ရိုးမရေဒီယိုမဂ္ဂဇင်း

အခုတစ်ခါ တင်ပြပေးမှာကတော့ သဘာဝမြစ်ရေနဲ့ လယ်ကွင်းကို အဓိကအသုံးပြုပြီး လုပ်ကိုင်ရတဲ့ ရခိုင်ပြည်နယ်ထဲက တစ်ပိုင်တစ်နိုင် လုပ်ငန်းငယ်လေးတစ်ခုအကြောင်းကို ဖြစ်ပါတယ်။ အဲဒီလုပ်ငန်းဟာ နေရောင်ခြည်ရရှိမှုအပေါ်မူတည်ပြီး လုပ်ကိုင်ရတဲ့ လုပ်ငန်းလည်း ဖြစ်ပါတယ်။ အဲဒါကတော့ လူသူအလုပ်နည်းလာတဲ့ ဆားကြမ်းထုတ်လုပ်ငန်းပဲ ဖြစ်ပါတယ်။

ရခိုင်ဒေသမှာ သဘာဝမြစ်ငံရေနဲ့ လယ်ကွင်းတွေ ပေါများကြပေမဲ့လို့ ဆားလုပ်ငန်းကိုတော့ အဓိကထားပြီး လုပ်ကိုင်လေ့ မရှိကြပါဘူး။ ယခင်က လုပ်ကိုင်သူများပြားခဲ့ပေမဲ့ လက်ရှိမှာတော့ ဆားကြမ်းထုတ်လုပ်သူ မရှိသလောက် ရှားပါးနေပါပြီ။ ရှားပါးလာရတဲ့ အကြောင်း အရင်းကလည်း များစွာရှိနေပါတယ်။

ဆားကြမ်းထုပ်လုပ်သူရှားပါးလာရတဲ့အကြောင်းအပါအဝင် ဆားကြမ်းဖြစ်လာဖို့ ဘယ်လိုလုပ်ဆောင်ရလဲ။ ဘာတွေလိုအပ်ပြီးတော့ဘယ် လိုကြိုးစားအားထုတ်ကြရလဲ။ ဘယ်ရာသီ ဘယ်အချိန်တွေဟာ ဆားထုတ်လုပ်ဖို့ အချိန်ကောင်းလဲ။ ဆားလုပ်ငန်းခွင်မှာ လုပ်ကိုင်ကြသူ တွေရဲ့ တစ်နေ့ဝင်ငွေက ဘယ်လောက်လဲ။ စတဲ့အကြောင်းအရာတွေကို ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် စပါးထားကျေးရွာက ဆား လုပ်ငန်းခွင်ထဲကို သွားရောက်မေးမြန်းပြီး တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

အဲဒီဆားလုပ်ငန်းခွင်ဟာ တစ်ရွာလုံးမှာမှ တစ်ခုသာ ရှိတာပါ။ တစ်ပိုင်တစ်နိုင်လုပ်ငန်းငယ်ဆိုပေမဲ့ ရွာအတွင်းကအလုပ်လက်မဲ့ ၃၀ ခန့်ကို အလုပ်အကိုင်ပေးထားနိုင်ပါတယ်။ အဲဒီလုပ်ငန်းဟာ ရှေးကလုပ်ကိုင်ခဲ့ကြတဲ့ နည်းလမ်းအတိုင်းသာဖြစ်ပြီး နည်းပညာအခက်အခဲရှိတာ ကြောင့် လုပ်ငန်းရှင်အနေနဲ့ရော အလုပ်သမားတွေအနေနဲ့ပါ ကိုယ်ကာယအားစိုက်ပြီး လုပ်ကြရပါတယ်။

အဲဒီ ဆားကြမ်းလုပ်ငန်းကို ယခုနှစ်မှာမှ စတင်ပြီးလုပ်ကိုင်တာဖြစ်ပြီး သူ့ရဲ့ အတွေ့အကြုံနဲ့ ဆားကြမ်းထုတ်လုပ်သူများ ရှားပါးလာရမှုတို့အပေါ် ခုလို ရှင်းပြခဲ့တာပါ။ သူကတော့ ဦးထွန်းအေး ဖြစ်ပြီး အသက် ၃၉ နှစ်အရွယ်ရှိပြီလည်း ဖြစ်ပါတယ်။ သောတရှင်များ ဆက်လက် နားထောင်ကြည့်ကြရအောင်ပါ။

“ကျွန်တော်တို့ ဆားလုပ်ငန်းမှာ အဆင်မပြေဘူးဆိုတာက ဒါက ကုန်ချောထုတ်လုပ်ငန်းမဟုတ်ပါဘူး။ ကုန်ကြမ်းပဲ ဖြစ်တယ်။ အောက်ခြေလုပ်ငန်းလို့ ဆိုနိုင်တာပေါ့။ ကုန်ကြမ်း တစ်ပိဿကို ကျပ် ၁၄၀ နဲ့ တစ်ကြိမ် ရောင်းလိုက်ရတယ်။ နောက် ဆားတွေက ထွက်လာတဲ့အခါ ကျပ် ၁၃၀ ၊ ကျပ် ၁၂၀ ၊ ၁၁၀ အဲဒီလောက်ထိကို ဈေးက မငြိမ်ဖြစ်လာတယ်။ ကုန်ကြမ်းလုပ်ငန်းကပေါ့။ ကျွန်တော်တို့ သိရှိသလောက်ဆိုရင်တော့ အထက်မှာ ကုန်ချော။ ဆားချောတစ်ပိဿ၊ ကြိတ်ဆား တစ်ပိဿာကို ကျပ် ၃၀၀ ကျစီ ပိဿာ ၂၀ တစ်အိတ်ကို ၆၀၀၀ ကျပ် လောက်နဲ့ ရောင်းတယ်။ ကျွန်တော်တို့ကတော့ ကုန်ကြမ်းက။ တွက်ချက်ကြည့်လိုက်တဲ့အခါ ကျွန်တော်တို့ရဲ့ အဓိက အခက်အခဲက ဆား၏ ထွက်ဖို့အတွက် သဘာဝကောင်းပြီးမှ၊ ကျွန်တော်တို့ကလည်း အနည်းဆုံး ဆားလုပ်ငန်းသမားတွေ ဝန်ထမ်းစရိတ်တွေနဲ့ဆိုရင် ကျပ် ၁၅၀ ပတ်ဝန်းကျင်လောက်ကို မရဘဲ ဆားလုပ်ငန်းသမားတွေရဲ့ အကျိုးခံစားခွင့်ဟာ ရကြမှာ မဟုတ်ပါဘူး။ ကျွန်တော်လဲ ဒီနှစ်မှ စလုပ်ခါစဆိုတော့ တွက်ချက်ကြည့်လိုက်တဲ့အခါ ကွင်းတစ်ဝက်မှာ လုပ်ဖို့ ဆားကွင်းထဲမှာ တစ်ဧကကို ဥပမာ ငါးလခြောက်လ လုပ်ဖို့ ဒီလူတစ်ယောက်။ ခု ယောကျားတစ်ယောက်ကို ကျပ် ၆၀၀၀ ဈေးနှုန်း၊ မိန်းမတစ်ယောက်ကို ၃၅၀၀ ၊ ခုဆိုရင် ၄၀၀၀။ သူတို့အတွက်လဲ ၄၀၀၀ ဆိုလို့ရှိရင် ဒါဟာ အလုပ်သမား အခွင့်အရေးနဲ့ ရတာမဟုတ်။ မလုပ်မဖြစ် သူတို့ လုပ်ရတာတစ်ခုပဲ ဖြစ်တယ်။ ဆားလုပ်ငန်းကလည်း တော်တော်လေး ပင်ပန်းပါတယ်။ စက်ကိရိယာနဲ့လုပ်တာလည်း မဟုတ်ဘူးလေ။ လက်နဲ့ တုံးကို လှိမ့်တယ်။ ပြီးရင် အဲဒါကို ကောက်တယ်။ စက်မှုကိရိယာနဲ့ လုပ်ရတာမဟုတ်။ အဲဒါကြောင့်မို့လည်း ဝန်ထမ်းတွေကို ပိုပင်ပန်းကြတယ်။ ဒါကြောင့်လည်း ၄၀၀၀ လောက်ကို ပေးရတယ်။ ဆိုတော့ စရိတ်ကိုတိုက်ကြည့်လိုက်တဲ့အခါ ကွင်းတစ်ကွင်း၏ ဥပမာ တစ်ဧကရဲ့ အရေအတွက်ကို လုပ်လိုက်တဲ့အခါ တစ်ဧက ဥပမာ ထွက်လို့ရှိရင်တော့ ကျပ် ၁၇၀၀၀ လောက် ထွက်တယ်။ ဆားပိဿာ။ အဲဒီမှာ လူတစ်ယောက် လုပ်လိုက်တယ်လို့ဆိုရင် တစ်ဧကမှာ လူတစ်ယောက် လုပ်လို့တောင်မှ မရ။ ဆိုတော့ အဲဒီလူတစ်ယောက်ကို တစ်လမှာ တစ်သိန်းခွဲ။ ဥပမာ တစ်သိန်းနဲ့ ခုနှစ်သောင်းကျပ်။ နှစ်သိန်း။ ဥပမာပေါ့။ ဆိုတော့ သူတို့ အဲဒါကို တွက်ကြည့်လိုက်တဲ့အခါ တစ်ဆယ့်နှစ်သိန်း။ ဆားတစ်ရာသီမှာ။ ဝန်ထမ်းနဲ့ ကွင်းမှာ လုပ်တဲ့ အားလုံးကို ကိုက်ကြည့်ုလိုက်တဲ့အခါ ဆားတစ်ပိဿာကို ၇၀ ကျပ် လောက် ပေါက်တယ်။ တစ်ခါ သယ်ယူရေး ခက်ခဲတဲ့အတွက်ကြောင့် စက်လှေ၊ ဘုတ်တွေနဲ့ တင်ရပြန်တယ်။ အဲဒီအခါ ဆားတစ်ပိဿာကို ၁၅ ကျပ်လောက်ပေါက်ပါတယ်။ ကျွန်တော်တို့ အခက်အခဲနဲ့ ကြုံတွေ့နေရတာကလည်း ဒီဇယ်စက်၊ ရေနံစက်တွေနဲ့ မောင်းနေရတော့ တစ်ဧက၏ ရေတက်ဖို့ အနှုန်းနဲ့ ဆိုရင်လည်း ဆီ နှစ်လီတာ၊ သုံးလီတာကို မောင်းတင်ရတယ်။ ဥပမာ ဆယ် ဧက ဆိုရင် ကျွန်တော်တို့ ဂါလံအရေအတွက်ဆိုရင် ငါးဂါလံ၊ ခြောက်ဂါလံ တင်ရတယ်။ ဒါတွေအားလုံးကို ကျွန်တော်တို့ စရိတ်တွက်လိုက်မယ်ဆိုရင် စစ်တွေမြို့ကို သွားပို့တယ်ပေါ့။ ကွင်းလုပ်တာကအစ စစ်တွေအရောက်ပေါ့။ စရိတ်စက စလယ်ဆုံးကို တွက်ရင် ဆားတစ်ပိဿာကို ကျပ် ၁၀၀ ၊ ၁၁၀ လောက်ကို ပေါက်နေပြီ။ စစ်တွေကုန်ကြမ်းဈေးကနေ ကျပ် ၁၄၀ တစ်ကြိမ်၊ ၁၃၀ တစ်ကြိမ်၊ ခု လက်ရှိမှာ ၁၈၀ ၊ ၁၉၀ ဖြစ်နေတယ်။ အဲဒီ ကုန်ကြမ်းဈေးတွေက တည်ငြိမ်မှု မရှိတဲ့အတွက်ကြောင့် ဆားလုပ်သားတွေဟာ အကျိုးခံစားမှု မရှိတော့။ အဓိက အခက်အခဲ။ ပြီးရင် ကျွန်တော်တို့ အောက်ခြေသိမ်းလုပ်ရတာက ငွေပိုလျှံလို့ လုပ်ရတာမဟုတ်ဘူး။ ချေးငှားပြီးတော့ လုပ်ရတာဖြစ်တယ်။ ကျွန်တော်တို့ ငွေကျပ် ၁၀၀ ကို ၊ ၆ ကျပ်တိုး ၅ ကျပ်တိုးနဲ့ ချေးငှားပြီးလုပ်ရတာပါ။ ဒါတွေအားလုံးကို အတိုးနဲ့ အရင်းနဲ့ ကိုက်မယ်ဆိုရင် ကျွန်တော်တို့ ဒီနှစ်မှာ ခန့်မှန်းချက်အားဖြင့် ဆားရောင်းလို့ ရလိုက်တာက ၁၄၀ လည်း ပါတယ်။ ၁၃၀ လည်းပါတယ်။ ၁၂၀ လည်းပါတယ်။ ၉၀ လည်းပါတယ် ဆိုတော့ အားလုံး သတ်မှတ်ချက် လုပ်လိုက်တဲ့အခါ ၁၁၀ လောက်မှာ ၁၁၅ ကျပ်လောက်မှာ တင်ကျန်ရစ်တယ်။ ဒါပေမယ့် ကျွန်တော်တို့အတွက် ခုလို ဈေးကွက်နဲ့ ဆိုရင် ကျွန်တော်တို့ ဆားလုပ်ငန်းတွေအတွက် အကျိုးခံစားမှု မရှိ။ အဓိက အခက်အခဲပါ။ ကျွန်တော်တို့ကျတော့ ကိုယ်ပိုင် ကွင်းနဲ့ပေါ့။ ကိုယ်ပိုင် ကွင်းနဲ့ လုပ်တာတောင်မှ အကျိုးခံစားမှု မရှိဘူးဆိုရင် အရင်ကဆို ငှားပြီးလုပ်ကြတာပါ။ ခုလည်း ကွင်းကို ငှားပြီးလုပ်ကြတဲ့ ဆားလုပ်ငန်းရှင်တွေလည်း မလုပ်ကြသလောက်တော့ပါ။ အသေးစား လုပ်ငန်းရှင်တွေ။ ကျွန်တော်တို့ ကိုယ်ပိုင်ကွင်းနဲ့ ကိုယ်ပိုင် လုပ်ငန်းရှင် တစ်ယောက်က အဓိက ဆိုလိုချင်တာက အခက်အခဲကြုံရတာ။ ငွေရေးကြေးရေး။ ဈေးကွက်စနစ်လည်း အမှန်မရ။ ငွေရေးကြေးရေးလည်း အခက်အခဲ။ တကယ်လို့ အစိုးရက ဘဏ်တိုးစနစ်နဲ့ ရမယ်လို့ ဆိုရင် တစ်ပိဿာကို ကျပ် ၁၀၀ နဲ့ ၂၀ လောက်ဆိုရင်တောင်မှ လုပ်ဖို့လို့ ဆိုရင် ကျွန်တော်တို့ ၁၀ ရာခိုင်နှုန်း ကျွန်တော်တို့ အကျိုးခံစားခွင့်ကို ရနိုင်ပါတယ်။ နည်းပညာအပိုင်းတွေနဲ့ ပတ်သက်ပြီးတော့လည်း လိုပါတယ်။ ကျွန်တော်တို့ နတ်တော်။ ပြာသိုလဆိုရင်။ ကျွန်တော်တို့ ဆားဖောက်တယ်။ တပို့တွဲလဆိုရင် ထွက်ပြီ ဆားက။ ဆိုတော့ နေအပူချိန် နိမ့်တဲ့အချိန်မှာ  ရေကို ပါးပါးလေးပဲ လှန်းတယ်။ နေရင့်လာတဲ့အခါ ရေကို ထူထူလှန်းပြီးတော့ ကျွန်တော်တို့ ဆားကို အဲဒီလို ထုတ်လုပ်တယ်။ အဓိကတော့ နည်းပညာပိုင်းလည်းပဲ အများကြီးလိုအပ်တယ်။”

 654 total views,  1 views today