ်းသူတွေကိုလည်း ဒီထက်လက်ရှိထက် ပိုပြီးလုပ်နိုင်မယ်ဆိုတာ ကျနော်တို့က အကျိုးအမြတ်ရမယ်လို့ ထင်ပါတယ်။”လို့ ပြောပါတယ်။

လက်ရှိမှာ မသန်စွမ်းအရေးလူပ်ရှားသူတွေ၊ အဖွဲ့အစည်းတွေ အားကောင်းလာပြီဆိုပေမယ့်လည်း ရခိုင်ပြည်နယ်မှာတော့ တစ်ချို့မြို့ နယ်တွေမှာသာ အားကောင်းနေပြီး မြို့နယ်အများစုမှာ အားနည်းနေသေးတယ်လို့လည်း မသန်စွမ်းတွေက ထောက်ပြကြပါတယ်။

ရခိုင်ပြည်နယ်မသန်းစွမ်းသူများအသင်းကိုတော့ ဇူလိုင်လ ၈ ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ခိုင်သဇင်ခန်းမမှာ ဖွဲ့စည်းခဲ့ကြပြီး အဲဒီအခမ်းအနားကို ဦးဆောင်ဖွဲ့စည်းတဲ့ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်အဖွဲ့ဝင်တွေအပါအဝင် ရခိုင်ပြည်နယ်အတွင်းက မသန် စွမ်းတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူထားချက်အရတော့ ရခိုင်ပြည်နယ်အတွင်းမှာ ကိုယ်မသန်စွမ်းသူ ၄၉၉၈၀ ဦး၊ အကြားမသန် စွမ်းသူ ၄၀၆၆၀ ဦး၊ အမြင်အာရုံမသန်စွမ်းသူ ၆၅၅၇၆ ဦးနဲ့ ဥာဏ်ရည်မသန်စွမ်းသူ ၅၄၅၅၀ ဦးရှိပြီး ပြည်နယ်ရဲ့ ၅ ဒသမ ၃၃ ရာခိုင်နှုန်း ဟာ မသန်စွမ်းတွေ ဖြစ်တယ်လို့ သိရပါတယ်။

 428 total views,  1 views today