ဇန်နဝါရီ ၂၂

ရခိုင်ပြည်နယ်အတွင်း ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုများ ရှိလာစေရန် ဖိတ်ခေါ်နိုင်ရေး ရင်းနှီးမြှုပ်နှံမှုပွဲတော်တစ်ခုကို ငပလီကမ်းခြေတွင် ကျင်းပသွားရန် ပြည်နယ်အစိုးရမှ စီစဉ်နေသည်။

၎င်းပွဲသည် ပြည်နယ်၏ ပထမဦးဆုံးပွဲတော်တစ်ခုဖြစ်သည်။

ကမ္ဘာ့ ရှစ်ခုမြောက် အကောင်းဆုံး အဖြစ် သတ်မှတ်ခြင်းကို ပိုင်ဆိုင်ရရှိထားသည့် ရခိုင်ကမ်းရိုးတန်းတွင် တည်ရှိသော ငပလီကမ်းခြေတွင် ထိုပွဲအား ဖေဖေါ်ဝါရီ ၂၁ ရက်နေ့မှ ဖေဖေါ်ဝါရီ ၂၃ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ကာ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု ၁၀ ခုမှ ၁၅ ခုခန့်ထိ ဝင်ရောက်လာဖို့ မျှော်မှန်းထားရှိသည်။

“ အားလုံးကိုတော့ ရခိုင်ပြည်နယ်ကို ဒီထက်ပိုပြီးတော့ စိတ်ဝင်စားစေချင်ပါတယ်။ ဒီထက်ပိုပြီးတော့လည်းပဲ ရခိုင်ပြည်နယ်ရဲ့ အကြောင်းတွေကို သိစေချင်ပါတယ်။ အဲ့တာမှ သာလျင်ပဲ ရခိုင်ပြည်နယ်ရဲ့အခွင့်အလမ်းတွေကို ပိုပြီးတော့ ဖော်ထုတ်နိုင်မှာဖြစ်ပါတယ်။ ဒါမှသာလျင် ရင်းနှီးမြှုပ်နှံမှုတွေလည်း အများဆုံးလာရင်းနှီးမြှုပ်နှံပြီးတော့ အားလုံးအတွက်ပေါ့ အကျိုးဖြစ်နိုင်တဲ့အတွက် အားလုံးက ကူညီဆောင် ရွက်ပေးဖို့ကို ဖိတ်ပါတယ် “ ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဆိုသည်။

ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရာတွင် ရခိုင်ပြည်နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးအခြေခံသည့် လုပ်ငန်းများအပြင် စက်မှုဇုန်များ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပရောဂျက်များလည်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဟု ပွဲစီစဉ်သူများထံမှ သိရသည်။

၎င်းပွဲတော်ကို ပြည်နယ်အစိုးရမှ ဦးဆောင်ကျင်းပသည်ဆိုသော်လည်း ပြည်ထောင်စုအစိုးရအဖွဲ့မှလည်း ပံ့ပိုးကူညီမည်ဟု ဆိုသည်။

ဇုန်များနှင့် စီမံကိန်းများအပါအဝင် ဒေသဖွံ့ဖြိုးရေးအတွက် မြောက်ဦးမြို့နယ်တွင်လည်းကောင်း ၊ ငပလီကမ်းခြေနှင့် အနီးတဝိုက်တွင်လည်းကောင်း ကမ်းခြေအသစ်များ တိုးချဲ့လာနိုင်ခြေလည်း ရှိနေသည်။

ယခု ကျင်းပမည့် ရင်းနှီးမြှုပ်နှံမှုပွဲတော်သို့ တရုတ်၊ ဂျပန်၊ အိန္ဒိယနှင့် အာဆီယံဒေသတွင်း နိုင်ငံများကို အဓိကထား ဖိတ်ခေါ်ထားသည်။

 500 total views,  1 views today