ထူး | ရိုးမရေဒီယိုမဂ္ဂဇင်း

အမေ၊ အဖေတွေပေးထားတဲ့ နာမည်အရင်းက တင်တင်အေးဆိုပေမဲ့ ငယ်ငယ်လေးကတည်းက အမြဲတမ်းပြုံးနေတတ်တဲ့သူမရဲ့ အမူယာ လေးကြောင့် “မပြုံး”လို့ အမည်တွင်လာခဲ့ပါတယ်။

“ကျနော့်နာမည်အရင်းက တင်တင်အေးပါ။ ဒါမဲ့ကျနော့်ကို တင်တင်အေးလို့ သိတဲ့လူတစ်ယောက်မှ မရှိပါဘူး။ ဘာဖြစ်လို့ဆိုရင် ကျနော်က ငယ်ငယ်လေးတည်းက ပြုံးနေတတ်သူဖြစ်လို့ပါ။ ကျနော့်အဖေက စစ်သားဆိုတော့လေ တိုင်းနဲ့ပြည်နယ် အကုန်လုံးသွားနေရတယ်။ အဲဒီခါကျတော့ ဘယ်လောက်ပဲ စိတ်တိုနေပါစေ အမြဲတမ်းပြုံးထားတဲ့အတွက် ကျနော်ဟာ ဘယ်သူနဲ့မှ ပြဿနာမရှိဘူး။”

သူ့ကိုသူ “ကျနော်၊ ကျနော်” နဲ့ ပြောတတ်တဲ့ ဒေါ်တင်တင်အေးဟာ အမေ ကရင်တိုင်းသူနဲ့ အဖေ ရခိုင်တိုင်းရင်းသားတို့ရဲ့ မွေးချင်း ၆ ယောက်ထဲက သမီးတစ်ဦးဖြစ်ပါတယ်။ သူမရဲ့အဖေဟာ စစ်သားတစ်ဦးဖြစ်တာကြောင့် ဖခင်ပြောင်းရွှေ့တဲ့နေရာတိုင်းကို သူမတို့ မိသားစုဟာလည်း ထပ်ကြပ်မကွာ လိုက်နေခဲ့ရပါတယ်။

ဖခင်သေနတ်ထိမှန်ပြီး တပ်ထဲကထွက်လာခဲ့ချိန်မှာတော့ သူမတို့မိသားစု အခြေချမယ့်အရပ်ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့ဖြစ်လာခဲ့ပါ တယ်။

“ကျနော်အကြော်ကြော်ရတဲ့အကြောင်းအရင်းက ကျနော့်မိဘ အဆင်မပြေလို့။ ကျနော်တို့က ကိုယ်တတ်တဲ့ပညာနဲ့ အလုပ်လုပ်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော့်မိဘတွေက မုန့်မျိုးစုံလုပ်တတ်တယ်။ ဒါပေမဲ့ အဓိကကျတာက အကြော်ကြော်ခြင်းအားဖြင့် ဆီလည်းသုံး ရတယ်။ ဆန်လည်း သုံးရတယ်။ ငြုပ်သီးခြောက်၊ ကြက်သွန်ကအစ အခြေခံပစ္စည်းအားလုံးသုံးရတယ်။ အခြားမုန့်ကို ကျနော်ရွေးချယ် လိုက်လို့ရှိရင် မုန့်ကအဆင်ပြေမှာ မဟုတ်ဘူးလေ။ ကျနော်တို့လုပ်တဲ့ ဆန်က အကောင်းကိုရွေးတယ်။ ကျနော်တို့က ပေါ်ဆန်းမွှေးပဲသုံးတာ။ ကောက်ညှင်းဆန်ကို အသုံးပြုခြင်းအားဖြင့် အိမ်မှာအခြားမုန့်ကို လုပ်စားလို့ရတယ်။ ဆီထမင်းပဲထိုးထိုး၊ ကောက်ညှင်းပဲရွှေကျီပဲထိုး ထိုး ဘာမုန့်ကိုမဆိုဖြစ်နိုင်တယ်။ ငြုပ်သီးခြောက်ကို သုံးလိုက်ခြင်းအားဖြင့် ကျနော့်အိမ်မှာ ငြုပ်သီးခြောက်ကို သူများဆီက ဝယ်စားစရာ မလိုဘူး။ ကြက်သွန်နီကိုသုံးလိုက်ခြင်းဖြင့်လည်း ကျနော်တို့အတွက် အသုံးကျတယ်။ အဖြူ၊ ဂျင်းဘာပစ္စည်းမဆိုလေ အခြားပစ္စည်းတွေ ကိုလည်း ကျနော်တို့က အကြော်လုပ်လိုက်ခြင်းအားဖြင့် အသုံးဝင်တယ်။”

ဖခင်တပ်ကထွက်ပြီးနောက်ပိုင်း ကရင်တိုင်းရင်းသူဖြစ်တဲ့ သူမရဲ့အမေဟာ တတ်ထားတဲ့ ပညာတွေနဲ့ မုန့်မျိုးစုံပြုလုပ်ရောင်းချလာခဲ့တာပါ။ ဒီလို ပြုလုပ်ရောင်းချရာမှာတော့ အဲဒီတုန်းက အသက် ၁၉ နှစ်သာရှိသေးတဲ့ မပြုံးဟာ လုပ်ငန်းအတွက် အခရာကျသူတစ်ဦးအဖြစ်ပါဝင်လာခဲ့ပါတယ်။

သူမဦးစီးဦးဆောင်လုပ်ရတဲ့ အချိန်တွေကို ရောက်လာတော့ သူမဟာ သူမအတွက် အဆင်ပြေနိုင်မယ့် သူမကျွမ်းကျင်တဲ့ အကြော်စုံ ရောင်းချဖို့ စိတ်ပိုင်းဖြတ်ခဲ့တာဖြစ်ပါတယ်။ လုပ်ရင်းကိုင်ရင်းနဲ့ပဲ ဆယ်တန်းစာမေပွဲကို ဝင်ရောက်ဖြေဆိုရာ အကြိမ်ကြိမ်ကျခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သူမဟာ လက်မလျှော့ခဲ့ပါဘူး။ ဒါကြောင့် မြန်မာစာအထူးပြုကို မာစတာနဲ့ ကျောင်းပြီးခဲ့ပါတယ်။

“အခုကျနော် အကြော်ရောင်းနေလည်း အော်သူဟာ ဘွဲ့ရပြီးသား။ မာစတာပြီးပြီးသား။ အဲ့စကားကို အမြဲတမ်းတွေ့နေတယ်လေ။ ဟုတ် တယ်မလား။ ကျနော်ဟာ တကယ်လို့သာ ဆယ်တန်းကိုဆယ်နှစ်ဖြေပြီးတော့ ကိုယ်ကိုကိုယ် စိတ်ဓာတ်ကို အောက်ဆုံးထိကို ဆင်းသွား မယ်ဆိုလို့ရှိရင် ကျနော်ဟာ အောင်ခဲ့မှာ မဟုတ်ဘူး။ အဲဒီတုန်းက ပြန်ဖတ်ခဲ့ရတော့ အရမ်းပင်ပန်းတယ်။ သူငယ်ချင်းတွေက အကုန်လုံး ဘွဲ့ရလာတဲ့အချိန်မှာ နင်ဘာနဲ့ပြီးလဲလို့ မေးတဲ့မေးခွန်းကို ကျနော်ပြန်မဖြေနိုင်ဘူး။ ဘာလို့ဆို B နဲ့ အောင်ထားသူသည် A မဟုတ်ဘူး။ A သည်သာ တက္ကသိုလ်တက်ခွင့်ရမယ့် အခွင့်အရေးလေ။ B နဲ့ အောင်ထားသူဟာ တက်ခွင့်မရဘူး။ တန်းလန်းကြီးပေါ့နော်။ အဲဒီတန်း လန်းကြိုးစကိုပဲ ကျနော်က ပြန်ဆွဲပြီးပြန်တက်ခဲ့ရတဲ့သူပါ။ အဲဒါကြောင့် ဘယ်သူမျိုးမဆို ပညာတတ်တာကို ပိုပြီးတော့ ရွေးချယ်စေချင် တယ်။”

ဒါဆိုရင် သူမဟာ ဒီလိုမာစတာနဲ့ ကျောင်းပြီးဘွဲ့ရခဲ့ပါလျှက်နဲ့ ဘာကြောင့်နဲ့များ လက်ရှိအချိန်ထိ အကြော်ရောင်းစားပြီး သက်မွေးဝမ်း ကြောင်းပြုနေခဲ့ရတာလဲ။ သူမဟာ သူမရဲ့ဘဝကို အနစ်နာခံပြီး မောင်နှမတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးခဲ့တာကြောင့်ပါ။ 

“ကျနော်အစိုးရအလုပ်ကို ဝင်လုပ်ခဲ့သေးတယ်။ ၄ ခေါက်တောင်မှ ဘယ်လိုပြောရမလဲ။ ကျနော်တစ်ယောက်တည်းပဲ တတ်မယ်။ ကျနော့် နောက်က မောင်နှစ်မတစ်ယောက်မှ တတ်မှာမဟုတ်ဘူး။ ကျနော့်မောင်အငယ်ဆုံးလေးဆိုလို့ရှိရင် အခုဆိုရင် လက်ထောက်ညွှန်ကြား ရေးမှူး မောင်တောမှာ ခရိုင်မှူးအကြီးဆုံးလေ။ သူတို့တွေတတ်ဖို့အတွက်ကို ကျနော်က နောက်ဆုတ်ခံပေးလိုက်တာ။ တကယ်လို့ ကျ နော်သာ အစိုးရဝန်ထမ်းဘဝနဲ့ နေလို့ရှိရင် ကျနော်တစ်ယောက်ပဲ ကောင်းစားဖို့ နောက်မောင်နှမတွေက တစ်ယောက်မှကောင်းစားမှာ မဟုတ်ဘူး။ အခုဆိုလို့ရှိရင် အစိုးရအလုပ်ကို လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ ကျနော်တို့ဟာ ကိုယ့်ကိုကိုယ်အဆင်ပြေတယ်လို့ ပြောတာ မဟုတ်ဘူး။ အခြေခံလောက်ကိုတော့ ကျနော်တို့က ပုံမှန်အနေအထားအရ နေနိုင်သွားပြီ။”

မိသားစုတွေအပေါ် အနစ်နာခံရုံမကလို့ အကြော်ကြော်လှော်ရောင်းချတဲ့အခါမှာလည်း သူမရဲ့ စားသုံးသူတွေအပေါ်ထားတဲ့ စေတနာ၊ မေတ္တာတွေဟာ ပြည့်လွှမ်းနေပါတယ်။ အခုဆိုရင် သူမကြော်ရောင်းတဲ့ အကြော်တွေဟာ စစ်တွေမြို့မှာ ရောင်းအားကောင်းတဲ့ အစား အစာတွေထဲကတစ်ခုအဖြစ်တောင် နေရာယူထားပြီး ဖြစ်ပါတယ်။

“ကျနော်က မနက်အစောကြီးရောင်းတဲ့မုန့်ကို ညနေပိုင်းမှဆန်မှုန့်ကြိတ်တယ်။ နေ့လည်ခင်းရောင်းတဲ့မုန့်ကို ၁၀ နာရီခွဲမှ ကြိုတ်တယ်။ မုန့်က လုပ်တဲ့အချိန် ၂ နာရီပဲကြာတယ်။ ၂ နာရီကြားချလို့လုပ်တယ်။ ဆိုတော့ ကျနော့်မုန့်က အချဉ်လုံးဝမဖောက်ဘူး။ စားတဲ့သူတွေ ကျရင် ရင်ပြည့်မှာတို့ ကလေးတွေအတွက်ပေါ့နော်။ ကျနော့်မုန့်ကများသောအားဖြင့် ကလေးတွေစားတာကိုး။ ဆန်မှုန့်ကိုလည်း ကိုယ့် ဟာကိုယ်ကြိတ်တယ်။ သူများကို ပေးမကြိတ်ဘူး။ ပြီးတော့ ကျနော်တို့မုန့်က လတ်လတ်ဆတ်ဆတ်ပဲ။ အကျန်မုန့်မရှိဘူး။ အကျန်မသုံး ဘူးပေါ့နော်။ ကလေးတွေ ရင်ပြည့်နိုင်လောက်တဲ့ ပစ္စည်းမျိုးမလုပ်ဘူး။”

အဲဒီလို သူမရဲ့ စေတနာ၊ မေတ္တာနဲ့ အနစ်နာခံမှုတွေဟာလည်း သူမအပေါ်မှာ အခုရောင်ပြန်ဟပ်နေပါပြီ။ ဒါကြောင့် သူမဟာ လက်ရှိမှာ မချမ်းသာပေမဲ့လည်း ထိုင်သင့်တဲ့ အခြေအနေတစ်ခုမှာ နေနိုင်ပြီလည်း ဖြစ်ပါတယ်။

“သူတို့ကို စေတနာထားတော့ ကျနော့်ကိုစေတနာပြန်ပြီးတော့ အကျိုးပြုတာပါ။ သူတို့ကိုလည်း ကောင်းကောင်းလေးလုပ်ပေးလိုက်တယ်  ။ သူတို့ပေးရတဲ့ ပိုက်ဆံတန်ဖိုးကိုလည်း ကျနော်တို့က တန်ဖိုးရှိရှိနဲ့အသုံးချသလို သူတို့ကိုလည်း တန်ဖိုးရှိရှိကောင်းကောင်းမွန်မွန် လေး ပြန်လုပ်ပေးလိုက်တာပါ။ သူပစ်ဆံပေးလိုက်ပြီးတော့ မကောင်းတစ်ကောင်းဆိုတာမျိုး မဖြစ်ရလေအောင်ပေါ့နော်။”

နောက်ပြီးတော့ အခက်ခဲတွေရှိလာတဲ့ အခါတိုင်းမှာလဲ နောက်ဆုပ်တတ်တဲ့ထဲမှာတော့ ဒေါ်ပြုံးက မပါပြန်ပါဘူး။

“အခက်ခဲကတော့ လူတိုင်းကြုံတာပဲ။ တစ်ခါတစ်ရံမှာ ပစ္စည်းကြောင့်သော်လည်းကောင်း၊ လူကြောင့်သော်လည်းကောင်း လူဆိုတာက အတည့်ကြည့်တာရှိတယ်။ အစောင်းကြည့်တာရှိတယ်။ ကျနော်က မိန်းမဆိုတော့ အငယ်ပိုင်းမှာလည်း အငယ်ပိုင်းပြဿနာပေါ့နော်။ ဒါမဲ့  ကျနော်တို့က လူတွေကို သိပ်ပြီးတော့ မကြောက်တတ်ဘူး။ ကိုယ်မှန်ရင် ဘယ်သူ့မှ ကြောက်စရာမလိုဘူး။ ဒီလိုအချိန်ဆို ရခိုင်မှာဘူးသီး ရှားတယ်ဗျာ။ ရန်ကုန်မှာလို့ရှိရင် ရှုံးပြီးသား ဒါပေမဲ့ အရှုံးကိုတော့ ရင်ဆိုင်လိုက်တယ်။ ကိုယ်မြတ်တဲ့အချိန်က ပြုံးနေပေမဲ့ ရှုံးတဲ့အခါ မဲ့လို့ မရဘူးလေ။”

အောင်မြင်မှုဆိုတာ ဘဝတစ်ကွေ့မှာ လူတစ်ဦးချင်းစီက သတ်မှတ်ထားကြတဲ့ အတိုင်းအတာတစ်ခုသာ ဖြစ်တယ်မဟုတ်လား။ ဆိုတော့ ဒေါ်ပြုံးကကော အောင်မြင်မှုဆိုတာကြီးကို ဘယ်လိုသတ်မှတ်ထားပါလိမ့်။

“ပညာတတ်တာ ကိုယ်ပိုင်အရည်အချင်းပဲ။ ပိုက်ဆံချမ်းသာတာ ကိုယ်ပိုင်အရည်အချင်းမဟုတ်ဘူး။ မိဘက  Section တရားသူကြီးပဲ ဖြစ်နေပါစေ။ ပညာတတ်ထားတဲ့သူတစ်ယောက်က ဘယ်နေရာမဆိုဝင်ဆံ့နိုင်တယ်။ ဘယ်သူနဲ့ပဲပြောပြော ပြောနိုင်တယ်။ ဆိုနိုင်တယ်။ အင်အားရှိတယ်။ အကြော်ရောင်းနေပေမဲ့ ဂုဏ်ငယ်စရာမလိုဘူး။ ကိုယ့်အလုပ်ကိုကိုယ်လုပ်တာ။ သူများကိုနှိမ့်ချတာလည်း မဟုတ်ဘူး။  အမှန်အတိုင်းပဲနေလိုက် ဘယ်တော့မဆို ကိုယ့်ဘဝဟာ အောင်မြင်နေမှာပဲ။ အခုကျနော်ဟာ ၆ နိုင်ငံလည်ဖူးတယ်။ နိုင်ငံခြားကို ၆ နိုင်ငံ ရောက်ဖူးတဲ့မိန်းမ အကြော်ရောင်းနေပေမဲ့လည်း ဂုဏ်ငယ်စရာ မဟုတ်ဘူး။ ဒါကျမရဲ့ အောင်မြင်မှုပဲ။”

အဲဒီတုန်းက မပြုံးဟာ အခုဆိုရင် အသက် (၅၆) နှစ်အရွယ်ရောက်ပြီး ဒေါ်ပြုံးလို့ ပြောင်းခေါ်ချိန်ရောက်နေပါပြီ။ သူမဟာ အစိုးရလုပ်ငန်း ကို မရွေးချယ်ခဲ့ပေမဲ့ အစိုးရဝန်ထမ်းတွေလိုပဲ သူမရဲ့ ဘဝမှာ ပင်စင်ဆိုတာကြီးကို အသက် (၆၀) ပြည့်တဲ့အခါမှာ ခံစားဖို့ရအောင်အတွ က် ပြင်ဆင်ထားပါသေးတယ်။

“Target က ၆၀ ပဲ။ ဝန်ထမ်းတစ်ယောက်က ၆၀ မှာ ပင်စင်စားသလို ကျနော်တို့လည်း ၆၀ မှာ ပင်စင်စားမယ်။ တော်ပြီ။ ဝန်ထမ်းတစ် ယောက်ရတဲ့ ပင်စင်ကို ကျနော်ရအောင်စုထားမှာပဲ။ သူရမယ့် ပိုက်ဆံရဲ့တန်ဖိုးရလောက်အောင် ကျနော်လည်း စုထားတယ်။”

နောက်ဆုံးအနေနဲ့ တစ်ခြားလူတွေအတွက် သူမရဲ့ လက်ကိုင်တုတ်အဖြစ် ကိုင်စွဲထားတဲ့ စကားလက်ဆောင်လေးတစ်ခွန်း ပေးလိုက်ပါ တယ်။

“သူပြုံးပြရင် ကိုယ်ပြုံးပြဖို့ ဝန်မလေးပါဘူး။ ဒါပေမဲ့ ကျနော်တစ်ခုတော့ မှာလိုက်ပါရစေ။ လူတိုင်းလူတိုင်းသည် အရာရာအောင်မြင်ဖို့အတွက် အပြုံးကိုဆောင်ထားပါ။ အဲဒါ့ကြောင့် ကျနော့်နာမည်က မပြုံးပါ။”

 585 total views,  1 views today