ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မီတာဖတ်တဲ့စနစ်ကို အသုံးပြုပြီးရေပေးဝေဖို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က စီစဉ်နေပါတယ်။

စစ်တွေမှာ လက်ရှိအသုံးပြုနေတဲ့စနစ်ဟာ လစဉ်ပုံမှန်သတ်မှတ်ထားတဲ့ ဈေးနှုန်းအတိုင်းသာ ငွေကြေး ကောက်ယူတာဖြစ်ပြီး မီတာဖတ်တဲ့ စနစ်ကတော့ သုံးသလောက် ကုန်ကျမှာဖြစ်ပါတယ်။

ပုံသေဈေးနှုန်းနဲ့ ကောက်နေတာကျတော့ ဘယ်လောက်ပဲသုံးသုံး၊ ဘယ်လောက်ပဲမသုံးသုံး အဲဒီနှုန်းအတိုင်းပဲ သွားနေတယ်။ ရေပြည့်ရင်လည်း ပိတ်ချင်မှပိတ်မယ်။ ရေပိုက်ခေါင်းတော့ တပ်ခိုင်းထားတယ်။ သို့သော်လည်း ပြည့်ရင်လည်း ပိတ်ချင်မှပိတ်မယ်လေ။ ဖွင့်ချင်ဖွင့်ထားမယ်။ ကားရေဆေးချင်လည်းဆေးမယ်။ အပင်ရေလောင်းချင်လည်းလောင်းမယ်။ အဲဒီလိုအပိုင်းတွေရှိတယ်။ နောက်ပိုင်း မီတာပိုက်ဆိုတော့ ကိုယ်သုံးရင် သုံးသလောက် ပေးရမှာဖြစ်တဲ့အတွက် သုံးစွဲသူအနေနဲ့လည်း ထိန်းထိန်းသိမ်းသိမ်းဖြစ်သွားမယ့် အနေအထားရှိတယ်။” လို့ စစ်တွေမြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မိုးက ပြောပါတယ်။

စစ်တွေတစ်မြို့လုံးအတွက် ရေပေးဝေနေတဲ့ကန်တော်ကြီးမှာ မိုးတွင်းရာသီမှာ ရေအလုံအလောက် သိုလှောင်ထားနိုင်ပေမဲ့ နွေရာသီ အစပိုင်းလောက်ရောက်ရင် နှစ်စဉ်တိုင်းလိုလို ရေစတင်ခမ်းခြောက်စ ပြုလာပါတယ်။ အဲဒီလို ဖြစ်လာရတာကလည်း ပြည်သူတွေက စည်းကမ်းမဲ့ အသုံးပြုမှုပါဝင်နေသလို စည်ပင်သာယာရေးအဖွဲ့ရဲ့ ထိန်းသိမ်းမှု အားနည်းတာကြောင့်လို့လည်း ဆိုရမှာဖြစ်ပါတယ်။

ရေမီတာဖတ်တဲ့ စနစ်ဟာဖွံ့ဖြိုးတိုးတက်တဲ့ မြို့နယ်တိုင်းမှာ အသုံးပြုနေတဲ့ စနစ်တစ်ခုဖြစ်ပြီး အဲဒီစနစ်ကို အသုံးပြုလာရင် သုံးစွဲသူတွေ ကိုယ်တိုင်ကလည်း ထိန်းထိန်းသိမ်းသိမ်း အသုံးပြုလာမှာဖြစ်သလို လွယ်ကူချောမွေ့စွာ သုံးစွဲနိုင်မဲ့ စနစ်တစ်ခုလည်း ဖြစ်ပါတယ်။

“အဲဒီလို ပေးလာမယ်ဆိုရင်အဆင်ပြေပါတယ်။ မတို့ဖက်က ဘယ်လိုမဆို။ သူတို့ဒီလိုလုပ်ပေးလာရင် တစ်ဖက်တစ်လမ်းက ဝမ်းသာမိမှာပေါ့။ ကန်တော်ကြီးရေလည်း သုံးရမယ်ပေါ့။ အခုက ဒီစစ်တွေမြို့တစ်ခုမှာ မင်းဂံရွာကမရသေးဘူး။ အဲဒါက ကန်တော်ကြီးနဲ့ အနီးဆုံးနေရာလေ။”လို့ စစ်တွေ ဒေသခံတစ်ဦးဖြစ်တဲ့ မသိင်္ဂီကပြောပါတယ်။

အဲဒီစနစ်ကို အသုံးပြုဖို့ကြိုးပမ်းနေပေမဲ့ ဘယ်အချိန် စတင်နိုင်မှာလည်း ဆိုတာကိုတော့ မသိရသေးပါဘူး။ ဒါပေမဲ့ ရေ လုံလုံလောက်လောက်ပေးနိုင်တဲ့ အချိန်ကျရင် အသုံးပြုသွားမှာလို့တော့ စည်ပင်အဖွဲ့က ပြောပါတယ်။

 462 total views,  1 views today