မြောက်ဦး၊ ဖေဖေါ်ဝါရီ ၁၉ ရက်။

မြန်မာနိုင်ငံ၏ အထင်ကရ ယဉ်ကျေးမှုနယ်မြေတစ်ခုဖြစ်သည့် ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို လာမည့် စက်တင်ဘာလတွင် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း တင်သွင်းနိုင်တော့မည် ဖြစ်ကြောင်း မြောက်ဦးမြို့ ရှေးဟောင်း သုတေသနဦးစီးဌာနက ပြောသည်။

“ဒီ ၂၀၁၉ စက်တင်ဘာဆိုရင် ကျနော်တို့ Normal Nation Dossier Draft ကို တင်ဖို့ လျာထားချက်ရှိပါတယ်။ ၂၀၂၀ ဖေဖော်ဝါရီ ၁ ရက်နေ့ မတိုင်ခင်တော့ ကျနော်တို့က Final Dossier ကို ကမ္ဘာ့အမွေအနှစ်ကော်မတီကို တင်ပြဖို့ ဆောင်ရွက်နေတာရှိပါတယ်ခင်ဗျ။”ဟု မြောက်ဦးရှေးဟောင်းသုတေသနဦးစီးဌာန ဦးစီးမှူး ဒေါက်တာသောင်းထိုက်က ပြောသည်။

ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ်သတ်မှတ်ခံရပါက နိုင်ငံတကာမှ ပညာရှင်များနှင့် ကျွမ်းကျင်သူများ လာရောက်မည် ဖြစ် သည့်အတွက် အဆိုပါဒေသမှ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများ၊ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများ၊ ဒေသလူ့အဖွဲ့အစည်း၏ အလုပ်ကိုင်အခွင့်အလမ်းနှင့် စီးပွားရေးတို့ တိုးတက်လာမည်ဖြစ်သည်။

သို့ဖြစ်၍ မြောက်ဦး ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် UNESCO ဝင်နိုင်ရေးနှင့် ပတ်သတ်ပြီး မြောက်ဦးရှေးဟောင်း သုတေသနဦးစီးဌာနမှ ကော်မတီများဖွဲ့ကာ ယဉ်ကျေးမှုအမွေအနှစ်များအား ထိန်းသိမ်းတတ်စေဖို့ ဒေသခံများအား အသိပညာပေးဟောပြောခြင်းများ လစဉ် ပြုလုပ်လျှက်ရှိကြောင်း ဆိုသည်။

“လစဉ်အလိုက် Group တွေခွဲထားပြီးတော့ သင်တန်းတွေပို့ချပေးနေတာဖြစ်ပါတယ်။ အဲတော့ ဒါနဲ့ ပတ်သတ်ပြီးတော့ သူတို့ အရင်က မသိသေးတဲ့အခြေအနေတွေကို အခုသိလာတော့ ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ ပတ်သတ်ပြီး အရင်ကထက် အများကြီးလုပ်လာနိုင်တယ်ပေါ့လေ။”ဟု ဒေါက်တာသောင်းထိုက်က ပြောသည်။

ရှေးခေတ် ရခိုင်ပြည်နယ်တွင် ဓညဝတီ၊ ဝေသာလီ၊ လေးမြို့နှင့် မြောက်ဦးဟု ခေတ်ကြီးလေးခေတ် ပေါ်ထွန်းခဲ့ရာ မြောက်ဦးခေတ်သည် ယဉ်ကျေးမှုရေးရာတို့တွင် သာမက စီးပွားရေးနှင့် လူမှုရေးတို့တွင်လည်း ထင်ရှားကျော်ဇောခဲ့ကြောင်း သမိုင်းမှတ်တမ်းများတွင် ဖော်ပြ ထားသည်။

မြန်မာနိုင်ငံတွင် ပျူမြို့တစ်ခုတည်းသာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ပြီး လက်ရှိတွင် မြောက်ဦးမြို့ကို UNESCO ၏ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရေး အစိုးရ၊ အရပ်ဖက်အဖွဲ့၊ ပြည်တွင်းနှင့် ပြည်ပမှ ပညာရှင်များက ပူးပေါင်းဆောင်ရွက်နေကြသည်ဟု ဆိုသည်။

 504 total views,  1 views today