ရိုးမရေဒီယို မဂ္ဂဇင်း

သြဂုတ်လ ၈ ရက်။ ။ ရခိုင်ပြည်နယ်တွင် ပညာမသင်ကြားနိုင်ဘဲ ကျောင်းပြင်ပရောက်နေသော ကလေး၊ လူငယ်များကို မြို့နယ်ပညာရေး ဖွံ့ဖြိုးတိုးတက်မှု စီမံချက်တစ်ရပ် အနေဖြင့် ရခိုင်ပြည်နယ် ပြည်နယ်ပညာရေးမှူးရုံးက သြဂုတ်လအတွင်း စတင်ကာ စာရင်း ကောက်ယူမှုများ ပြုလုပ်လျှက် ရှိသည်။

အဆိုပါ စာရင်းကောက်ယူမှုကို ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံးတွင် သြဂုတ်လ ၁ ရက်နေ့မှစ၍ ကောက်ယူနေခြင်း ဖြစ်ပြီး လာမည့် စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း အပြီးသတ်ဆောင်ရွက်ကာ ယင်းနောက် ပညာရေးဌာန တာဝန်ရှိသူများက ကွင်းဆင်းလေ့လာသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျောင်းပြင်ပရောက်နေတဲ့ ကလေးလူငယ်တွေ အကုန်လုံး စာတတ်မြောက်သွားအောင်ဆိုပြီး ရည်ရွယ်ချက်နဲ့ လုပ်တာဖြစ်ပါတယ်။ အခုစာရင်းတွေ ကောက်ယူနေဆဲဖြစ်ပါတယ်။ ပြီးရင် ပညာမတတ်မြောက်တဲ့ ကလေးလူငယ် ဘယ်လောက်ရှိလဲ။ ဘာကြောင့် ကျောင်းပြင်ပရောက်နေတာလဲ။ အဲဒါတွေကို ကျနော်တို့ ကွင်းဆင်းကြည့်ပြီးတော့ စာသင်ကြားရေးကို အဆင့်ဆင့်ဆောင်ရွက်မှာပါ။”ဟု ရခိုင်ပြည်နယ် ပညာရေးမှူးရုံး (ဘဏ္ဍာရေး လက်ထောက် ညွန်ကြားရေးမှူး) ဦးစိန်လှိုင်က ပြောသည်။

ယခုလုပ်ဆောင်မည့် မြို့နယ်ပညာရေး ဖွံ့ဖြိုးတိုးတက်မှု စီမံချက်(TEIP) ကို (UNICEF) နှင့် ရခိုင်ပြည်နယ် ပညာရေး ဦးစီးဌာနတို့က ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး စာရင်းကောက်ယူရန်အတွက် ပညာရေးဝန်ထမ်း ၂၀၁ ဦးကို စစ်တွေမြို့တွင် ဇူလိုင်လအတွင်းက ငါးရက်တာ သင်တန်းပေးခဲ့ပြီး ဖြစ်သည်။

ကျောင်းပြင်ပရောက်နေသော ပညာမသင်ကြားနိုင်သည့် ကလေး၊ လူငယ်များ ပညာတတ်မြောက်စေရန် ရည်ရွယ်ပြီး စာရင်းကောက်ယူခြင်းဖြစ်ကာ ၎င်းတို့ကို ကျောင်းပြင်ပ ပညာရေးစနစ်ဖြင့် ပညာဆက်လက် သင်ကြားပေး သွားမည်လည်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကျောင်းပြင်ပ ပညာရေး စနစ်ကို အကောင်ထည်ဖော် ဆောင်ရွက်လာသည်မှာ နှစ်ကြာမြင့်လာပြီ ဖြစ်သော်လည်း ဆုံးခန်းတိုင်အောင် မတက်ရောက်ခဲ့ကြသည့်အတွက် ယင်းပညာရေးစနစ်မှ တက္ကသိုလ်ဝင်တန်းကို ၂၀၁၇ ခုနှစ်က အောင်မြင်သူ မြန်မာတစ်နိုင်ငံလုံးတွင် ရခိုင်ပြည်နယ်မှ တစ်ယောက်သာ ရှိသေးသည်။

 443 total views,  1 views today