ကိုအောင်၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ရခိုင်ပြည်နယ်စွာ ဘင်္ဂလားပင်လယ်မှာ ကမ်းခြေအရှည်မိုင်ပေါင်းလေးရာလေးဆယ်ကျော် ထိစပ်နေရေ ပင်လယ်ကမ်းခြေဒေသ ဖြစ်တေပိုင် ကျွန်းကြီးတိ ကျွန်းစုတိနဲ့ ဖွဲ့စည်းထားရေ ပြည်နယ်တခုဖြစ်ပါရေ။

ဒေသခံတိဟာလည်း မြစ်ချောင်းပင်လယ်ကိုပဲ အမှီပြုပြီး နေထိုင်ကြရေအတွက် ရေကြောင်းခရီးကပဲ အဓိက ပို့ဆောင် ဆက်သွယ်ရေး လမ်းကြောင်းဖြစ်နေဆဲပါ။ အထူးသဖြင့် ရခိုင်ပြည်နယ်တောင်ပိုင်းက ဘင်္ဂလား ပင်လယ်နဲ့ တဆက်တည်း ရှိနေရေ နေရာတိမှာ အဓိက သယ်ယူပို့ဆောင်ရေး ယာဉ်ဟာ လှေ၊ စက်လှေနဲ့ သင်္ဘောတိပဲ ဖြစ်နေပါသေးရေ။

ဒေတပါတ်မှာတော့ အများသုံးရေ စက်လှေတစီးကို ဒေသတွင်းမှာ ဇာပိုင်တည်ဆောက်ကြသလဲဆိုတာ လေ့လာ တင်ပြပီးပါဖို့။ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ထဲက စက်လှေတည်ဆောက်သူတိနဲ့ တွိ့ဆုံမေးမြန်းထားစွာပါ။

ဦးထွန်းကြွယ်က ကျောက်ဖြူမြို့နယ်၊ မြို့ချောင်းရွာမှာနေထိုင်သူ တစ်ဦးပါ။ မြို့ချောင်းကနေ တခြားရွာတိနဲ့ ကျောက်ဖြူမြို့ကို ဆက်သွယ်နိုင်ဖို့ တခုတည်းသော လမ်းကြောင်းက ပင်လယ်ထဲက ကျွန်းတိကို ပတ်ပနာ လားရရေ ရေလမ်းကြောင်း တမျိုးတည်းပဲ ရှိပါရေ။ သူ့မိသားစု စီးပွားရေးလုပ်ငန်းသုံးဖို့အတွက် စက်လှေကြီး တစီးကို တည်ဆောက်နေတာ နှစ်နှစ်လောက်ရှိပါပြီ။ သူစက်လှေတည်ဆောက်ဖို့ ဇာလို စတင် ဆောင်ရွက်ရသလဲဆိုတာ အခုလို ရှင်းပြပါရေ။

“ကျွန်တော်ရို့က မော်တော်တစီး ဆင်ဖို့ဆိုရင် ပိုင်ရှင်က လက်သမားကို ငှားလိုက်ရေ။ စာချုပ် မချုပ်ခင် လက်သမားနဲ့ အပြီးအပြတ်ညှိရေ။ မော်တော်တစ်စီးဆင်ဖို့ လှိုင်းကာအထိအပြီး ပေါင်းခေါင် မပါဘူး။ ဈေးဇာလောက်၊ ပေါင်းခေါင်ပါ အပြီးဈေးဇာလောက်၊ ဈေးက နှစ်မျိုးနှစ်စား။ ဒီမော်တော်ဆို ပေါင်းခေါင် မပါဘူး။ ဒီအမြင်အတိုင်း လှိုင်းကာပြီးဖို့၊ ကုန်းပတ်စီပြီးဖို့၊ အခုထွက်နေတဲ့ လက်ထောက်တောင် တိဖြတ်၊ အတိအကျဖြတ်ပြီးလက်ထောက်ကိုပျဉ်နဲ့ အပြတ်ဖိ။ ဘိပျဉ်လို့ခေါ်ရေ။ ဘိပျဉ်ဖိပြီး ကုန်းဘတ်စီပြီးရင် သူရို့တာဝန်ကျေပြီ။”

စက်လှေတစီးရဲ့ အစိတ်အပိုင်းတိကတော့ အရင်ဦးဆုံးအရေးအပါဆုံးနဲ့ ပတမဆုံးတည်ဆောက်ရတာက ဧရာတံလို့ခေါ်ရေ စက်လှေ ဦးကနေပဲ့အထိ ကျောရိုးမဏ္ဍိုင်ဖြစ်ရေ အစိတ်အပိုင်းပါ။ ရခိုင်ဒေသမှာတော့ အလျားကို လက်တောင်၊ လက်လံတိနဲ့ပဲတိုင်းထွာကြပါရေ။ တည်ဆောက်မည့် စက်လှေရဲ့ အကြီးအငယ် အရွယ်အစားပေါ် မူတည်ပြီး ဧရာတံအတိုအရှည်ကိုရွေးချယ်ရပါရေ။ ခြောက်လံခုနစ်လံကျော်ရှိရေ လှေဆိုရင် ဧရာတံရဲ့ လုံးပတ်ကို ရှစ်ပါတ်လည်၊ ကိုးပါတ်လည်လောက် သုံးကြပြီးကိုးလံဆယ်လံကျော် လှေကြီးတိ တည်ဆောက်ဖို့ ကတော့ ဧရာတံရဲ့ လုံးပါတ်ကိုဆယ့်တစ်လက်မပါတ်လည် ဒါမှမဟုတ် ဆယ့်နှစ်လက်မ ပါတ်လည်လိုမျိုး ဧရာတံကိုသုံးရရေ။ လှေတစီးရဲ့ အစိတ်အပိုင်းအရေးအကြီးဆုံးက ဧရာတံကစရေ။ သစ်သားတုံးကြီးတိကို သုံးရရေလို့ ဆိုပါရေ။ ဒီ့အပြင် ဇာအစိတ်အပိုင်းမှာ ဘာသစ်အမျိုးအစား သုံးဖို့ဆိုတာ ရွေးချယ်တတ်ဖို့ လိုရေလို့ ဦးထွန်းကြွယ်က ပြောပါရေ။

“ဧရာတံကို ထိန်သားသုံးရေ။ ဗန့်ဗွေးသုံးရေ။ တခြားအသားတိကသုံးလို့ မကောင်းဘူး။ ဧရာတံက အမြဲတမ်း ၂၄ နာရီ ရာသီမရွေး ရေမြုပ်နေရေ အသားမို့လို့။ သူ့ကိုအကောင်းဆုံးသစ်ကိုရွေးရရေ။ ပျဉ်းကတိုး ရနိုင်ရင် ပိုကောင်းတာပေါ့။ အခု ပျဉ်းကတိုးက မရနိုင်တော့ဘူး။ တော်တော်ရှားလားပြီ။ ဧရာတံကို ရှာပြီးဝယ်ရေ။ ပြီးရင် တံကူ၊ လက်ထောက် ကတော့ ပျဉ်းကတိုးကိုပဲသုံးကြရေ ကျွန်တော်ရို့ ဒေသမှာ၊ တခြားသစ်မသုံးဘူး။ တံကူ လက်ထောက်ရယ် ဧရာရယ်ကောင်းနေရင် မော်တော်တစီးဟာ အနှစ် ၂၀ သုံးလာပြီဘေးကကာပျဉ်တိ (ပလုပ်) ပိုးကျလာရေ၊ ဆွေးလာရေဆိုရင် ကာပျဉ်ကို အချိန်မရွေး လဲလို့ရရေ။ ဧရာတံနဲ့ တံကူကျတော့ လဲရ ခက်ရေ။ အဲ့ဒါကြောင့် ဧရာနဲ့ တံကူကို အကောင်းဆုံးသစ်ကို ရွေးပြီးသုံးရရေ။”

ဝေတင်ထွန်းကတော့ စက်လှေတည်ဆောက်ဖို့အတွက် အဓိကဦးဆောင်ရေ ကပိုင်ချောင်းရွာက ပညာရှင် လက်သမား ဆရာကြီး ဖြစ်ပါရေ။ ဦးထွန်းကြွယ်လိုချင်ရေ အရွယ်အစားစက်လှေရအောင် သူက ဦးဆောင်ပြီး ဆောက်လုပ် နေတာပါ။ သူရို့အတွက် စက်လှေတည်ဆောက်ဖို့အတွက် ပစ္စည်းပို့ဖို့ အ၀င်အထွက်နဲ့ ရေချရေ အချိန်မှာ လွယ်ကူနိုင်မယ့် နေရာကို ရွေးချယ်ပြီး လုပ်ငန်းခွင်ကို စတင်ခပါရေ။

“ပထမ ဧရာဦးတံပဲ့တံအရင်စလုပ်ရရေ။ ပြီးရင် တံကူတင်ရေ။ ဧရာကအစပ် အောက်ခံပျဉ်လုပ်ရသေးရေ။ အောက်ခံ ပျဉ်ကပ် ပြီးရင် လက်ထောက်လုပ်ရေ။ ပြီးတော့ လေးတန်းစပ်ရေ။ လေးတန်းစပ်ပြီးရင် ဘေးသားကပ်ရေ။ ဘေးသားကပ်လို့ ပြီးပြီဆိုရင် လက်ထောက် တံပြန်လုပ်ရေ။ ပြီးရင် ဖောင်းကပ်လိုက်ရေ။ ဖောင်းတန်းကပ်ပြီးရင် ဘေးပျဉ်ကပ်တာပေါ့။ အခုဆိုဘေးပျဉ်ကပ်လို့ အပြီး။ ပြီးမှ စက်တပ်ဖို့ တခြားလိုတာတိ တဖြည်းဖြည်းလုပ်ရရေ။”

အဆင့်ဆင့် လုပ်ဆောင်ပြီး စက်လှေရဲ့ ဇာညာမိန်းဖောင်းလို့ခေါ်ရေဘေးတန်းကြီးတပ်ဆင်ပြီးရေအခါ မိန်းဖောင်းကြီးရဲ့ ထုတည်နဲ့ စက်လှေရဲ့ လှုပ်ရှားမှုကိုခံနိုင်အောင်စက်လှေဝမ်းရဲ့ ဘေးနှစ်ဖက်ကိုထောက်ထားရေ တန်းတိ ထည့်ရပြီး ဒေသမှာတော့ ကိုက်တန်းလို့ ခေါ်ပါရေ။ လှေရဲ့ ဇာဘက်နဲ့ ညာဘက် လက်ထောက်တိုင်တိကိုမူလီတိနဲ့ ဖမ်းဆွဲတာ ထားရတာပါ။ အဲ့ဒီကိုက်တန်းတိအပေါ်မှာလူထိုင်ဖို့အတွက်နဲ့ ကုန်ပစ္စည်းတိတင်နိုင်ဖို့ ကုန်းပတ်ပျဉ်တိစီပြီး ခင်းရပါရေ။ လှေကာပျဉ်တိ ထည့်ရေအခါတော့ ရေမြုပ်ရေနေရာမှာ ခံနိုင်ပြီး ဒီပိုးဖောက်ခံနိုင်ရေသစ်ကို သုံးရပါရေ။ အသုံး အများဆုံးကတော့ ပျဉ်းကတိုးနဲ့ ဗန့်ဗွေးသားဖြစ်ပြီး ရေမြုပ်ရေနေရာမဟုတ်ရေ လှေရဲ့ ဇာညာ အထက်ကာ ပျဉ်တိ အတွက်တော့ ပျဉ်းမ(ဒေသအခေါ် ခမောင်းသစ်) ကိုသုံးကြပါရေ။ သစ်ရွေးချယ်တာ မှန်ကန်မှသာ လှေရဲ့ သက်တမ်းဟာ အနည်းဆုံးဆယ့်ငါးနှစ်ထိ ခံနိုင်ရေလို့ ဆိုပါရေ။ယေလေ့သင့် အခုခေတ်မှာလိုချင်ရေ အရှည်ရှိရေ သစ်ကိုရဖို့ ခက်ခဲလာရေ အခါတော့ ဆက်ပြီးသုံးရတာလဲရှိပါရေ။

“ဆယ်လံမော်တော်တစီးဆိုရင် ခုနစ်လံလောက်တော့ ရအောင်ရှာရဖို့။ ဆယ်လံမော်တောမှာ ခြောက်လံ လောက်က ဆက်တာရို့၊ ငါးလံနှစ်ပိုင်းဆက်တာရို့ဆိုရင် လှေကမကြာခင် ညွတ်ပြီးတော့ ကွဲပြီးတော့ ဆင်းလားရေ။ ဧရာ ဆယ်လံဆိုရင် ခုနစ်လံလောက် ရအောင်ရှာ၊ သုံးလံလောက်ဆက် ဆိုရင် ကွဲပြီးမဆင်းတော့ဘူး။ ရေရှည်ခံဖို့အတွက်ကို။ အခုဆယ်လံကိုးလံလောက်ကတဆက်တည်းမရနိုင်ဘူး။ လူတိုင်းဆက်ရရေ။ ကိုးလံဆိုရင် ခုနစ်လံလောက်ရှာ နှစ်လံသုံးလံလောက် ဆက်ကြရေ။ ပဲ့ပိုင်းကဆက်ရေ ဦးပိုင်းကမဆက်ကြဘူး။”

လက်သမားဆရာကြီး ဝေတင်ထွန်းဦးဆောင်ရေ အဖွဲ့ဝင် ၇ ဦးပါရေ လက်သမားအဖွဲ့ကအလျား ၁၁လံ၊ စောက်က ၇ တောင်ကျော်၊ ၀မ်းအကျယ် ၁၄ တောင်ကျော်ရှိရေ ကုန်တင်စက်လှေကြီးကိုတည်ဆောက်နေကြပါပြီ။မီးစက် ရွှေဘော်စက်၊ ဖြတ်စက်၊ ဖောက်စက်၊ ချိန်းကြိုးတိ စရေ ပစ္စည်းကိရိယာအစုံကို သုံးပြီး စက်လှေကြီးကို တည်ဆောက်နေပါရေ။ သူရို့အဖွဲ့ကဒီစက်လှေကြီးကို ဆယ့်နှစ်လနဲ့ အပြီးတည်ဆောက်ဖို့အတွက် စားစရိတ်ငြိမ်းလုပ်အားခသိန်း ၆၀ နဲ့ လက်ခံ ထားခတာပါ။ ယေလေ့သင့် ပစ္စည်းစုဆောင်းဖို့ခက်ရေအတွက် တကယ်အချိန်ပီးလိုက်ရတာ ၂၄ လကျော်လားခပါရေ။

“တနှစ်ပါတ်လည် ဆယ့်နှစ်လလောက်ဆို ပြီးရေ။ ဒီဟာလုပ်တာကအခု ဖြည်းဖြည်းလေးပဲလုပ်ရရေ။ နှစ်နှစ် ကျော်လားရေ။ သစ် နဲနဲရှာလို့ မရနိုင်၊ လုပ်ရေလူတိကလဲအလုပ်မအား၊ လယ်လုပ်ချိန်ကျတော့ လယ်လုပ်ရေ။ တလင်းချိန် ကျတော့လဲ တလင်းသိမ်းရေ။ ပိုင်ရှင်ကလဲပစ္စည်းမရလို့ ပစ္စည်းလိုက်ရှာရတာ ပစ္စည်းသယ်ရတာနဲ့ နှစ်နှစ်လောက် ကြာရေ။ တခါတည်းသစ်စုံ ၀ါးပုံ လုပ်ရဖို့ဆိုရင် ဆယ့်နှစ်လဆိုပြီးရေ။”

လုပ်ငန်းအပ်နှံရေ ပိုင်ရှင်ဖြစ်သူ ကိုထွန်းကြွယ်ရို့ မိသားစုကတော့ လက်သမားတိရဲ့ နစ်နာမှုကို ညှိနှိုင်းပီးခရေလို့ ဆိုပါရေ။

“ပစ္စည်း ရှိနေလျှက်နဲ့ လက်သမားဘက်ကပျက်ကွက်ရင် လက်သမားပျက်တာ။ လက်သမားက အလုပ် လုပ်ချင် လျှက်နဲ့ ပစ္စည်းမပီးနိုင်ဘူးဆိုရင် ပိုင်ရှင်ဘက်ကပျက်ကွက်တာ။ အဲ့ဒါမျိုးတော့လဲ သိပ်ပြီး အငြင်းအခုန် မလုပ်ကြ တော့ဘူးလေ။ ဒေသခံအချင်းချင်းဖြစ်လို့။ တစ်နှစ်ကိုသိန်းခြောက်ဆယ်နဲ့ အပ်ထားရေ မော်တော်တစီး နှစ်နှစ်လုပ်ရရေ သုံးနှစ် လုပ်ရရေဆိုရင် လက်သမားတိကလဲ ပိုင်ရှင်ကို တင်ပြရေ လက်သမားတိရဲ့ နစ်နာမှုကိုလည်း ပိုင်ရှင်က သိရေ။ အဲ့ဒီအချိန်မှာ စားစရိတ်အပြင် နောက်ထပ်ဆောင်းပြိး နှစ်ဆယ်ပီးဖို့၊ သုံးဆယ်ပီးဖို့၊ လက်သမား ဘက်ကလဲ နည်းရင် နည်းရေ တိ့ရင် များရေ။ ပိုပြီးပီးလေးဆယ်လောက်ပီး၊ ငါးဆယ်လောက်ပီး၊ အဲ့လို ညှိနှီုင်းပြီးတော့ လုပ်ကြတာပါ။”

လှေပျဉ်တိ စပ်လို့ပြီးရင်တော့ အပြင်ကခံဆေးသုတ်ရပါရေ။ ခံဆေးမသုတ်ခင် လှေကိုရေလုံအောင် ဗန့်ဗွေးပင်ရဲ့ အခေါက်ကရရေ လျှော်မျှင်တိကို ပျဉ်စပ်ကြားမှာ စို့နဲ့ရိုက်ပြီး ထည့်ရပါရေ။ အဲ့ဒီလျှော်မြှင်တိကို လှေစပ်သူတိက ဘန်းတီလို့ ခေါ်ကြပါရေ။ ထည့်ပြီးရင် သံရိုက်ထားတဲ့ နေရာ၊ မူလီစုပ်ထားရေ နေရာတိနဲ့ ပျဉ်စပ်ကြောင်းအတိုင်း ပွဲလျက်နဲ့ လိုက်ပိတ်ရပါသေးရေ။ ပွဲလျက်ကိုတော့ တိုနာလို့ ခေါ်ပါရေ။ ဒါမှ လှေက ရေလုံပြီး ဆေးသုတ်ထားရေအတွက် ရေညှိမကပ်နိုင်သလို ဒီပိုးကိုက်တာလဲ မဖြစ်တော့ဘူးလို့ လက်သမားဆရာကြီးက ပြောပါရေ။

“ဘုတ်မှာ ကြားခံဆေးလို့ပြောရေ။ Red Oxide ရေညှိမကပ်ဘူးအောင် ဒီပိုးမကပ်အောင် အဲ့ဒီဆေးကို သုတ်ရေ။ ကျွန်တော်ရို့ဆီမှာ တောင်ပေါ်မှာ ဘန်းတီလို့ရှိရေ။ ဘန်းတေနဲ့ ထေးပစ်လိုက်ရေ။ ကျန်တာလုပ်ဖို့မလိုဘူး။ ဘန်းတေထေးပြီးရင် တိုနာကပ်ပစ်လိုက်ရေ။”

တည်ဆောက်ချိန် နှစ်ဆယ့်လေးလကျော် ကြာပြီးရေအချိန်မှာတော့ စက်လှေကိုယ်ထည်ကို အချော တည်ဆောက်ပြီးခပါပြီ။ တန်ပေါင်းများစွာ အလေးချိန်ရှိရေ စက်လှေကြီးကိုရေချနိုင်ဖို့ကတော့ ထင်ထားသလောက် မလွယ်ခဘဲ စိန်ခေါ်မှုတခု ဖြစ်ခရေလို့ ဝေတင်ထွန်းက ပြောပါရေ။

“ကျွန်တော်ရို့ဆီမှာတော့ စက်လှေနဲ့ဆွဲရေ။ စက်လှေကြီးတော့ ချိန်းခုံလုပ်ရရေ။ တိုင်နဲ့ ရဟတ်စစ် လုပ်ရရေ။ ရဟတ်စင်နဲ့ ချရေ။ အခုကအကောင်လဲကြီးမြေပြန့်မှာလဲ ဖြစ်နေရေဆိုတာ့ မြောင်းတူးလိုက်ရရေ။ နဲနဲလောက်ထစ်နေရင် မရတော့ဘူး။ ချလို့ မကျတော့ဘူး။ အကောင်ကြီးရေအခါ အလေးချိန်များလို့ မမျှတော့ မြောင်း လုပ်လိုက်ရရေ။ နောက်ပြီး ဒေပိုင် ကမ်းဘေးဆို ခက်ရာခက်ဆစ်မရှိဘူး။ အခုက ချောင်းကမ်းဘေး မဟုတ်တော့ နောက်ကို ဆွဲချလို့ မထွက်ဘူး။ အဲ့ဒါနဲ့ မြောင်းလုပ်လိုက်ရရေ။ ဒါတောင်မှ ဒီမြောင်းကမပေါ်နိုင်ဘူး”

လှေစပ်ပြီးပြီ ဆိုကေတော့ အင်ဂျင်ထိုင်ဖို့အတွက် လိုအပ်တာတိ ပြင်ဆင်ရပါပြီ။ လက်သမားဆရာကတော့ အင်ဂျင်တပ်ဆင်နိုင်ဖို့ သူတာဝန်ယူရရေအပိုင်းကို အခုလိုပြောပါရေ။

“ကျွန်တော်ရို့ စက်လှေလုပ်ရေသူကအကြမ်းထည် သတ်မှတ်ထားရေ ဦးပိုင်းကမရာအပေါက်ရယ်၊ စက်ထိုင်ဖို့ ကမရာ ပေါက်ရယ်ကို ခန့်မှန်းပြီး အပေါက်လုပ်ထားရေ။ သူရို့ ချိန်တာနဲ့ဆိုမလွဲဘူး။ ထိုင်ဖို့ကိစ္စက သူရို့အပိုင်း သူရို့ထိုင်ဖို့ အပိုင်းကို ကျွန်တော်မှာက ချိန်ထားရေ။”

ယေလေ့သင့် တကယ့်အင်ဂျင်အစိတ်အပိုင်းတိတပ်ဆင်ဖို့ကတော့ စက်မှုပညာရှင်လိုအပ်လာပါပြီ။ ဇာအရွယ်အစား လှေမှာ ဇာအင်ဂျင်အရွယ်အစားတပ်မလဲ၊ ပန်ကာ၊ ၀င်ရိုး၊ အပိုပစ္စည်းတိကအစ  ကျွမ်းကျင်သူကို တိုင်ပင်ပြီး အမှားအယွင်း မရှိအောင် တွက်ချက်ပနာ ၀ယ်ယူရပါရေ။

“ပိုင်ရှင်က စက်ပိုင်းဆိုင်ရာကို မကျွမ်းကျင်ဘူး။ စက်အဟောင်းတိ၊ သုံးပြီးသားတိ၊ နောက်ပြီး စက်အထဲမှာ ပါလာရေ ပန့်ရို့ နော်ဇယ်ရို့ ကရိုင်းရို့ ယင်းချင့်တိ့ မကောင်းစွာနဲ့ ကျမှာစိုးလို့ စက်ထိုင်မယ့် စက်ဆရာပဲဖြစ်ဖြစ်၊ သင်္ဘော မောင်းနေရေ စက်ဆရာကြီးပဲဖြစ်ဖြစ် အကူအညီတောင်းပြီး ရန်ကုန်ကို စရိတ်ခံပြီး ခေါ်လားရရေ။ လိုအပ်ရေ ပန်ကာ၊ ရှပ်ရိုး၊ ဂီယာ၊ လိုအပ်ရေ စက်အစိတ်အပိုင်းအားလုံးကို ပြည့်ပြည့်စုံစုံ ၀ယ်ပြီးမှ ကိုယ်လှေတည်ရေနေရာဖြစ်ဖြစ်၊ ကျောက်ဖြူမှာ ဖြစ်ဖြစ် ထိုင်ကြရေ။ အဲ့ဒီအခါမျိုးမှာ စက်ဆရာကို ခရီးစရိတ်အပြင် ဉာဏ်ပူဇော်ခ တစ်သိန်း နှစ်သိန်း လောက်တော့ ပီးကြရေ။ လူတိုင်းပီးရေ။ ပိုင်ရှင်တိုင်းပီးပါရေ။”

လိုအပ်ရေ စက်ပစ္စည်း အစုံ စုဆောင်းပြီးပြီဆိုရင်တော့ မောင်းနှင်နိုင်ရေအဆင့်ရောက်အောင် စက်ဆရာကို အပ်ပြီး အင်ဂျင် တပ်ဆင်ရပါဖို့ပါဗျာလ်။ ပစ္စည်းအားလုံး အစုံဆိုကေတော့ စက်တပ်ဆင်ဖို့အတွက် စက်လှေရဲ့ အရွယ်အစားအလိုက် ငါးရက်က ရက်ပေါင်း နှစ်ဆယ်လောက်အထိ အချိန်ပီးရပါရေ။

“အင်ဂျင်ထိုင်ဖို့ စက်ဆရာကတော့ သူသုံးဖို့ ပစ္စည်း လျှပ်စစ်၊ ဂွင်း၊ ဂွ၊ စသည်ကတော့ သူ့အပိုင်း သူ့မှာပါရဖို့။ ကျွန်တော်ရို့ဘားက အင်ဂျင်၊ ပန်ကာ၊ ရှပ်ရိုး၊ ဂီယာ၊ လိုအပ်ရေ မူလီအားလုံးပီးဖို့။ မီးစက်သုံးဖို့ဆိုရင် မီးစက်နှိုးပီးဖို့။ စက်ထိုင်ရေ ဈေးနှုန်းက လက်ရှိပေါက်ဈေး တရုပ်နီအင်ဂျင် ၁၈ ကောင်၊ ၂၅ကောင်လောက်ဆို သုံးသိန်းလောက်ပဲ ရှိရေ။ ရှစ်လုံးထိုး အင်ဂျင်ကြီးဆို ရှစ်သိန်း၊ ဆယ်လုံးထိုးအင်ဂျင်ကြီးဆို ဆယ်သိန်း၊ မြို့ပေါ်မှာ ဆိုရင်တော့ ကောင်း ပြသနာမရှိဘူး။ စက်ဆရာက သူ့အိမ်ကသူ လုပ်လို့ရရေ။ ယေလေ့သင့် နယ်မှာထိုင်ဖို့ဆိုရင်တော့ စက်ဆရာရဲ့ စားစရိတ်ကိုပါ တာဝန်ယူပီးရရေ။”

အခုတော့ စက်လှေတစ်စီးကို ဆောက်လုပ်တပ်ဆင်ပြီးခပါဗျာလ်။ အင်ဂျင်အစိတ်အပိုင်းတိ တပ်ဆင်ပြီးကေတော့ စမ်းသပ် မောင်းနှင်နိုင်ဖို့ စိတ်အားထက်သန်နေကြပါရေ။ နှစ်နှစ်ကျော်ကျော် တည်ဆောက်ခရရေ စက်လှေတစီးရဲ့ တန်ဖိုးကတော့ မူလ မျှော်မှန်းထားတာထက် ပိုမိုကုန်ကျခပေမယ့် ပင်လယ်ပြာထဲမှာအစုန်အဆန် လှလှပပပြေးလွှားခုတ်မောင်းနေမယ့် စက်လှေကြီးကို မြင်ယောင်ပြီး ကိုထွန်းကြွယ်က စက်လှေကို ဇာပိုင် ပြုပြင်ထိန်းသိမ်းဖို့ဆိုတာပြောပြခပါရေ။

“အဆိုးဆုံးကလှေတစီးအချိန်မတန်ပဲ ပျက်စီးလားရေဆိုစွာ ပိုင်ရှင်ရဲ့ ဂရုစိုက်မှု အားနည်းလို့၊ လှေတစီးကို ခြောက်လ တကြိမ် ….. ကျွန်တော်ရို့ဘားမှာတော့ စုန်းခေါ်ရေ။ မီးတိုက်ရေပေါ့။ ရေထဲမှာပလုပ်တိ၊ ဂျင်းတိ (ဒီရေပိုး) ရှိရေလေ။ ပုံမှန် ၆ လတကြိမ် ဂျင်းရှင်းဖို့၊ မီးတိုက်ဖို့၊ ဂျင်းခံဆေး Red Oxide သုတ်ဖို့၊ အဲလိုပုံမှန်လုပ်ပီးနိုင်ရင် ကိုယ်မှန်းထားရေ ဆယ်နှစ်အတွင်းလဲ ဇာမှ မဖြစ်ရဘူး။ ဆယ့်ငါးနှစ်အတွင်း ဇာမှမဖြစ်ရဘူး။ ရာသီဥတုကြောင့် မြုပ်စွာရို့၊  ကွဲစွာရို့၊ ကျောက်ဆောင်တိုက်မိတာရို့ သဘာဝဘေးအန္တရာယ်ကျတော့ ဇာသူမှမမြင်နိုင်ဘူးပြောလို့လဲမရဘူး။”

 906 total views,  1 views today