Arakan Yoma |

ရခိုင်ဒေသတွင်း မြှင့်တင်ရန် လိုအပ်နေသော ခရီးသွားလုပ်ငန်းများအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကိုယ်တိုင် ဦးဆောင်ကာ အကောင်ထည်ဖော်လျက်ရှိနေသည်ဟု ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ခရီးသွားလုပ်ငန်းများ တိုးတက်လာစေရန် ရခိုင်ပြည်နယ်ဒေသဆိုင်ရာ ဖွံ့ဖြိုးမှုကော်မတီတစ်ရပ် ဖွဲ့စည်းဆောင်ရွက်နေခြင်းလည်း ဖြစ်သည်။

ထိုကော်မတီတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ဥက္ကဌအဖြစ် တာဝန်ယူထားသည်။ အတွင်းရေးမှူးအဖြစ် ဟိုတယ်နဲ့ ခရီးသွားမှုဝန်ကြီးဌာန ရခိုင်ပြည်နယ်ညွှန် ကြားရေးမှူးနှင့် တစ်ခြားပုဂ္ဂလိက ကဏ္ဍကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာကိုယ်စားလှယ်များလည်း ပါဝင်သည်ဟု ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ရခိုင်ပြည်နယ်ညွှန် ကြားရေးမှူး ဦးရဲအောင်မိုးက ပြောသည်။

လက်ရှိတွင် ဒေသတည်ငြိမ်မှုတွင် ပြည်နယ်၏ မြောက်ပိုင်းထက် တောင်ပိုင်းတွင် ပိုမိုကောင်းမွန်လျက်ရှိနေသဖြင့် သံတွဲ ၊ ဂွ၊ ကျောက်ဖြူ နှင့် မာန်အောင်မြို့နယ်တို့ကို ပိုမိုဦးစားပေးကာ ခရီးသွားလုပ်ငန်းတိုးတက်ဖို့၊ ရှိရင်းစွဲကမ်းခြေများကို ထိန်းသိမ်းစောင့်ရှောက်ထားနိုင်ဖို့တို့ကို လုပ်ဆောင်နေသည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်သို့ ခရီးသွားဝင်ရောက်မှုသည် အထူးသဖြင့် တောင်ပိုင်းတွင် ငပလီနှင့် မြောက်ပိုင်းတွင် မြောက်ဦးတို့ ဖြစ်သည်။

၂၀၁၅ ခုနှစ်မှ စတင်ကာ ရခိုင်ပြည်နယ်အတွင်းသို့ နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှုမှာ တစ်နှစ်ထက် တစ်နှစ် များပြားလာခဲ့သည်ဟု ဆိုရမည်ဖြစ်သော်လည်း ၂၀၁၈ ခုနှစ်နှင့် ယင်း၏ နောက်ပိုင်းများတွင် သိသာစွာ ကျဆင်းလာခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ရခိုင်မြောက်ပိုင်းသို့ ခရီးသွားဝင်ရောက်မှုသည် လုံးဝကျဆင်းသည့်အနေအထားတွင် ရှိလာပြီး ၂၀၁၉ ခုနှစ်၏ ဧပြီနှင့် မေလတွင် ခရီးသွားဝင်ရောက်မှုသည် တစ်ဦးမှ မရှိတော့ပါ။

ထိုအခြေအနေများကို ပြန်လည် ထိန်းချုပ်လာနိုင်ရေး ယခုလို ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် ဦးဆောင် ဆောင်ရွက်လာခြင်းလည်း ဖြစ်သည်။

သတင်းဓာတ်ပုံ – ရခိုင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန

 537 total views,  2 views today