ဇင်ထွန်း

သစ်ပင်တွေထဲကမှ အရွက်၊ အကိုင်း၊ အသီး၊ အရည်အစရှိတဲ့ တစ်ပင်လုံးကို အသုံးပြုလို့ရပြီး တစ်ခါစိုက်ပြီးတာနဲ့ နှစ်စဉ်စားသုံးလို့ရတဲ့ အပင်တစ်မျိုးကတော့ ဓနိပင်ပဲ ဖြစ်ပါတယ်။

တောရွာတွေဘက်မှာတော့ ဓနိပင်က ရတဲ့ ဓနိရည်ကို စီးပွားဖြစ်ရောင်းချလုပ်ကိုင်နေကြပါတယ်။

ဒေသအခေါ်ကတော့ အုန်းရည်လို့ ခေါ်ကြပါတယ်။

သူကတော့ ရခိုင်ပြည်နယ် စစ်တွေမြို့က သက်ကေပြင်ကျေးရွာမှာနေထိုင်ပြီး ဓနိရည်လုပ်ငန်းကို မိဘအစဉ်အဆက် လုပ်ကိုင်လုပ်ခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။

“အစ်မတို့က မိဘအစဉ်အဆက်လုပ်ကိုင်လာတာလေ။ အရင်တုန်းကဆိုရင် အမေရဲ့ အဘိုးတွေအဘွားတွေလက်ထက် ပြီးတော့မှ သူတို့သေသွားရင်၊ နောက်သားသမီးတစ်ဆက်၊ နောက်သားသမီးဆိုတော့ ကျွန်မအမေတို့ တစ်ဆက်၊ ကျွန်မအမေတို့ပြီးတော့ အခု ကျွန်မအမေမလုပ်တော့လို့ ကျွန်မ လုပ်နေတာ။”

ဓနိပင်တစ်ပင်ဖြစ်လာဖို့ကလည်း နှစ်နဲ့ချီပြီးတော့ စောင့်ရပါတယ်။ ဓနိသီးတွေကို ရေစပ်စပ်ရှိတဲ့နေရာမှာ သုံးလုံးစီတွဲပြီး သုံးပင်အကွာလောက်စီ စိုက်သွားလို့ရပါတယ်။ အပင်စထွက်လာတဲ့အချိန်ကနေ အသီးသီးတဲ့အချိန်ထိဆိုရင်တော့ ခြောက်နှစ်၊ ခုနှစ်နှစ်လောက် စောင့်ရပါတယ်။

“သူ့အသီးက နည်းနည်းလေး အချိန်ကြာသွားရင် ရင့်သွားတယ်။ အဲဒီ အုန်းခိုင်က ရင့်သွားတယ်ဆိုရင် ကျရင်လဲ အလကားဖြစ်သွားမယ်။ အဲဒီတော့ အသီးက သူ့ဟာသူ အလိုလို ပြုတ်ကျလာတယ်။ အခိုင်ကျတဲ့အခါ သူက အပင်ပေါက်လာတယ်။ အပင်ပေါက်လာရင် အဲဒါကို ဒီအနားလေးမှာပဲ စီထားတယ်။ ပေါက်လာတဲ့အချိန်မှာ သူ့ကို တစ်နေရာရာမှာ ချတယ်။”

အုန်းရည်လို့ ခေါ်ကြတဲ့ ဓနိရည်ကလည်း ထန်းရည်လိုပါပဲ။ အချိုအခါးရှိပါတယ်။ ထွက်လာတဲ့အရည်ကတော့ အချိုဖြစ်ပေမယ့် ခံတဲ့ဝါးကျည်တောက်ကို မီးကင်ပြီး ခံရင် အချိုရပါတယ်။ မဆေးထားတဲ့ ကျည်တောက်အဟောင်းတွေနဲ့ ခံရင်တော့ အခါးရည်ကို ရတာဖြစ်ပါတယ်။

“သူ့မှာ ဆင်းလာကတည်းက အချိုပဲ။ ဝါးကျည်ကို မဆေးလိုက်ဘူးဆိုရင် အခါးရည်။ ဒါပေမယ့် ကျည်ကို ဆေးရတယ်။ ဆေးပေးရတာ နှစ်ရက်နေတစ်ခါ။ ဆေးထားတဲ့အချိန်မှာလည်း သူက မိုးရိပ်တွေ တက်လာလို့ရှိရင် အဆင်မပြေဘူး။ မချိုတော့ဘူး။ ချဉ်သွားတယ်။ နေစောင်းလာလို့ရှိရင် ညနေဆိုရင် အခါးရည်။ ညကျတဲ့အရည်က မနက်အစောကြီးဆိုရင် အချိုရည်ရတယ်။”

ယောင်္ကျားဖြစ်သူ ဆုံးပြီးတဲ့နောက် သူ့တာဝန်ကျလာတဲ့အချိန်မှာတော့ ဒီလုပ်ငန်းမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေက သူ့အတွက် ကြီးမားလွန်းလှပါတယ်။ ယောင်္ကျားလေးတစ်ဦးအတွက်တောင် အခက်အခဲများလှတဲ့ ဒီအလုပ်ကို မိခင်ရဲ့ သင်ပြမှုတွေနဲ့ အခက်အခဲတွေကို ကျော်ဖြတ်နေသူတစ်ယောက်ဖြစ်ပါတယ်။

 “ပထမ သူမရှိတော့ ကိုယ့်တာဝန်ကျလာတာပေါ့။ နဲနဲ အမေက စောင်မပေးတယ်။ အမေက လုပ်ပေးတယ်။ နဲနဲ အမေက ဆင်းတယ်။ လုပ်ပေးတယ်။ သင်ပေးတယ်။ နောက်ကျတော့ နှစ်နှစ်လောက်အတွင်းမှာ  အမေက လက်ကျိုးသွားပြီး နေမကောင်းဖြစ်လာတယ်ဆိုတော့ ကိုယ့်အလှည့်ကျလာတယ်။ သူက လှီးမရ။ လှီးလိုက်ရင် လက်ပါသွားတယ်။ လက်တွေ ထိသွားတယ်။ လက်တွေထိသွားတာဆိုရင် လက်ကို ရေတွေဘာတွေဆေးပြီး ဆေးထည့်တယ်။ လက်အိတ်တွေဘာတွေ စွပ်ပြီးပေါ့။ ထိသွားတော့ လက်ကိုလဲ ဆေးထည့်တယ်။ ပြီးရင် ဆင်းရတော့တာပေါ့။ ပြီးရင် အုန်းခိုင်ကို ကန်တယ်။ ကန်တဲ့အခါ မတက်ရင် ကျိုးသွားတယ်။ သူက အနာမခံနိုင်။ နာလို့မရ။ အသာလေးအသာလေး နင်းရတယ် အုန်းခိုင်ကို။ ပြီးတော့မှ အုန်းခိုင်က ညွတ်လာမှ အားနဲနဲပိုထည့်ပြီး လှုပ်ရတယ်။ ဒါကို မသိဘဲ အားနဲကန်ရင် ကျိုးသွားတယ်။”

“အခက်အခဲက သူက ကန်တာ၊ လှီးတာတို့ နောက်ပြီးတော့ သူ့ကို နည်းနည်း လှုပ်ယူရတယ်။ အစတုန်းကဆို လက်တွေ ပါသွားတယ်။ ပြီးတော့ မရရင် သူ့ကို လှီးလိုက်တာ။ လှီးရင်အဆင်မပြေ။ အုန်းရည်က မဆင်း။ အဲဒီလို အခက်အခဲတွေ ရှိတယ်ပေါ့။ နောက်ပိုင်းမှ သိလာတယ်။ နည်းနည်းချင်းစီပေါ့။”

“အဆင်မပြေတာကတော့ အခု အုန်းခိုင်တွေကို ကန်ရင်၊ ယောင်္ကျားအားနဲ့ဆိုရင်တော့ နဲနဲ ကန်လိုက်တာနဲ့ ထွက်တယ်ပေါ့။ အရည်က။ အမက ကန်တဲ့အခါ အားနည်းတော့ ထွက်တဲ့အရည်ကလည်း နည်းတယ်။ အရည်က။ ယောင်္ကျားဆိုတာက နဲနဲ အားစိုက်ပြီးလုပ်ရင်လည်း ပင်ပန်းတယ် မထင်ရပေမယ့် အစ်မတစ်ယောက်ထဲ လုံးစုံ လုပ်ရတဲ့အခါ ပင်ပန်းတယ်။”

 “ဖြည်းဖြည်းသက်သက် ကန်ရင်လဲ မထွက်ဘူး။ အရည်က။ “

ဒီလိုမျိုး အခက်အခဲတွေတင်ပဲလား။ ဒီဓနိပင်တွေဟာ တောစပ်နဲ့ ရေထဲမှာ စိုက်ရတာကြောင့် ဆူးငြှောင့်ခလုတ်နဲ့ မြွေပါးကင်းပါး အန္တရာယ်ကလည်း ရင်ဆိုင်ရပါတယ်။

“အုန်းရည်လုပ်တာက နေဝင်သွားပြီဆိုရင် မြွေတွေ၊ ကင်းတွေလဲ ရှိရင်ရှိမှာပဲ။ အချိန်မတော် ဆင်းတဲ့အချိန်ဆို။ ဘွတ်ဖိနပ်နဲ့ ဆင်းရတယ်။ ဓာတ်မီးနဲ့။ ကိုယ်တစ်ယောက်တည်းဆင်းရတာတေ့ အန္တရာယ်ရှိတယ်။ အန္တရာယ်တော့ရှိတယ်။ အစ်မတစ်ယောက်တည်း ဆင်းရတာဆိုတော့ အချိန်မတော်၊ ကာလမတော်ရင် မဆင်းရဲဘူး။ အခက်အခဲရှိတယ်။ ဒါပေမယ့် တောကို။ တောဖြစ်လို့ မကောင်းတဲ့လူလည်း ရှိရင် ရှိမယ်။ ကောင်းတဲ့လူပဲ ရှိမှာမဟုတ်ဘူး။ ဒါဆိုရင် အန္တရာယ်ပေးရင်လည်း ပေးနိုင်တယ်။ မဆင်းဘူးဆိုရင် နဲနဲ စောင့်နေတယ် ကိုယ်က။ အချိန်ကာလကကို အစောကြီးကတည်းက ဆင်းတယ်ပေါ့။ လေးနာရီလောက်ဆိုရင် မီနေပြီ။ မမီဘူးဆိုရင် အလုပ်တွေဘာတွေ သွားတယ်ဆိုရင် ကိုယ်နဲ့ သင့်မြတ်တဲ့ ယောင်္ကျားလေးဖြစ်ဖြစ်၊ အစ်မရဲ့ သားတွေဖြစ်ဖြစ်၊ တစ်ခြားယောင်္ကျားတွေဖြစ်ဖြစ်၊ ကိုယ်နဲ့ ရင်းရင်းနှီးနှီးနေတဲ့လူဆိုရင် အစ်မနဲ့ တစ်ခေါက်ဆင်းရအောင်ပေါ့နော်။ အဲဒီလိုခေါ်တဲ့အခါလည်း ကိုယ်နဲ့ ရွယ်တူတွေ၊ နဲနဲအကြီးတွေမဟုတ်ဘူး။ နဲနဲ ငယ်ငယ်လေးနဲ့။ ဒီလိုလူတွေကိုပဲ ခေါ်သွားတယ်။ အခုဆိုရင်လည်းပဲ အမေ လာ။ မျက်စိမမြင်ဘူးဆိုရင်လည်း အမေဆင်းမယ်ဆိုရင် အမေနဲ့သွားတယ်။”

ဓနိရည်ကို ပင်ပင်ပန်းပန်းနဲ့ ဓနိတောကယူပြီး ပြန်ရောင်းချဖို့ ပြင်ဆင်ရပါသေးတယ်။

အများအားဖြင့်တော့ အခါးရည်ကို သေရည်သေရက်လို သောက်သုံးကြတာ များတာကြောင့် ရောင်းချတဲ့နေရာမှာလည်း သူ့အတွက်ကတော့  စိုးရိမ်ထိတ်လန့်မှုတွေ ရှိနေပါတယ်။

“အဲဒီ အုန်းရည်ကို အရင်ဆိုရင် အမေသွားရောင်းပေးတယ်။ အမေက ယောင်္ကျားမရှိဘူးဆိုရင် သမီးလေး အိမ်မှာနေ။ အမေ သွားရောင်းမယ်။ ရတဲ့ ပိုက်ဆံနဲ့ မျှစားကြမယ်လို့ ပြောတယ်။ အမေက (အရွယ်) ကျလာတော့ မသွားနိုင်။ ဟိုနားဒီနားသွားရင် မောလာတယ်။ ဆိုတော့ အမေကို ပြုစုဖို့ အချိန်ကျလာပြီ။ အဲဒီလိုဆိုရင် အုန်းရည်ကို အစ်မ သွားရောင်းလို့ ဖြစ်ပါမလား။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့။ အန္တရာယ်ရှိတယ်။ အစ်မ မသွားရဲ။ အန္တရာယ်က အဲဒါကို ရောင်းဖို့သွားရင် ယောင်္ကျားလေးတွေပဲ ရောင်းရတာလေ။ မိန်းကလေးတွေကို ရောင်းရတာ မဟုတ်ဘူးလေ။ ယောင်္ကျားလေးကို ရောင်းတော့ သူတို့က အဆိုးလဲ ရှိတယ်။ အကောင်းလဲရှိတယ်။ အစ်မက အသက်အရွယ်ရှိသေးတော့ ယောင်္ကျားတွေရဲ့ အန္တရာယ်ကို ကြောက်တယ်။ ဒီတိုင်းပဲ အိမ်မှာထားတယ်။ လာချွတ်သူရှိရင် (တလုံးတရင်းနဲ့ လာဝယ်သူ) ငွေကျပ် ၁၅၀ ၊ ၂၀၀ နဲ့ ရောင်းတယ်။ ဝယ်သား (တိုက်ရိုက်လာဝယ်သူ) လာရင်တော့ ချိုရင် ကျပ် လေးငါးခြောက်ရာပေါ့။ ချွတ်တဲ့အခါလဲ ချွတ်တယ်။ မချွတ်တဲ့အခါလဲ မချွတ်ကြ။ နေမကောင်းလို့ သွားမပို့နိုင်ဆိုတဲ့အခါ တစ်ခါတစ်လေ အိမ်မှာပုံသွားတယ်။ ကုန်သွားရင်တော့ အဆင်ပြေတယ်။ အက်အခဲရှိတာကတော့ အဲဒါ့ပဲ။ အပြင်ထွက်လုပ်မယ်ဆိုတော့လဲ ကိုယ်က မိန်းမသားဆိုတော့။ ဒီရွာမှာကျတော့ လူသွားလူလာနည်းတဲ့နေရာတွေဆို မသွားရဲဘူး။ တစ်ခိုင်နှစ်ခိုင်ရတာနဲ့ အဆင်ပြေသလိုစားတယ်။”

သမီးနှစ်ယောက်မိခင် မမီးမီးကတော့ ဒီလိုမျိုးအခက်အခဲ အန္တရာယ်များလှတဲ့အလုပ်ကို တစ်ယောက်ထဲ လုပ်ကိုင်နေရတာကြောင့် စိတ်ဓာတ်ကျစရာတွေနဲ့ ကြုံလာရင်လည်း သမီးတွေရဲ့ မျက်နှာကို ကြည့်ပြီး အားတင်းနေသူ ဖြစ်ပါတယ်။

“ကိုယ့်ဘဝကိုယ်ထူထောင်ရမှာပဲ။ ဘယ်သူမှ ကယ်ဆယ်မယ့်သူမှ မရှိတာ။ အမေဆိုရင်လဲ ကျ (အရွယ်ကျ) သွားပြီ၊ အဖေဆိုလဲ ဆုံးသွားပြီ။ ညီအစ်ကို မောင်နှမဆိုတာလဲ သူတို့ အိမ်ထောင်နဲ့ သူတို့ အဝေးမှာလဲ။ ဆိုတော့ ကိုယ့်ကိုကိုယ်ပဲ အားပြုပြီး ရတဲ့အခါ ရ၊ မရတဲ့အခါ မရ။ ပြဿနာတွေ ရှုပ်ရှုပ်ရှင်းရှင်း၊ စိတ်တွေညစ်ထေးလာတဲ့အခါလဲ ညစ်တယ်။ နဲနဲ အလုပ်ပင်ပန်းလာရင် ထမင်းမစား။ စိတ်ဓာတ်ကျတဲ့အခါလည်း ကျတယ်။ စိတ်ကို တစ်ခါတစ်လေကျရင်လဲ ဖြေတယ်။ ငါ မလုပ်ရင် ဘယ်သူလုပ်မှာလဲ။ ဒီအလုပ်က နဲနဲလောက်တော့ တာဝန်ကြီးတယ်။ စိတ်ရှည်ရတယ်။ မရှည်ရင် သူက အလကားပဲ။ စိတ်ရှည်ရှည်ထားပြီးတော့ အိမ်မှာ ဘယ်လောက်ပဲ စိတ်တွေ ရှုပ်ထွေးစရာရှိနေပါစေ အလုပ်သွားတဲ့အချိန်မှာ အုန်းခိုင်ကို စိတ်ရှည်ရှည်နဲ့ ကလေးတွေကို မွေးစားသလို မွေးစားရတယ်။”

သူငယ်စဉ်က မိဘအဆင်မပြေလို့ စာမသင်ခဲ့တာကြောင့် ဒီလို ပင်ပင်ပန်းပန်း လုပ်ကိုင်နေရတာလို့ ပြောဆိုသူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အလှည့်ကျလာတဲ့အခါ အားမလျော့ဘဲနဲ့ ကြိုးစားရုန်းကန်နေရတဲ့ မမီးမီးရဲ့ လိုအင်ဆန္ဒလေးတစ်ခုကတော့ –

“ပညာမတတ်တော့ ခွန်အားနဲ့ပဲ လုပ်စားရတယ်။ ပညာနဲ့ လုပ်စားလို့ မရဘူးပေါ့။ ဒီအခက်အခဲတွေရှိလို့လား။ သား သမီးတွေကို အစ်မက မရှိရှိတာတွေနဲ့ စာသင်ပေးတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်က ဘယ်လိုမှ ပညာနဲ့ ခရီးမဆက်နိုင်ခဲ့ဘူး။ သားသမီးတွေပဲ ခရီးဆက်ပါစေ၊ တွင်ပါစေ ဆိုပြီး ဒီလိုပဲ သူတို့ကို မြှင့်တင်ပေးချင်တယ်။ ကိုယ့်ဘဝကတော့ ဆုံးချင်ဆုံးပါစေတော့။ မတတ်နိုင်တော့ပါဘူး။ ဒါပေမယ့် ကိုယ် ရုန်းကန်ခဲ့တဲ့ဘဝမှာ ကိုယ့်သား ၊ သမီးတွေကို ထည့်လို့ဖြစ်မလား။ သူတို့အသိတရားရှိအောင် ပညာတွေတတ်အောင် အစ်မမှာ အဲဒီစိတ်တစ်ခုသာရှိတယ်။”

 1,030 total views,  1 views today