မင်းသန့် ၊ ရိုးမရေဒီယိုမဂ္ဂဇင်း

မြောက်ဦးမြို့နယ် တောင်ပိုင်းက လောင်းရှည်ချောင်း၊ မောင်နှမ၊ အကြီးတော်မ၊ ပျားတဲ၊ ကျောင်းတိုက် စတဲ့ ကျေးရွာတွေက ကိုလိုနီခေတ် ကတော့ အကြီးတော်မတိုက်နယ်လို့ ထင်ရှားခဲ့ပါတယ်။

မြောက်ဦးမြို့ကနေ စက်လှေနဲ့သာ သွားလာနိုင်ပြီး လယ်ယာလုပ်ငန်းကိုပဲ လုပ်ကိုင်ကြတဲ့ ကျေးရွာတွေ ဖြစ်ပါတယ်။ ခမီနဲ့ ရခိုင်လူမျိုးတွေ နေထိုင်ကြပါတယ်။ မြန်မာနိုင်ငံမှာ ဂျပန်ခေတ်လို့ လူသိများတဲ့ ဒုတိယ ကမ္ဘာစစ်ကာလ၊ ဖက်ဆစ်တော်လှန်ရေး လှုပ်ရှားမှုတွေ ပြင်းထန် နေတဲ့ အချိန် ရခိုင်ပြည်နယ်ထဲမှာထင်ရှားတဲ့ တော်လှန်ရေး ခေါင်းဆောင်ဖြစ်တဲ့ ဆရာတော်ပညာသီဟ ဦးဆောင်တဲ့ ရခိုင်ဖက်ဆစ် တော်လှန်ရေး တပ်ဖွဲ့ အခြေချ လှုပ်ရှားခဲ့တဲ့ ကျေးရွာတွေလဲ ဖြစ်ပါတယ်။

၁၉၄၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့ ဆိုတာ အကြီးတော်မ တိုက်နယ်သားတွေအတွက် သမိုင်းဝင် နေ့တစ်နေ့ ဖြစ်ခဲ့သလို အခုအချိန်အထိ အဲ့ဒီနေ့က အဲ့ဒီနေရာမှာ ဘယ်လိုဖြစ်ခဲ့တယ်။ ဘယ်လိုစွန့်စားခဲ့တယ်။ ဘယ်လို စွန့်လွှတ်ခဲ့ကြတယ်ဆိုတဲ့ ဖက်ဆစ်တော်လှန်ရေး ဖြစ်ရပ်မှန် ဇာတ်လမ်း တပုဒ်ကတော့ အခုအချိန်အထိ အိပ်ယာဝင် ပုံပြင်တခုလို ပြောနေကြပါသေးတယ်။

အဲ့ဒီ အချိန်ကာလတုန်းက ဂျပန်စစ်တပ်ရဲ့ ဌာနချုပ်က စစ်တွေမှာရှိပြီး ကျောင်းတိုက်ရွာမှာတော့ တပ်စခန်းတခု အခြေချခဲ့ပါတယ်။

ဒေါ်ကြာဇံညိုက ကျောင်းတိုက်ရွာမှာ မွေးကတည်းက အခုအချိန်ထိနေထိုင်နေဆဲပါ။ အဲ့ဒီအချိန်က သူ့အသက် ၉ နှစ်ရှိနေပြီး တပ်စခန်း ဘယ်လိုရှိခဲ့တယ် ဆိုတာ ကောင်းကောင်း မှတ်မိနေပါသေးတယ်။

“အဝင်တံခါးဝက ဒီနားမှာရှိတယ်။ ရုံးက ဟိုးဘက်အထိ ငယ်ငယ်လေးမဟုတ်ဘူး။ လူပေါင်း နှစ်ရာသုံးရာလောက် နေတာ။ ဂျပန်ကတော့ ငါးယောက်တည်း ရှိတယ်။ အားလုံးရခိုင်ပါ၊ ခမီပါ ရောပြီး နေကြတာပါ။”

ဂျပန်တွေ မြန်မာနိုင်ငံကို သိမ်းပိုက်ပြီး ဖက်ဆစ်စနစ်နဲ့ အုပ်ချုပ်နေတဲ့အချိန် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးက ဖက်ဆစ် စနစ်ကို ဆန့်ကျင်ဖို့ ကြိုးပမ်းနေတဲ့ အချိန်၊ ရခိုင်ပြည်မှာလဲ ဖက်ဆစ်ဆန့်ကျင်ရေး ဆောင်ရွက်မယ့် တော်လှန်ရေး အင်အားတွေကိုလည်း စုစည်းပြီးဖြစ်နေပါပြီ။ ဆရာတော် ဦးစိန္တာ၊ ဆရာတော်ပညာသီဟ၊ ဘုံပေါက်သာကျော် စတဲ့ တော်လှန်ရေး ခေါင်းဆောင်တွေကတော့ ထင်ရှားသူများ ဖြစ်ကြပါတယ်။ အဲ့ဒီအချိန် ဆရာတော် ဦးပညာသီဟရဲ့ ဦးဆောင်မှုအောက်မှာ ပါဝင်ခဲ့တဲ့ အကြီးတော်မ တိုက်နယ်က တော်လှန်ရေး ခေါင်းဆောင်တွေလဲ ရှိခဲ့တယ်လို့ မောင်နှမရွာသား ဦးစိန်လှကျော်က ပြောပါတယ်။

“ဦးအောင်ဘန်း၊ အကြီးတော်မရွာသား၊  ကျောင်းတိုက်က ဦးအာဝင်း၊ မောင်နှမကျေးရွာက ကျွန်တော့်အဖိုးအရင်း ဦးအင်္ဂါတို့က ဦးဆောင် ပြီးတော့ ဆရာတော် ဦးပညာသီဟရဲ့ သြဇာအောက်မှာ နာခံပြီးတော့မှ တိုက်ပွဲဝင်ခဲ့တယ်ဆိုတာကို ကျွန်တော့ အဖိုးတွေ ပြောပြလို့ သိရပါတယ်။”

အဲ့ဒီအချိန် အကြီးတော်မ တိုက်နယ်သူကြီးကတော့ ကျောင်းတိုက်ရွာက ဦးအာဝင်း ဖြစ်ပြီ။ သူရသတ္တိနဲ့ ပြည့်စုံသူ၊ ဂျပန်တပ်နဲ့ အဆင်ပြေအောင် ဆက်ဆံနေပေမယ့် တဖက်ကလည်း ဖက်ဆစ်တော်လှန်ရေးအဖွဲ့မှာ ခေါင်းဆောင်ဖြစ်ပါတယ်။ ဆရာတော် ပညာသီဟရဲ့ မွေးစားဖခင်လဲ ဖြစ်ပါတယ်။ ဒေါ်ကြာဇံညိုကသူ့ရဲ့ အဖိုးအရင်း ဦးအာဝင်းရဲ့ အကြောင်း အခုလိုရှင်းပြပါတယ်။

“ဒီရွာမှာတော့ အဖိုးကခေါင်းဆောင်ပဲ။ တော်လှန်ရေး အဖွဲ့မှာဆိုလည်း အစည်းအဝေး တစ်ခုခု သွားဖို့၊ ဟိုသွားဖို့ ဒီသွားဖို့ဆိုရင်လဲ အဖိုးဆီကို ပတ်ပြီး လာရတယ်။”

ရခိုင်ပြည်မှာ ရှိတဲ့ ဖက်ဆစ် တော်လှန်ရေးသမားတွေနဲ့ မြန်မာပြည်က တော်လှန်ရေးသမားတွေ ချိတ်ဆက်မိပြီး ဂျပန်ကို တော်လှန်ကြတော့မယ့် အကြောင်းရိပ်မိတဲ့ အချိန်မှာတော့ ဆရာတော်ပညာသီဟနဲ့ တော်လှန်ရေး ခေါင်းဆောင်တွေကို ဂျပန်တွေက ဖမ်းဆီးဖို့ ပြင်ဆင်လာပါပြီ။ ဒီသတင်းကို သိတဲ့အချိန်မှာ တိုက်နယ်သူကြီး ဦးအာဝင်းက ဆရာတော်ဦးပညာသီဟကို လွတ်မြောက်အောင် စီစဉ်ရပါတော့တယ်။ ဦးအာဝင်းရဲ့ မြေးဖြစ်သူ ဦးအောင်ထွန်းကျော်က သူ သိရှိမှတ်မိနေတာကို အခုလိုပြောပါတယ်။

“ဂျပန်တွေက ဆရာတော်ပညာသီဟကို လိုက်ရှာကြတယ်။ အဖိုးက ဝှက်ထားတယ်။ မကြောက်နေနဲ့ လို့ပြောတယ်။ ဟိုက လာတဲ့အခါ သင်္ကန်းရဲရဲနဲ့ မြင်တော့ ဂျပန်တွေက လိုက်ရှာတယ်။ အဖိုးက ဝှက်ထားတယ်။ အင်္ကျီနဲ့ ပုဆိုးနဲ့၊ ဘောင်းဘီနဲ့၊ ဆင်ပေးထားတယ်လို့ ပြောပါတယ်။ အရင်ကဆို ဒီနေရာတွေအားလုံး ကျွန်တော်တို့ အဖိုးပိုင်ခဲ့တာတွေပါ။”

တော်လှန်ရေးသမားတွေက ဖြစ်လာတဲ့အခြေအနေတွေကို တိုင်ပင်ဆွေးနွေးကြပြီး ဘယ်လို ဆက်လုပ်ကြမလဲဆိုတာ ဆုံးဖြတ်ရပါတော့မယ်။ ဦးစိန်လှကျော်က သူ့အဖိုးပြောပြခဲ့တဲ့ အကြောင်းတွေကို သတိတရနဲ့ ပြောပြပါတယ်။

“ဒီကောင်တွေကို ဒီဇင်ဘာ ၂၅ ရက်နေ့ ဖမ်းရမယ်ဆိုပြီး အမိန့်ထုတ်တယ်။ ကျွန်တော်တို့ ဂျပန်တွေဆီမှာ အဖမ်းခံပြီး သေမှာလား၊ ဒါမှမဟုတ် တိုက်ပွဲဝင်ပြီး သေမှာလားဆိုပြီး မေးခွန်းထုတ်တဲ့အခါ အဖွဲ့ခေါင်းဆောင် ဦးပညာသီဟနဲ့ ကျွန်တော်တို့ အဖိုးတော်လှန်ရေး ခေါင်းဆောင်တွေက တိုက်လို့ သေမယ်ဆိုပြီး ဆုံးဖြတ်ချက်ချတဲ့အတွက် အဝပြင်ရွာဟောင်းက ဦးကျော်ဖြူတို့ကို တာဝန်ပေးချက်အရ ဦးကျော်ဖြူတို့က ဦးဆောင်ပြီး ၁၉၄၄ ခု၊ ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ကျောင်းတိုက်ကုန်းမှာ စခန်းချနေတဲ့ ဂျပန်ဗိုလ်ကြီးကို တိုက်လို့ နိုင်ခဲ့တယ်လို့ ကျွန်တော့် အဖိုးပြောပြလို့ သိရတယ်။”

အခုလို ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ဝင်တိုက်ဖို့ ဆုံးဖြတ်ပြီးခဲ့တဲ့ နောက်မှာတော့ လောင်းရှည်ချောင်းရွာက အမျိုးသမီးဒေါ်ကြာဥနဲ့ ဒေါ်လာဆောင် ဦးဆောင်တဲ့ အမျိုးသမီး ၁၀ ဦးကျော်က ကျောင်းတိုက်စခန်းကို ဒီဇင်ဘာ ၂၄ ညမှာ ပရိယာယ်နဲ့ စခန်းထဲဝင်ပြီး ကြိုတင်ပြင်ဆင်ဖို့ ကြိုးပမ်းခဲ့ရပါတယ်။ အမျိုးသမီးတွေက ဂျပန် တပ်ဖွဲ့ဝင်တွေကို ကပွဲနဲ့ ဧည့်ခံဖို့သွားခဲ့ပြီး အဲ့ဒီအချိန်မှာပဲ အမျိုးသမီးတချို့က သူတို့ဘဝတွေကို စတေးခဲ့ကြရတယ်လို့လဲ ပြောပါတယ်။ လောင်းရှည်ချောင်းဇာတိ ဦးလေကျော်အောင်ကလဲ သူသိရှိထားတဲ့ အကြောင်းအရာတွေကို အခုလိုရှင်းပြခဲ့ပါတယ်။

“ပွဲကျင်းပနေတဲ့အချိန်မှာ ဟိုဘက်က ဗိုလ်ကျော်ဖြူ ဦးဆောင်တဲ့ တပ်ဖွဲ့ကလာပြီး တိုက်ခိုက်တာပေါ့။ ခမီတိုင်းရင်းသားကျေးရွာဆိုတာ့ ခမီတပ်ဖွဲ့ပဲ ဦးဆောင်ပြီး ဒီလမ်းကပဲ တိုက်ခိုက်တဲ့အချိန်မှာ ဒီမှာရှိတဲ့ ဗိုလ်မှူး တယောက်ရယ်၊ ဗိုလ်ကြီးရယ် ကျဆုံးခဲ့တယ်။ နောက် တပ်သား နှစ်ယောက် အားလုံး လေးယောက်လို့ ကြားတယ်။”

ဒီဇင်ဘာ ၂၅ ရက်နေ့မှာ တိုက်တော့မယ်လို့ သိတဲ့အချိန်မှာ တိုက်နယ်သူကြီး ဦးအာဝင်းက လိုအပ်တဲ့ အစီအမံတွေ ဆောင်ရွက် ကူညီခဲ့ပါတယ်။ ဒေါ်ကြာဇံညိုက အဲ့ဒီနေ့က အဖြစ်အပျက်ကို မှတ်မိနေပါတယ်။

“အဖိုးက မကြောက်နဲ့လို့ပြောတယ်။ သူတို့မှာ ကစားနေကြတာ။ လူတွေနာတာ မဟုတ်ဘူး။ အဲ့လို ကြောက်စိတ် မဝင်အောင်ပြောတော့လဲ တိတ်တိတ်လေးပဲ နေကြတာပေါ့။ ဟိုမှာ တိုက်တဲ့အချိန် သေလား မသေလားတော့ မသိဘူး။ နောက်တစ်ရွာကို ပို့ထားတယ်။ မနက်မိုးလင်းမှ ပြန်လာရတယ်။”

အမျိုးသမီးတွေနဲ့ ကခုန်ပျော်ပါးနေခဲ့ကြသလို သောက်စားမူးယစ်နေကြတဲ့ ဂျပန်တပ်သားတွေကတော့ သူတို့ကံကြမ္မာ ဘယ်လိုဖြစ်လာမလဲ သိခဲ့မှာ မဟုတ်ပါဘူး။ ခမီအမျိုးသား ဖက်ဆစ်တော်လှန်ရေး တပ်သားတွေရဲ့ တိုက်ခိုက်မှုတွေအောက်မှာ အတုံးအရုံး ကျဆုံးခဲ့ကြသလို အသက်ရှင်လျှက် လွတ်မြောက်နိုင်သူ တပ်သား ၂ ယောက်ကလဲ ချောင်းထဲမှာ လှေမှောက်ပြီး သေဆုံးခဲ့ရပါတယ်။ ကျဆုံးတဲ့ ဗိုလ်မှူးရဲ့ ညာ ဘက်လက်ကိုလည်း ထွက်ပြေး နိုင်ခဲ့သူတွေက ဖြတ်ယူသွားခဲ့ပြီး အလောင်းကိုတော့ တော်လှန်ရေး တပ်သားတွေက ရွာအစွန်က လယ်ကွင်းပြင်မှာ မြှုပ်နှံ ထားလိုက်ကြပါတယ်။ ကျောင်းတိုက်စခန်းကို သိမ်းပိုက်ပြီး နောက် တစ်ရက်ကျော်မှာတော့ အင်္ဂလိပ်စစ်တပ်က အရာရှိတွေ ရဟတ်ယာဉ်နဲ့ ကျောင်းတိုက်ရွာကို ရောက်လာခဲ့တယ်လို့ ဒေါ်ကြာဇံညိုက ပြောပြပါတယ်။

“မိုးလင်းတာနဲ့ အင်္ဂလိပ်ရောက်လာတယ်။ အရပ်အရှည်ကြီးပဲ။ ပြီးတော့ အဲ့ဒီသေသွားတဲ့ ဂျပန်ရဲ့ သေနတ်နဲ့ ဓါးကို ယူဖို့လာကြတာ။ သူတို့က မေးကြတယ်။ ဘယ်လိုလဲ မေးတယ်။ အဖိုးက လက်တဖက်တော့ သူတို့ ဖြတ်ယူသွားကြတယ်လို့ ပြောတယ်။ သူတို့က ရခိုင်စကားလဲ ပြောတတ် ပါတယ်။”

လွတ်လပ်ရေးရပြီးတဲ့ နောက်မှာတော့ အခုလို တိုက်ခိုက်ခဲ့ကြတဲ့ တော်လှန်ရေး ရဲဘော်တွေက လွတ်လပ်ရေး မော်ကွန်းဝင်တွေ အဖြစ် အသိအမှတ် ပြုခံရသလို၊ ဆုတံဆိပ်တွေလဲ ရခဲ့ကြတယ်လို့ သိရပါတယ်။ လွတ်လပ်ရေးမော်ကွန်းဝင် ဦးရေ တစ်ရာနီးပါးရှိပေမယ့် ကျောင်းတိုက် တိုက်ပွဲမှာ ဘဝကိုစတေးခံပြီး ကြိုတင် စီစဉ်ခဲ့တဲ့ အမျိုးသမီးတွေတော့ စာရင်းမပါခဲ့ပါဘူး။ သူတို့တွေ အခုလို စတေး ခံခဲ့ကြတာတွေကို ပတ်ဝန်းကျင်မှာ အထင်အမြင်သေးခံရမလား၊ ဆွေမျိုးသားချင်းတွေကို ဂုဏ်သိက္ခာ ထိခိုက်စေမလားဆိုတဲ့ စိုးရိမ်စိတ်တွေကြောင့်  ရေငုံနှုတ်ပိတ်နေခဲ့ကြရတယ်လို့ ကျန်ရှိနေသေးတဲ့ ဆွေမျိုးမိသားစုဝင်တွေက ပြောကြပါတယ်။ အခုအချိန်မှာတော့ အဲ့ဒီတုန်းက ပါဝင်ခဲ့တဲ့ အမျိုးသမီးတွေလဲ ကွယ်လွန်ကုန်ကြပါပြီ။ ဦီးစိန်လှကျော်က မော်ကွန်းဝင်ရတဲ့မှတ်တမ်းကို စုစည်း ရမိသလောက်ကို ရှင်းပြပါတယ်။

“ပထမအဆင့် ၁ ယောက်၊  ဒုတိယအဆင့်က ၁၃ ယောက်၊ တတိယအဆင့်က ၇၇ ယောက်၊ စုစုပေါင်း ၉၁ ယောက်ကို မော်ကွန်းဝင် မှတ်တမ်း ဂုဏ်ပြုလွှာပေးခဲ့တယ်။ နာမည်စာရင်းမှာ မပါသေးတဲ့ လူတွေလဲ ရှိသေးတယ်။ ဒါတွေကို ကျွန်တော်တို့ လူငယ်တွေက စာရင်းတွေ ဆက်ကောက်ပြီး တစုတစည်းတည်း ထားမယ်လို့ ဆုံးဖြတ်ထားပါတယ်။”

အကြီးတော်မ တိုက်နယ်သားတွေကတော့ သူတို့ရဲ့ မိဘ၊ ဘိုးဘေးတွေရဲ့ ဖက်ဆစ်တော်လှန်ရေးနဲ့ မြန်မာနိုင်ငံ လွတ်လပ်ရေးတိုက်ပွဲတွေမှာ ပါဝင်ခဲ့တာကို ဂုဏ်ပြုတဲ့အနေနဲ့ ဗိမာန်တခုကို အကြီးတော်မရွာမှာ ထည်ထောင်ဖို့ စီစဉ်နေကြပါပြီ။

“တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်ဟောင်းတွေက အကြောင်းအမျိုးမျိုးကြောင့် တခြားဒေသမှာ ပြောင်းရွှေ့ နေတာလဲ ရှိတယ်။ တခြားမြို့နယ်တွေမှာ ကွယ်လွန် သွားတာတွေလဲ ရှိတယ်။ အခုဆို အဲ့ဒီပုဂ္ဂိုလ်တွေ မရှိတော့ သလောက်ဖြစ်နေပြီ။ ကွယ်လွန်သွားကြပြီ။ ဒါတွေကို မိသားစုတွေက တစ်စုတစည်းတည်းနေရာ သတ်မှတ်ပြီးတော့မှ နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာ ၂၅ ရက်နေ့ဆိုတာ ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့တဲ့နေ့ မော်ကွန်းဝင် ရဲဘော်များနေ့ဆိုပြီး သတ်မှတ်ပြီးတော့ မော်ကွန်းဝင်ရဲဘော်တွေကို တစုတစည်းတည်းကောင်းမှု ကုသိုလ် လုပ်ပေးဖို့ ရည်ရွယ်ချက်နဲ့ မြောက်ဦးမြို့နယ် တောင်ပိုင်းအကြီးတော်မ ကျေးရွာမှာ ၂ ဧကလောက် မြေကိုဖို့ပြီး ဗိမာန်ကုန်းတစ်ခုလုပ်ရင် ကောင်းမယ်ဆိုတဲ့ စိတ်ကူးနဲ့ အခုလို စီစဉ်ပါတယ်။”

မြန်မာနိုင်ငံရဲ့ ဖက်ဆစ်တော်လှန်ရေးမှာ အစောဆုံးဆန့်ကျင် တိုက်ခဲ့တဲ့ တိုက်ပွဲတစ်ခုဖြစ်ပေမယ့် သမိုင်းမှာတော့ စာတင်တဲ့ တိုက်ပွဲ မဖြစ်ခဲ့ပါဘူး။ ဒီလိုပဲ မှတ်တမ်းတင်သူ တစ်ချို့ရဲ့ မှားယွင်းမှုတွေကြောင့် ကျောင်းတိုက်ရွာ တိုက်ပွဲ ဘယ်နေရာမှာ ဖြစ်ခဲ့တယ်ဆိုတာတောင် ထုတ်ဝေတဲ့ စာအုပ်တွေမှာလွဲမှား ဖော်ပြနေပါသေးတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အကြီးတော်မ တိုက်နယ်သားတွေကတော့ ကျောင်းတိုက်မှာကျန်ခဲ့တဲ့ ဦးအာဝင်းရဲ့ အုတ်ဂူကို သက်သေပြရင်း သားစဉ်မြေးဆက် ဂျပန်တော်လှန်ရေး ဇာတ်လမ်းကို အိပ်ယာဝင်ပုံပြင်အဖြစ် သားစဉ် မြေးဆက် ပြောနေကြဦးမှာပါ။

“ကျောင်းတိုက်ကျေးရွာလို့ မသိဘဲနဲ့ ပျားတဲကျောင်းတိုက်ရာ၊ ကျောင်းတိုက်ရာလို့ဖြစ်နေပါတယ်။ ပျားတဲ ကျေးရွာ၏ ကျောင်းတိုက် နေရာလို့ဖြစ်နေပါတယ်။ အမှန်ကမဟုတ်ပါ။ ကျောင်းတိုက်ကျေးရွာသည် သီးခြားရွာတရွာ၊ အဲ့ဒီပျားတဲကျေးရွာသည် ဖက်ဆစ် ဂျပန်တော်လှန်ရေးကာလကလဲ အိမ်ခြေ ၂၀၊ အခုလည်း ၂၀၊ အဲ့ဒီအချိန်ကလဲ ဒီတိုင်း၊ ခုလဲဒီတိုင်း၊ လူဦးရေ အိမ်ခြေအတိုးအလျော့မရှိ။ ရခိုင်ပြည်မှာ ဂျပန်စစ်ဌာနချုပ်က စစ်တွေမြို့၊ ဌာနချုပ်ခွဲက အခု ကျောင်းတိုက်ကျေးရွာမှာပါ။”

 707 total views,  2 views today