Arakan Yoma |

မြန်မာနိုင်ငံ၏ ပထမဆုံး ဧကရာဇ်နိုင်ငံ တည်ထောင်ရာ မြို့တော်ဖြစ်သော ပုဂံ (ခေါ်) တမ္ပဒီပ သည် မြန်မာတို့အတွက် အမျိုးသားရေး လက္ခဏာတစ်ရပ်ဖြစ်သလို ကမ္ဘာ့ခရီးသွားတို့၏ စိတ်ဝင်စားမှုကို ရရှိထားသော နေရာတစ်ခုဖြစ်သည်။ ၎င်းကို ၂၀၁၉ ခုနှစ် ဇူလိုင် ၆ ရက်နေ့တွင် ယူနက်စကို ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခဲ့သည်။ ၉ ရာစုနှောင်းပိုင်း တည်ထောင်ခဲ့သော ၎င်းထက်စော၍ ၄ ရာစုကပင် စတင်တည်ရှိခဲ့သော ရှေးဟောင်းမြို့တစ်ခုမှာမူ ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုခံရရန် ကြိုးစားဆဲ ရုန်းကန်နေရဆဲဖြစ်သည်။

ထိုမြို့မှာ မြောက်ဦးဖြစ်သည်။

မြောက်ဦးသည် မြန်မာနိုင်ငံ၏ အနောက်ဖက်တွင် တည်ရှိပြီး ရခိုင်ပြည်နယ်၏ မြောက်အရပ်၌ တည်ရှိသော ရှေးဟောင်းမြို့တော်ဖြစ်သည်။ မြောက်ဦးတွင် ဝေသာလီ စင်္ဒြမင်းဆက်သည် ၄ ရာစုနှစ်က စပြီးအုပ်စိုးခဲ့သည့်ဟု သမိုင်းများအရ သိရသည်။ ထိုမြို့တွင်ရှိသော ရှစ်သောင်းဘုရားမှာ တွေ့ရသည့် ခရစ် ၈ ရာစုဦးမှ အာနန္ဒစင်္ဒြကျောက်စာအရ ထိုမင်းဆက်၏ အစမှာ ဒေဝစင်္ဒြဟု သိရသည်။

သက္ကရာဇ် ၁၄၁၃ တွင် ရခိုင်ဘုရင် မင်းစောမွန်မှ ရခိုင်နိုင်ငံတော်၏ မြို့တော်အဖြစ် တည်ထောင်ခဲ့ပြီး ၁၇ ရာစုအလယ်တွင် ၎င်းမြို့တော်မှ ပေါ်တူဂီ၊ နယ်သာလန်၊ အင်းဝ၊ ပဲခူး၊ အာရေဗီးယား၊ ပါရှားနှင့် အိန္ဒိယနိုင်ငံတို့နှင့် ကူးသန်းရောင်းဝယ်ဖောက်ကားခဲ့သည်။ ဆန်စပါး၊ ချည်မျှင်၊ ပတ္တမြား၊ ဆင်၊ ကျေးကျွန်၊ မြင်း၊ ဆင်စွယ်၊ ဟင်းခေတ်အမွေးအကြိုင်များကို ကူးသန်းခဲ့သလို တိုင်းတစ်ပါးသားတို့ကပါ အမှုထမ်းခဲ့ကြသည်ဟု သမိုင်းတို့က ဆိုသည်။

မြောက်ဦးခေတ်၏ အထွတ်အထိပ်ကာလရောက်ချိန်တွင် ဒါကာနှင့် စစ်တကောင်းအပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်နိမိတ်၏ တစ်ဝက်၊ ယခု လက်ရှိ ရခိုင်ပြည်နယ်နှင့် မြန်မာပြည် အောက်ပိုင်းတစ်ခွင်ထိ အာဏာစက်သက်ရောက်ခဲ့သော အုပ်ချုပ်ရေးမြို့ဖြစ်ခဲ့သည်။ ထိုခေတ်တွင် ရခိုင်ဘုရင်တို့က ရခိုင်စကားလုံး အာရဗီစကားလုံးနှင့် ဘင်္ဂလီစကားလုံးများပါဝင်သော ဒင်္ဂါးများကို ရိုက်နှိပ်သုံးစွဲခဲ့ကြကာ မြောက်ဦးတွင် ဘုရားပုထိုးများနှင့် သာသနိက အဆောက်အဦများစွာ တည်ဆောက်ခဲ့ကြသည်။ ထင်ရှားသော စေတီပုထိုးများမှာ သျှစ်သောင်းပုထိုးတော်ကြီး ဖြစ်ပြီး ဆင်းတုတော် ၈၀၀၀၀ တည်ထားသည်။ ထုက္ကံသိမ်နှင့် ကိုးသောင်းပုထိုးတော်ကြီး၊ မာန်ငါးပါးစေတီပုထိုးများသည် ယနေ့တိုင် ကမ္ဘာ့ခရီးသွားတို့၏ စိတ်ဝင်စားမှုကို ရရှိနေဆဲဖြစ်သည်။

ရှေးအခါက ရခိုင်မင်းအဆက်ဆက်တို့ နန်းစိုက်ခဲ့ရာမြို့တော်တွင် ယနေ့တိုင် တွေ့မြင်နိုင်သော ရှေးအတိတ်က ကောင်းစားခဲ့ပုံတို့ကို သက်သေ သမိုင်းအမွေတစ်ခုလို ထင်ရှားရှိနေဆဲဖြစ်ရာ ထိုဒေသကို ရခိုင်တို့က ကမ္ဘာ့အမွေအနှစ်တစ်ခုအဖြစ် မှတ်တမ်းရှိစေချင်ကြသည်။ သို့မှသာ ထိုသမိုင်းတို့ တည်တံ့နိုင်မည်ဟု ၎င်းတို့က ယုံကြည်ကြသည်။

ယနေ့ မြောက်ဦးဖွဲ့စည်းပုံသည် ယခင်နှင့်ကွာခြားမှုတစ်ချို့ရှိလာသည်။ ယခင်က မြောက်ဦးသည် ဆန်းကြယ်လှသည်။ မြို့မျက်နှာပြင်မှာ မြေညီမြေပြန့်မဟုတ်ဘဲ တောင်ကုန်း တောင်ပူစာတို့ဖြင့် သာယာလှသည်။ ဟံသာဝတီ နေပြည်တော်တွင် ရောက်ရှိနေခဲ့သော ရခိုင်စာဆို ဥက္ကာပျံက ၎င်းဇာတိကို လွမ်းဆွတ်၍ မြောက်ဦးရွှေမြို့တော်၏ သာယာပုံကို တစ်ဆယ့်နှစ်ရာသီ ရတုမှာ ဖွဲ့ဆိုခဲ့သည်။

ထိုသို့ ဖွဲ့ဆိုပုံတွင် မြောက်ဦးသည် စစ်တွေမြို့၏ အထက်မိုင် ၅၀ ခန့်အကွာ ကုလားတန်မြစ် လက်တက်ဖြစ်သော ရွှေနတ်ပြင်ချောင်းကမ်းပေါ်တွင် တည်ရှိသည်။ မြို့ဟောင်းသို့ သင်္ဘောဆိုက်ကပ်သောအခါ သင်္ဘောဆိပ်မှာ မြို့နှင့် အတန်ငယ် ကွာဝေး၍ သင်္ဘောဆိပ်မှတဆင့် မြို့တွင်းသို့ ကူးတို့ဖြင့် ထပ်၍ ကူးရသည်။ ထိုကတဆင့် မိုင်ဝက်ခန့် ကုန်းကြောင်း သွားသော် ရောက်ရှိသည်။ မြို့အနေအထားမှာ သဘာဝအားဖြင့် ချောင်းမြောင်းများဖြင့် ရစ်သန်းနေ၍ လုံခြုံလှသည်။ မြို့တစ်ဖက်တွင် လွင်ပြင်ကြီးရှိ၍ လွင်ပြင်ကြီးကို ကျော်လွန်သောအခါ တောင်တန်းတောင်ရိုးများ ပိတ်ဆီးကာရံလျက်ရှိသည်။ မြေပြန့်လွင်ပြင်တွင် စပါးစိုက်ပျိုးသည် ဟု ဆိုသည်။

ထိုသို့ သာယာလှပဖွယ် မြို့တော်မြောက်ဦးကို မင်းနေပြည်တော်အဖြစ် ဦးစွာတည်ထောင်သူမှာ ပဲဖြူမင်းဖြစ်သည်။ ၁၁၄၆ တွင် မြန်မာမင်းဘိုးတော်ဘုရားက သိမ်းယူပြီးနောက် ထိုနှစ်မှစတင်ကာ မြောက်ဦးတွင် မြို့ဝန်များ ခန့်၍ အုပ်စိုးစေလာခဲ့သည်။ ခရစ် ၁၈၂၄ တွင် ပထမ အင်္ဂလိပ်မြန်မာစစ်ပွဲဖြစ်လာပြီး အင်္ဂလိပ်တို့က စစ်တပ်များကို ထိုမြို့၌ပင် နေရာချခဲ့သည်။ စစ်အပြီးတွင် စစ်တွေမြို့ကို မြို့တော်အဖြစ် ပြောင်းရွေ့လိုက်ကြသည်။

ရခိုင်တို့၏ အဖိုးအနဂ္ဂဖြစ်သော မြောက်ဦးကို လက်ရှိတွင် ယူနက်စကိုအသိအမှတ်ပြုနိုင်ရေး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် လုပ်ငန်းတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိနေသည်။ ၂၀၁၄ ခုနှစ်တွင် ဗိဿနိုး၊ ဟန်လင်း၊ သရေခတ္တရာ စသည့် ပျူမြို့ဟောင်းသုံးမြို့တို့ကို ကမ္ဘာ့အမွေအနှစ်အဖြစ် စာရင်းဝင်နိုင်အောင် ဆောင်ရွက်ခဲ့သည်။ ပုဂံဒေသကို ၂၀၁၉ ဇူလိုင်တွင် စာရင်းဝင်စေခဲ့သည်။ ထိုအတိုင်းပင် မြောက်ဦးကိုလည်း ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းနိုင်ရေး ယူနက်စကို၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အီတလီနိုင်ငံများက နည်းပညာနှင့် ပစ္စည်းအထောက်အပံ့များကို ကူညီလျက်ရှိနေပြီး ပြည်တွင်းပြည်ပ ပညာရှင်များ ဒေသတွင်းရှိ ဌာနဆိုင်ရာများ ဒေသခံတို့နှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် လက်ရှိ၌ အဆိုပြုစာ (မူကြမ်း) လုပ်ငန်းမှာ ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီဟု မြောက်ဦးမြို့နယ် ရှေးဟောင်းသုတေသနဌာနမှ သိရသည်။ ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်အဆိုပြုစာတွဲ (မူကြမ်း) တင်သွင်းနိုင်ရေးနှင့် ၂၀၂၁ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံနိုင်ရေးအတွက် လုပ်ဆောင်နေကြခြင်းဖြစ်သည်။

သို့ရာတွင် လတ်တလော ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော တိုက်ပွဲများတွင် မြောက်ဦးမြို့ပေါ်နှင့်  ယဉ်ကျေးမှုနယ်မြေရှိ အဆောက်အဦတချို့များပါ ထိခိုက်မှု ရှိလာခဲ့မှုတို့ကြောင့် ထို လုပ်ငန်း နှောင့်နှေးထိခိုက်မည်ကို စိုးရိမ်မှုလည်း ရှိနေကြသည်။

ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ်သတ်မှတ်ခံရပါက နိုင်ငံတကာမှ ပညာရှင်များနှင့် ကျွမ်းကျင်သူများ လာရောက်မည် ဖြစ်သည့်အတွက် အဆိုပါဒေသမှ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများ၊ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများ၊ ဒေသလူ့အဖွဲ့အစည်း၏ အလုပ်ကိုင်အခွင့်အလမ်းနှင့် စီးပွားရေးတို့ တိုးတက်လာမည်ဖြစ်သည်။

သို့ဖြစ်၍ မြောက်ဦး ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် UNESCO ဝင်နိုင်ရေးနှင့် ပတ်သတ်ပြီး မြောက်ဦးရှေးဟောင်း သုတေသနဦးစီးဌာနမှ ကော်မတီများဖွဲ့ကာ ယဉ်ကျေးမှုအမွေအနှစ်များအား ထိန်းသိမ်းတတ်စေဖို့ ဒေသခံများအား အသိပညာပေးဟောပြောခြင်းများ လစဉ် ပြုလုပ်လျှက်ရှိနေသည်ဟု ရှေးသုက ဆိုသည်။

မူလက ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ကမ္ဘာ့ကုလသမဂ္ဂ ပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) သို့ မူကြမ်းတင်သွင်းနိုင်ရေးကို ရည်မှန်းခဲ့ကြသော်လည်း အကြောင်းကြောင်းကြောင့် နောက်ကျခဲ့ရာ ၂၀၁၉ စက်တင်ဘာလကို ရွေ့ဆိုင်းလိုက်ရခြင်းလည်း ဖြစ်သည်။

၂၀၁၉ ခုနှစ် မတ်လ ဒုတိယသီတင်းပတ်က မြောက်ဦး ရှေးဟောင်းနယ်မြေထဲသို့ လက်နက်ကြီးကျည်များ ကျရောက်မှုတွင် သမိုင်းဝင်အဆောက်အဦတချို့အနီးက အဆောက်အဦများ ထိခိုက်မှုရှိခဲ့သည်။ ထိုသို့ တိုက်ပွဲများကြောင့် ယူနက်စကို တင်သွင်းရေးလုပ်ငန်းစဉ်များမှာ နှောင့်နှေးမှုများလည်း ရှိနေသည်ဟု ရှေးသုက ဆိုသည်။ ထို့ကြောင့် တိုက်ပွဲဖြစ်ပွားနေကြသည့် နှစ်ဖက် လက်နက်ကိုင်တပ်များအားလုံးကိုလည်း ယဉ်ကျေးမှုအမွေနှစ်ဇုန်ကို ရှောင်ရှားဖို့ ရှေးသုက မေတ္တာရပ်ခံထားရသည်။

အရာအားလုံးချောမွေ့ပြီး မျှော်မှန်းထားသည့်အတိုင်းဖြစ်လာမည်ဆိုပါက ပုဂံဒေသသည် ကမ္ဘာ့အမွေအနှစ်ဖြစ်လာသကဲ့သို့ ရခိုင်တို့၏ မြောက်ဦးသည်လည်း ဖြစ်လာရမည်ပင် ဖြစ်ပါတော့သည်။

မှီငြမ်း : မြန်မာ့စွယ်စုံကျမ်း နှင့် ဒေသတွင်း သတင်းမီဒီယာများ၏ ရေးသားဖော်ပြချက်တို့/

ဓာတ်ပုံ – မူရင်းရိုက်ကူးသူနှင့် သက်ဆိုင်သူများသို့ ခွင့်ပြုချက်ရယူတောင်းခံနိုင်ခဲ့ခြင်းမရှိမှုများအပေါ် တောင်းပန်ပါသည်။ မိမိတို့သည် ငွေကြေးအကျိုးအမြတ်အပေါ် အခြေမခံဘဲ ဒေသတွင်း လူမှုဘဝများကို ပေါ်လွင်စေရုံနှင့် ၎င်းတို့အား တန်ဖိုးထား ချစ်မြတ်နိုးစေဖို့ကိုသာ ရည်ရွယ်သော ဌာနတစ်ခုဖြစ်သည့်အတွက် လူကြီးမင်းတို့အနေဖြင့် ကြည်ဖြူစွာ အသုံးပြုခွင့်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်စွာဖြင့် ယခုလို အသုံးပြုမိသည်ကို ဝန်ခံပါသည်။

 937 total views,  1 views today