ရိုးမရေဒီယိုမဂ္ဂဇင်း

ရခိုင်ပြည်နယ်အတွင်းက အရပ်ဖက်အဖွဲ့စည်းတွေနဲ့ တိုင်းရင်းသားမျိုးနွယ်စုဝင်တွေ စုစည်းပြီးတော့ အကြောင်းအရာ အလိုက် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲ အကြိုတစ်ခုကို စစ်တွေမြို့ ခိုင်သဇင်ခန်းမမှာ ဒီဇင်ဘာလ ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့ထိ ၃ ရက် တာ ပြုလုပ်ခဲ့ပါတယ်။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးမှုတွေ ပြုလုပ်လာတဲ့အခါ ရခိုင်ပြည်နယ်ထဲက လူထုတွေရဲ့ သဘောဆန္ဒတွေနဲ့ ဆွေးနွေးခွင့် ရရှိထားတဲ့ အချက် အလက်တွေအပေါ်အခြေခံထားတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အမြင်တွေကို တင်ပြနိုင်ဖို့ ရည်ရွယ်တာလို့ ဦးဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ရခိုင် ပြည်နယ် အရပ်ဖက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးကော်မတီဝင် ကိုညိုမင်းခိုင်က ပြောပါတယ်။

“အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်တဲ့အခါမှာ အရပ်ဖက်အဖွဲ့အစည်းတွေက ဘုံသဘောတူညီချက်ကို ကျန်တဲ့ ရခိုင် အင်အားစုတွေနဲ့ စုစည်းနိုင်ဖို့ဆိုတဲ့ အဓိက ရည်ရွယ်ချက်လည်း ပါတယ်။ နောက်ပြီးတော့ ရခိုင်အရပ်ဖက်အဖွဲ့စည်းတွေ ကျနော်တို့ ဆွေးနွေးခွင့် ရှိတဲ့အပိုင်းတွေမှာ ဘယ်လို မြင်နေတယ်။ ဘယ်လို ရှိနေတယ်။ လူထုက ဘယ်လို ဆန္ဒရှိတယ် ရှိတယ်ဆိုတာကို အကြောင်း အရာအလိုက် အမျိုးအဆင့် နိုင်ငံရေးဆွေး နွေးပွဲတွေ ပြုလုပ်လာတဲ့အခါ ကျနော်တို့ တင်ပြနိုင်အောင် စုစည်းတယ်ဆိုတဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။”

အဲဒီဆွေးနွေးပွဲမှာ ဖက်ဒရယ်ဆိုင်ရာ မူဝါဒ၊ မြေယာဆိုင်ရာ အခြေခံမူဝါဒနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခြေခံမူဝါဒ စတဲ့ အချက်(၃)ချက် ကို အဓိက ဆွေးနွေးနေကြတာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအချက်တွေကို ဆွေးနွေးတဲ့အခါမှာတောင် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခွင့် မရသေး ဘူးလို့ ဆိုပါတယ်။ ငြိမ်းချမ်းရေးလမ်းစဉ်ကို အကောင်ထည်ဖော်မယ်ဆိုရင် ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ပြည်သူတွေကို အများကြီးပါဖို့ လိုအပ်သလို လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲတွေကိုလည်း  ရပ်တန့်ဖို့လိုအပ်တယ်လို့ ကိုညိုမင်းခိုင်က သူ့ရဲ့ယူဆချက်ကို အခုလို ပြောပါတယ်။

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုတာကတော့ ငြိမ်းချမ်းချင်တဲ့လူတွေ အဓိကပါဝင်ပြီးတော့ လူထုနဲ့ ကျနော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင် ထည် ဖော်တဲ့အပိုင်းပေါ့။ ဆိုတော့ တိုက်ပွဲတွေ ရှိနေတာက ငြိမ်းချမ်းရေးရှိနေတာ မဟုတ်ဘူးလို့ ယူဆရမှာပေါ့နော်။ ကျနော်တို့က ဒီတိုက်ပွဲတွေမှာ ပါဝင် တဲ့အဖွဲ့တွေကို ရပ်တန့်စေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒေသခံတွေလည်း အခက်ခဲတွေ့တယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အကောင်ထည် ဖော်မယ် ဆိုရင်တော့ ဒီစစ်ပွဲတွေ ရပ်ကို ရပ်တန့်ရမယ်လို့ မြင်ပါတယ်။”

ဒီဆွေးနွေးပွဲကို ရခိုင်အရပ်ဖက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်က ဦးဆောင်ကျင်းပတာ ဖြစ်ပြီးတော့ ဒီတစ်ကြိမ်နဲ့ ဆိုရင် တတိယ အကြိမ်မြောက် ရှိပြီလို့ သိရပါတယ်။ အဲဒီဆွေးနွေးပွဲကိုတော့ ရခိုင်အရပ်ဖက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်ကော်မတီဝင်တွေ အပါအဝင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ချင်းတိုင်းရင်းသား ရေးရာဝန်ကြီး ဦးပုန်ဘွေ၊ ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ ALP မှ ထိပ်ပိုင်းခေါင်းဆောင် အချို့နဲ့ ရခိုင်အမျိုးသားပါတီဗဟိုကော်မတီဝင်တွေ တက်ရောက်ခဲ့ကြသလို ရခိုင်တိုင်းရင်းသားမျိုးနွယ်စုတွေနဲ့ တစ်မြို့နယ်ချင်းစီက ကိုယ်စား လှယ်တွေကလည်း တက်ရောက်ဆွေးနွေးနေခဲ့ကြတာ ဖြစ်ပါတယ်။

 452 total views,  1 views today