ကိုအောင်၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ဒီတပါတ်မှာတော့ ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောဒေသက ၀ါဆိုပန်းခူးထွက်တဲ့ ဓလေ့အကြောင်းကို တင်ဆက်ပေးသွားမှာပါ။ ၀ါဆိုပန်းဆိုတာ၊ ဘယ်လိုပန်းမျိုးလဲ၊ ၀ါဆိုပန်းခူးပြီး ဘယ်လို သုံးကြသလဲ၊ ရဟန်းသံဃာတွေက ၀ါဆိုပန်း အလှူခံရတဲ့အခါ ဘယ်လိုသုံးကြရသလဲ၊ ၀ါဆိုပန်းခူးတဲ့ဓလေ့ ဘယ်လို ပြောင်းလဲလာသလဲ စတဲ့ အကြောင်း အရာတွေကို သတင်းထောက် ကိုအောင်က ပေးပို့ထားပါတယ်။

ဘူးသီးတောင်နဲ့ မောင်တောလို့ ပြောသံကြားလိုက်တာနဲ့ တော်တော်များများကတော့ ပဋိပက္ခတွေ၊ သွေးထွက်သံယို အနိဋ္ဌာရုံ မြင်ကွင်းတွေ၊ လူ့အခွင့်အရေး အကြောင်းအရာတွေနဲ့ နိုင်ငံရေး အကြပ်အတည်းကိုပဲ ပြန်ပြီး မြင်ယောင် ကြားယောင်မိကြမှာပါ။ ဒါပေမယ့် ဒီဒေသမှာ နေထိုင်ကြတဲ့ သာမန်ပြည်သူ အများစုကတော့ အခက်အခဲ အကြပ် အတည်းတွေ ကြားထဲကပဲ နေ့စဉ် လူမှုဘ၀တွေကို ပျော်ပျော်ရွှင်ရွှင် အေးအေးဆေးဆေး ဖြတ်သန်းတတ်ကြပါတယ်။

ဝါဆိုလပြည့်ကျော် ၁ ရက်နေ့ကတော့ ဘူးသီးတောင် မောင်တောကားလမ်းဘေး၊ သစ်တောရွာနားက စမ်းချောင်း (မြောင်) ထဲမှာ ဆောင်းဘောက်တွေက သီချင်းသံတွေ၊ သီဆိုကခုန်တဲ့ အသံတွေနဲ့ ဆူညံ စည်ကားနေပါတယ်။ တမြို့လုံးက လူငယ်တွေနဲ့ ဆယ်ကျော်သက် အများစုပါဝင်တဲ့ အဖွဲ့တွေဟာ အုပ်စုလိုက်၊ မိသားစုလိုက် ၀ါဆိုပန်းခူးဖို့ လာကြတာပါ။ မောင်တောမြို့က ကိုစိန်လှဖြူက သူ့ရဲ့ ၀ါဆို ပန်းခူးအတွေ့အကြုံကို အခုလို ပြောပါတယ်။

“၀ါဆိုပန်းခူးတယ်ဆိုတာက ဒေသရဲ့ လှပတဲ့ တောတောင်သဘာဝရှုခင်းတွေ၊ နောက်ပြီးတော့ တောမှာ ပေါက်တဲ့ပန်း၊ အဲ့ဒီပန်းတွေရှာပြီး ညဘက် ဘုရားတင်တယ်။ သွားတာတော့ သူသူငါငါ အားလုံး သွားကြတာပါ။ အပျော် အပါးလဲဖြစ်တယ်။ ဘုရားကိုလှူတော့ ကုသိုလ်လဲဖြစ်တယ်။”

ဝါဆိုချိန်ဆိုတာ ဘာလဲ၊ ၀ါဆိုပန်းကပ်လှူခြင်းဆိုတာ ဘယ်လိုအဓိပ္ပါယ်ရှိလဲ။ ဒီဓလေ့က ဘယ်အချိန်ကတည်းက ရှိနေလဲဆိုတာ ဗုဒ္ဓဘာယာ ယဉ်ကျေးမှုသင်ခန်းစာတွေ သင်ကြားပေးနေတဲ့ ဘူးသီးတောင်မြို့ သုဓမ္မာရုံကျောင်း ဆရာတော် အရှင်သာဂရ ကို မေးမြန်းလျှောက်ထားကြည့်ပါတယ်။

“အသက်ကြီးတဲ့ အဖိုး အဘောင်တို့ဆိုရင် ဥပုသ်နေ့မတိုင်ခင် အဖိတ်နေ့ကတည်းက အိပ်ယာလိပ်တို့ ခေါင်းအုံးတို့ စောင်တို့ယူလာပြီး ဘုန်းကြီးကျောင်းတွေမှာလာပြီး ကြိုပြီး ဥပုသ်စောင့်တာရှိတယ်။ လပြည့်နေ့ကျတော့ သူတို့သားသမီးတွေက ဆွမ်းချိုင့်တွေနဲ့ သူတို့ အဖိုး အဘောင် အဖေ အမေတွေကို ဆွမ်းတွေလာပို့ကြတယ်။ အဲ့ဒီခေတ်ကတော့ အခုလို စုပေါင်းဆွမ်းကျွေးတာတွေသိပ်မရှိဘူး။” လို့ မိန့်ကြားပါတယ်။

ရဟန်းသံဃာတော်တွေဟာ မိုးရာသီကာလအတွင်းမှာ ခရီးဝေးသွားလာတာ မလုပ်ကြပဲ မိမိကျောင်းမှာပဲ တမိုးတွင်းလုံး သီတင်းသုံးနေထိုင်ကြဖို့ မြတ်စွာဘုရားက စည်းကမ်းသတ်မှတ်ခဲ့ပါတယ်။ အဲ့ဒီလို ကျောင်းမှာပဲ သံဃာတော်တွေ အတူတကွ ညီညီညွတ်ညွတ်နေထိုင်ကြဖို့ အပြန်အလှန်ကတိပြုကြတာကို ၀ါဆိုတယ်၊ ၀ါကပ်တယ်လို့ ပြောဆိုကြပါတယ်။ အဲဒီလိုဝါဆိုတဲ့ ကာလဟာ (ရခိုင်/ မြန်မာ) ပြက္ခဒိန်အရ ၀ါဆိုလပြည့်ကျော် ၁ ရက်နေ့ကနေ သီတင်းကျွတ်လပြည့်နေ့ အထိ ဖြစ်ပြီးအဲ့ဒီကာလကိုပဲ ၀ါတွင်းကာလလို့ သတ်မှတ်ကြပါတယ်။ ရဟန်းတော်တွေ အချင်းချင်း အညီအညွတ်နေထိုင်ကြမယ်လို့ ကတိပြုကြတဲ့ အစီအစဉ်ကို ၀ါဆိုလပြည့်ကျော် ၁ ရက်နေ့ညနေပိုင်းမှာ ပြုလုပ်ကြပြီး အဲ့ဒါကို ပ၀ါရဏာပြုတယ်လို့ ခေါ်ပါတယ်။

“အရှင်ဘုရားတို့အား ဒီဝါဆိုပန်းကို ကပ်လှူပါ၏၊ အရှင်ဘုရားသည် စိတ်ချမ်းသာစွာဖြင့် ၀ါဆိုဝါကပ်တော်မူပါ ဘုရား။ အဲ့လိုဆိုပြီးတော့ ပန်းကပ်လိုက်တယ်။ ဦးဇင်းတို့က အဲ့ဒီပန်းတွေကို ဘုရားမှာပြန်ကပ်တယ်။ ည ၉ နာရီ လူတချို့အိပ်ရာဝင်တဲ့အချိန်၊ လူခြေတိတ်တဲ့အချိန်မှာ ပန်းကိုစွန့်၊ သံဃာတော်ဘယ်နှစ်ပါးရှိလဲ၊ ပန်းတွေထဲကလဲ ကျရာပန်းသုံးမျိုးလောက်ကို တပါးကို ပန်းသုံးမျိုးလောက်ပေးပြီးတော့ အဲ့ဒါနဲ့ ၀ါဆိုတယ်။” ဆရာတော်က ဆက်လက်မိန့်ကြားပါတယ်။

ရဟန်းတော်တွေ ပ၀ါရဏာပြုချိန်လို့ခေါ်တဲ့ ၀ါကပ်ချိန်မှာ ဘုရားကို ရည်မှန်းပြီး ပူဇော်ဖို့အတွက် ၀ါဆိုပန်းတွေကို ဒကာ ဒကာမတွေက ရဟန်းတော်တွေထံကို ၀ါဆိုလပြည့်ကျော် ၁ ရက်နေ့မှာပဲ ကပ်လှူကြတယ်လို့ ဆရာတော်က ရှင်းပြပါတယ်။ ၀ါဆိုပန်းဆိုတာ ဘယ်လိုပန်းမျိုးလဲဆိုတာ ဆရာတော် အရှင်သာဂရ က အခုလိုပြောပြပါတယ်။

“ဘုရားရှင်လက်ထက်ကလည်း ၀ါဆိုပန်းကပ်တယ်ဆိုတာရှိတယ်။ အနီးအနားက တောပန်းတွေကို ခူးပြီးတော့ …. ၀ါဆိုလမှာပွင့်တဲ့ပန်းတွေကို ပိုပြီးတန်ဖိုးထားကြတယ်။ တခြားတခြားအချိန်မှာပွင့်တဲ့ ပန်းထက် ၀ါဆိုလမှာမှ ပွင့်တဲ့ပန်း၊ ဒါမှမဟုတ် ၀ါတွင်းတတွင်းလုံး ပွင့်တဲ့ပန်း အဲ့လိုပန်းတွေကို တန်ဖိုးထားပြီး ရှေးလူကြီးတွေ ခူးပြီး ၀ါဆိုပန်းကပ်တာရှိတယ်လို့ ဆရာတော်ကြီးတွေဟောတဲ့ တရားတွေမှာ နာဖူးတယ်၊ ဆောင်းပါးတွေမှာ တွေ့ဖူးတယ်။ အဲ့ဒီပန်းက ဘယ်လိုပန်းလဲဆိုတော့ တောတွေတောင်တွေ၊ စမ်းချောင်းကမ်းနားတွေမှာ တွေ့ရတယ်။ အပွင့်နီနီသေးသေးလေ၊ အရွက်နုက အဖြူ၊ ကျန်တဲ့အရွက်ကတော့ အစိမ်းရောင်ရှိတယ်။ အဲ့ဒီပန်းက အခုလိုမိုးတွင်းမှာပဲတွေ့ရတယ်။ အဲဒီပန်းတွေကိုပဲ တန်ဖိုးထားပြီး ထမင်းချိုင့်တွေနဲ့ သွားခူးကြတယ်။ ခူးတာတော့ သိပ်မကြာပါဘူး။ အလွန်ဆုံး တနာရီ နှစ်နာရီလောက်ပဲ။ ခူးလာပြီးတော့ သံဃာတော်တွေ ၀ါကပ်နိုင်အောင် ကပ်တာတွေ့တယ်။ အဲ့ဒီတုန်းကပေါ့။”


ကိုစိန်လှဖြူကတော့ လှပတဲ့ပန်းတွေကို ရှာပြီးလှူပေမယ့် ၀ါဆိုပန်းဆိုတာ ဘယ်အမျိုးအစား ပန်းလို့ အသေအချော မပြောတတ်ဘူးလို့ ဆိုပါတယ်။

“တောမှာပေါက်တဲ့ပန်းကို ၀ါဆိုပန်းလို့ပဲ သတ်မှတ်တယ်။ ဘယ်လိုပန်းလို့ မရှိဘူး။ ပန်းအမျိုးအစားလဲ ခေါ်ဖို့တော့ မတတ်ဘူး။ လှတဲ့ပန်းလေးတွေကို မိန်းမတွေကခူးတယ်။ ဆေးကြော သန့်စင်ပြီး ညနေပိုင်း ဘုရားမှာကပ်တယ်။”

ဒါပေမယ့်လူငယ်အများစုကတော့ ၀ါဆိုပန်းဆိုတာ ဘယ်လိုပန်းလဲ ၀ါဆိုပန်းခူးတယ်ဆိုတာ ဘာကိုရည်ရွယ်သလဲဆိုတာ မသိကြတော့ပါဘူး။ သားသမီးတွေကို လိုက်ပို့ရင်း လာရောက်တဲ့ ဘူးသီးတောင်မြို့က ကိုသန်းသန်းမောင်က ၀ါဆိုပန်းတခက်ကို ပြပြီး အခုလိုပြောပါတယ်။

“လပြည့်နေ့ဆို ဥပုသ်စောင့်ကြတယ်။ လပြည့်ကျော်တစ်ရက်နေ့ဆို ဝါဆိုပန်း ခူးကြပါတယ်။ ဝါဆိုပန်းဆိုတာ ဒီလိုပန်းပါ။ အခုတော့ တောတောင်တွေမှာလဲ ပွင့်နေတာ မရှိတော့ဘူး။ ခေတ်ကာလ ရာသီပြောင်းသလို ပန်းတွေလဲ ရှားပါးကုန်ပါပြီ။ ပန်းတွေရှာရင်း မိသားစုပျော်ပွဲစားရင်း လာကြတာပါ။”
ဝါဆိုပန်းခူးပြီး ရဟန်းတော်တွေကို ကပ်လှူတဲ့ ဓလေ့ထုံးစံတခုဟာ နှစ်ပေါင်းနှစ်ဆယ်ကျော် ကာလအတွင်းမှာ အပြောင်းအလဲတွေ အများကြီးဖြစ်လာခဲ့ပါတယ်။ တရက်လုံးနီးပါး ၀ါဆိုပန်းခူးဖို့ လာကြပေမယ့် ညနေအိမ်ပြန်ချိန်မှာတော့ ပန်းတွေမပါပဲ ပြန်လာကြသူတွေပဲများပါတယ်။ ဘူးသီးတောင်မြို့မှာနေတဲ့ ဒေါ်အေးသာစိန်က “အရင်ကဆိုတော့ အခုလိုမဟုတ်ဘူး။ သောက်တာစားတာမရှိဘူး။ ပန်းရတော့ ဘုန်းကြီးကျောင်းမှာကပ်တယ်။ အခုတော့ ပန်းလဲမရတော့ဘူး။ အဖွဲ့လိုက်သွားပြိး ကခုန်နေကြတာပဲ ရှိတော့တယ်။” လို့ ပြောင်းလဲလာပုံကို ပြောပြပါတယ်။


ဆရာတော်အရှင်သာဂရကတော့ အခုလို ယဉ်ကျေးမှုဓလေ့ထုံးစံတခုကနေ အပျော်အပါးသက်သက် ပြောင်းလဲသွားတဲ့ အတွက်တော့ စိတ်မကောင်းဖြစ်မိနေတာပါ။

“အခုကတော့ ကလေးတွေက ၀ါဆိုပန်းကို နာမည်ပြပြီးတော့ အပျော်သဘောကို ဦးစားပေးသလို ဖြစ်သွားပြီလေ။ မြို့နား ပြင်နား ရွာနားမှာဆိုတော့ သူတို့အတွက် မချောင်ဘူးလေ။ မြို့နဲ့ဝေးတဲ့နေရာမှာ သောက်စားပြီးတော့ အပျော်ဘက်ကိုပဲ အားသာတဲ့ဓလေ့ဖြစ်သွားတယ်။ ပန်းတွေ မရှိတာတော့မဟုတ်ဘူး။ ပန်းတွေရှိတယ်။ အဲ့ဒီပန်းတွေကို ခူးရမှန်းမသိဘူး။ တနေကုန်ဆောင်းဘောက်ဖွင့် ကခုန်ပြီးတော့မှ ပြန်လာကြတာ။ ပန်းလဲ မပါဘူး။” လို့ မိန့်ပါတယ်။

အသက်အရွယ် ကွာခြားချက်အရ အမြင်ကွဲပြားမှုတွေရှိပေမယ့် ပြောင်းလဲလာမှုကို လက်ခံပေးနိုင်သူတွေလဲ ရှိပါတယ်။ မောင်တောမြို့က ကိုစိန်လှဖြူက “ခေတ်ကလဲ ပြောင်းလာတယ်။ အမြင်တွေကလဲ ပြောင်းလာတယ်။ တချို့ကတော့ ဆောင်းဘောက်ကြီးတွေသုံးပြီး သွားကြတယ်။ တချို့ကတော့လည်း ရိုးရိုးပဲ သွားကြတယ်။ ဆောင်းဘောက်တွေ ဘာလို့သုံးရလဲလို့ သူတို့ကို သွားပြောပြန်ရင်လဲ ကိုယ်ပဲ အမုန်းခံရတော့မှာ။” လို့ ပြောပြီး ဘူးသီးတောင်မြို့က ဦးကျော်ဝင်းကတော့ “အရင်ကဆို ကားတွေလဲမရှိသေးတော့ အစောကြီးထ ထမင်းချက်ပြီး ထည့်ယူလာရတယ်။ လမ်းလျှောက်လာရတယ်။ အခုတော့ လမ်းတွေလဲကောင်းလာတော့ ပိုပြီးစည်ကားနေတာတော့ မြင်ရပါတယ်။ လူကြီး လူငယ် ကလေး အားလုံးပျော်နေကြတယ် ဆိုတော့လဲ ၀မ်းသာစရာပါ။” လို့ ဆိုပါတယ်။

ဘူးသီးတောင်နဲ့ မောင်တောကားလမ်းအတိုင်း မေယုသစ်တောထဲက မိုးရာသီကာလ တလျှောက်လုံး စမ်းချောင်းနဲ့ တောပန်းတွေ သဘာဝပေါက်ပင်တွေနဲ့ စိန်းလန်းနေခဲ့ပေမယ့် အခုအချိန်မှာတော့ မြင်ကွင်းတွေ၊ သဘာဝါပေါက်ပင်တွေ၊ မြေပြင်အနေအထားတွေလဲ အများကြီးပြောင်းလဲလာခဲ့ပါတယ်။ အဲဒီပြောင်းလဲမှုတွေနဲ့အတူ ဒေသရဲ့ စီးပွားရေး အခြေအနေတွေ၊ နေထိုင်မှုပုံစံတွေပါ ပြောင်းလဲလာတာက ၀ါဆိုပန်းခူးထွက်တဲ့ ဓလေ့တခုကိုလဲ လုံးဝပြောင်းလဲစေခဲ့တယ်လို့ ဒေသခံတွေက ယူဆကြပါတယ်။


“ပြောရရင် အပင်အခက်တွေကလဲ မရှိတော့ဘူး။ ကျောက်တုံးကြီးတွေလဲ မရှိတော့ဘူး။ စမ်းချောင်းထဲက ကျောက်တွေထုတ်တယ်။ သစ်ပင်ကြီးတွေခုတ်တော့ ပြုန်းလာတယ်။ အပင်တွေတွယ်တက်ဖို့ ကျောက်တွေ မြေသားတွေမရှိတော့ တောင်တွေပြိုတယ်၊ ရေတွေနောက်လာတယ်။ ရေကြည်ဆိုတာ မရှိတော့သလောက်ပဲ။” လို့ ကိုစိန်လှဖြူကပြောပါတယ်။

ဘူးသီးတောင်မြို့သား ကိုဦးကျော်မြင့်ကလည်း သူငယ်စဉ်က သွားလာခဲ့ဖူးတဲ့ စမ်းချောင်းလေးရဲ့ အခြေအနေကို အခုလို ပြန်ပြောပြပါတယ်။

“အရင်ကဆိုရင် ပန်းခူးဖို့ ဒီနေရာကိုလာဖို့မလိုပါဘူး။ တပ်ရင်း ၁၃ အလွန်မှာ ဘုန်းကြီးကျောင်းရှိတယ်။ အဲ့ဒီနားလောက်ပဲ။ ဒီနေရာကိုမရောက်ဘူး။ အခုက ၀ါဆိုပန်းခူးဖို့နေရာကိုထားပါဦး။ အဲ့ဒီနေရာက ပင်လယ်လို ကျယ်သွားတယ်။ အခုဒီနေရာကို ကျွန်တော်တို့ ငယ်ငယ်က တခါမှမလာဖူးခဲ့ဘူး။ ကျောက်တုံးကြီးတွေဆို ဧရာမအကြီးကြီးတွေ။ အခုတော့ ဆိုင်ကယ်မပြောနဲ့ စမ်းချောင်းထဲမှာ ကားတောင်သွားလို့ရတယ်။ ဘောလုံးကန်နေလို့တောင်ရတယ်။”

ဝါဆိုပန်းခူးတဲ့ ဓလေ့ ထုံးစံတခုဟာ ရခိုင်ပြည်နယ်ထဲက တခြားနေရာတွေမှာ လုံးဝမရှိတော့သလောက် ဖြစ်နေပေမယ့် ဘူးသီးတောင် မောင်တောဒေသမှာတော့ နာမည်တခုကျန်နေရုံလေးပဲဖြစ်ဖြစ်တော့ ရှိနေပါသေးတယ်။ မောင်တောသား ကိုစိန်လှဖြူကတော့ သူ့ရဲ့ သားသမီးတွေကို ၀ါဆိုပန်းခူးထွက်တဲ့အကြောင်း ပြောပြပြီး လူငယ်မျိုးဆက်သစ်တွေကို ဒီဓလေ့ပြန်လည်ဖော်ထုတ်နိုင်ဖို့ မျှော်လင့်နေပါသေးတယ်။

“ဘူးသီးတောင် မောင်တောမှာပဲ ၀ါဆိုပန်းခူးထွက်တယ်လို့ ပြောကြတယ် တခြားနေရာမှာတော့ မကြားမိပါဘူး။ အရင်ကတော့ ရှိမယ် ကပ်ကြလှုကြတယ်။ အခုကတော့ မရှိသလောက်ပဲပေါ့။ အခုတက်လာမယ့် လူငယ်တွေကို လူကြီးမိဘတွေက သွန်သင်ဆုံးမရမှာပဲ။ လုပ်တော့လုပ်ကြည့်ရမှာပဲပေါ့။ လုပ်ရမှာတော့ လူကြီးတာဝန်၊ လက်ခံဖို့ မခံဖို့ဆိုတာတော့ လူငယ်တာဝန်ပဲ။”

ဝါဆိုပန်းခူးတဲ့ ဓလေ့အကြောင်းနဲ့ ၀ါဆိုပန်းကို သံဃာတော်တွေ ဘယ်လိုသုံးကြသလဲဆိုတာကိုလည်း တရားဟောတဲ့အခါ၊ ယဉ်ကျေးမှုအကြောင်း သင်ပြတဲ့အခါ ထည့်သွင်း ဟောပြောလေ့လဲရှိပါတယ်။ ဆရာတော်ရဲ့ ဟောပြောမှုကြောင့် ပန်းလာကပ်သူတွေ ရှိလာတယ်လို့လဲ ဆိုပါတယ်။ ဆရာတော်အရှင်သာဂရကဓလေ့ထုံးစံတခု လုံးဝ မကွယ်မပျောက်သေးခင် ထိန်းသိမ်းလို့ ရနိုင်ဦးမယ်လို့ မျှော်လင့်နေပြီး နောက်နှစ်တွေမှာတော့ ၀ါဆိုပန်းခူးတဲ့ ဓလေ့တခု လှလှပပ ပြန်လည်အသက်ဝင်လာဦးမယ်လို့ ယုံကြည်နေပါတယ်။

“တကာတကာမတွေကို ၀ါဆိုလပြည့်နေ့ တရားဟောတော့ ထည့်ပြောလိုက်တယ်။ ဦးဇင်းတို့ ၀ါဆိုတဲ့အခါ ဒကာ ဒကာမတွေကပ်တဲ့ ပန်းနဲ့ ဆိုတာမဟုတ်ဘူး၊ ကိုယ့်ကျောင်းက ပန်းကိုခူးပြီး ၀ါဆိုရတယ်လို့ ထည့်ပြီး ပြောလိုက်တယ်။ ၀ါဆိုလပြည့်နေ့မှာ တရားဟောတယ် လပြည့်ကျော် ၁ ရက်နေ့မှာ လူငယ်တွေတော့ မဟုတ်ဘူး။ တရားနာတဲ့ ဥပုသ်သည်တွေ၊ တကာတကာမတွေက ၀ါဆိုပန်းခူးကြတယ်။ ၀ါဆိုပန်းရော တောပန်းတောင်ပန်းရော ရွက်လှပန်းတွေရော ပန်းတော်တော်ရောက်ပါတယ်။ စတီးဗန်းနဲ့ လေးဗန်း ငါးဗန်းလောက် ရောက်တယ်။ မနှစ်ကပြောလိုက်တော့ မနှစ်ကရောက်တယ်။ ဒီနှစ်လဲရောက်တယ်။ လူကြီးတွေက လူငယ်တွေကိုပြောတော့ ဒီနှစ် လူငယ်တချို့လဲ ပန်းလာကပ်တာ တွေ့ပါတယ်။” လို့ ဆရာတော်က မိန့်ပါတယ်။

 844 total views,  1 views today