Arakan Yoma

ရခိုင်ပြည်နယ် မြောက်ပိုင်း၊ နယ်စပ်မြို့ဖြစ်တဲ့ မောင်တောမြို့မှာ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုနှင့် အခြားကူးစက်ရောဂါများ ဖြစ်ပေါ်မှုကို ကာကွယ်နိုင်ဖို့ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကွင်းဆင်းဆောင်ရွက်မှုတွေ လုပ်ခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ဇွန်လ ၁ ရက်နေ့ သတင်းစဉ်မှာ ဖော်ပြချက်အရ သိရပါတယ်။

အဲဒီဒေသက ရပ်ကွက်နေထိုင်သူတွေကို သွေးလွန်တုပ်ကွေး ရောဂါ ကာကွယ်နိုင်ဖို့ ဖုံး ၊ သွန် ၊ လဲ ၊ စစ် နှင့် အဘိတ်ဆေးခတ်ခြင်းများကို ကွင်းဆင်းသူတွေက ဆောင်ရွက်ခဲ့ကြတာပါ။

အဲဒီ ကွင်းဆင်းလုပ်ငန်းစဉ်ကို မောင်တောခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ကျော်မောင်မောင်သိန်းက  ဦးဆောင်တာဖြစ်ပြီး မြို့မ အနောက်ရပ်ကွက်၊ အလယ်ရွာ၊ ဒေါက်ရွာများမှာ ကြိုတင်ကာကွယ်ရေးတွေကို ဆောင်ရွက်ခဲ့ကြတာပါ။ ဒါ့အပြင် မသွန်နိုင်တဲ့ ရေလှောင်ကန်တွေကိုလည်း အဘိတ်ဆေးခတ်တာတွေကိုပါ လုပ်ပေးခဲ့တယ်လို့ အဲဒီသတင်းစဉ်ပါ ဖော်ပြချက်အရ သိရပါတယ်။ 

အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုနဲ့အတူပဲ သွေးလွန်တုပ်ကွေး ကင်းဝေးရေး အားလုံးပူးပေါင်းဆောင်ရွက်ပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဟာ ဗိုင်းရပ်စ်ပိုးကြောင့် ကူးစက်တဲ့ ခြင်ကနေတဆင့် အကိုက်ခံရခြင်းဖြင့် ကလေးတွေမှာ အတွေ့များရတဲ့ ရောဂါတစ်ခုလည်း ဖြစ်ပါတယ်။ များသောအားဖြင့် အသက် ၃ လသား အရွယ်ကနေ ၁၅ နှစ်အရွယ်ကြား ဖြစ်တတ်ကြပါတယ်။ ခုနောက်ပိုင်းမှာတော့ အသက် ၂၀ ကျော် အရွယ်များမှာလည်း တွေ့ရတတ်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါပိုး သယ်ဆောင်တဲ့ ခြင်တစ်ကောင်ဟာ သူရဲ့ ဥကနေတဆင့် နောက်မျိုးဆက် ၃ ဆက်အထိ အဲဒီရောဂါပိုးကို ဆက်လက် သယ်ဆောင်နိုင်တယ်လို့ ကျန်းမာရေးဦးစီးဌာနရဲ့ အသိပညာပေး စာစောင်များပါ ဖော်ပြချက်အရ သိရပါတယ်။

 426 total views,  1 views today