Arakan Yoma

ဇွန်လ ၅ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအခမ်းအနားကို ရခိုင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန က ဦးစီးပြီး စစ်တွေမြို့၊ ဦးဥတ္တမခန်းမမှာ ကျင်းပခဲ့ပါတယ်။

ဆွီဒင်နိုင်ငံ၊ စတော့ဟုန်းမြို့မှာ ၁၉၇၂ ခုနှစ် ဇွန်လ ၅ ရက်နေ့က UNICEF ကနေ ပထမဦးဆုံးကျင်းပပြုလုပ်ခဲ့တဲ့ နိုင်ငံတကာအဆင့် ပတ် ဝန်းကျင်ထိန်းသိမ်းရေးညီလာခံ ကျင်းပနိုင်ခဲ့တဲ့နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ပြီးတော့ ၁၉၇၄ ခုနှစ်က နေ စပြီးတော့ ကျင်းပလာကြတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ် စစ်တွေမြို့အနေနဲ့တော့ ၂၀၁၅ ခုနှစ်ကသာစပြီးတော့ ကျင်းပလာခဲ့တာဖြစ်ပြီး ဒီနှစ်မှာဆိုရင် ၅ ကြိမ် မြောက်ရှိခဲ့ပြီဖြစ်ပါတယ်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရဲ့ တိုင်းထွာချက်တွေအအရ ရခိုင်ပြည်နယ်ရဲ့ လေထုအရည်အသွေးဟာ တစ်ခြားရာသီတွေမှာ ကောင်းမွန်ပေမဲ့ နွေရာသီရောက်တဲ့ အချိန်တွေမှာဆိုရင် ဝါးစ၊ သဲမှုန်နဲ့ ကျောက်စမှုန်တို့လို အမှုန်အမွှားတွေဟာ လေထုထဲမှာပါဝင်မှု မြင့်တက်နေတာတွေ့ရတယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူး ဦးဇော်မိုး ပြောပါတယ်။

အဲဒီလို လေထုညစ်ညမ်းမှုတွေကို လျှော့ချဖို့အတွက်ဆိုရင် သစ်ပင်တွေစိုက်ပျိုးတာ၊ ကိုယ်ပိုင်ကားနဲ့ ကိုယ်ပိုင်ဆိုင်ကယ်စီးတာတွေကို လျှော့ချပြီး အများသုံး ဘစ်ကားတွေ၊ ရထားတွေကိုစီးတာ၊ စက်ဘီးစီးတာ၊ မလိုအပ်ရင် လမ်းလျှောက်သွားတာမျိုးတွေကို ပြုလုပ်သင့် တယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက အကြံပြုပါတယ်။

ကမ္ဘာ့ကျမ်းမာရေးအဖွဲ့ရဲ့ အစီရင်ခံစာအရ လေထုညစ်ညမ်းမှုတွေကြောင့် မြန်မာနိုင်မှာ  နှစ်စဉ်လူပေါင်း ၂၂၀၀၀ ခန့်သေဆုံးနေပြီး အဲဒီ အနက် ကလေးငယ်သေဆုံးမှုရဲ့ ၆၀ ရာခိုင်နှုန်းလောက်ဟာ အိမ်တွင်းညစ်ညမ်းမှုတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အနေနဲ့ကတော့ လက်ရှိမှာ စစ်တွေမြို့မှာသာ စမ်းသပ်မှုတွေပြုလုပ်နိုင်သေးပြီး ကျောက်ဖြူနဲ့ သံတွဲခရိုင်တွေမှာသာ တိုးချဲ့ စမ်းသပ်နိုင်ဖို့ လုပ်ဆောင်နေပြီး တွေ့ရှိချက်တွေကိုတော့ ပြည်နယ်အစိုးရအပါအဝင် နေပြည်တော်ဌာနချုပ်တွေကိုလည်း တင်ပြသွားဖို့ ရှိ တယ်လို့ ဆိုပါတယ်။

ဒီကနှစ်ကျရောက်တဲ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအခမ်းအနားနေ့မှာတော့ “သန့်စင်းသောလေရှုရှိုက်ဖို့ လေထုညစ်ညမ်းမှုကို တိုက်ဖျက်စို့”ဆိုတဲ့ ဆောင်ပုဒ်ကို အသုံးပြုထားတာ တွေ့ရပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ ကျင်းပတဲ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအခမ်းအနားကိုတော့ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတာဝန်ရှိသူတွေ၊ နိုင်ငံတကာအဖွဲ့တွေ၊ ဌာနဆိုင်ရာအသီးသီးနဲ့ ကျောင်းသူ ကျောင်းသူတွေ တက်ရောက်ခဲ့ကြပါတယ်။

ဒါ့အပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စရပ်တွေနဲ့ ပတ်သတ်ပြီး စာစီစာကုံးနဲ့ ပန်းချီးရေးဆွဲမှုတွေမှာ ထူးချွန်ကျောင်းသား၊ ကျောင်းသူတွေကို ဆုချီးမြှင့်ပေးအပ်ခဲ့ပါတယ်။

 444 total views,  1 views today