ကိုအောင် ၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ဒီတစ်ပါတ်မှာတော့ မိသားစု စားဝတ်နေရေး ရုန်းကန်ရင်း သားသမီးတွေရဲ့ အနာဂတ်အတွက် မျှော်လင့်ကြိုးစားနေတဲ့ ဖခင် နှစ်ယောက်ရဲ့အကြောင်း တင်ဆက်ပေးပါမယ်။

မြောက်ဦးမြို့နယ်နဲ့ မင်းပြားမြို့နယ်ကြား၊ ရန်ကုန် စစ်တွေကားလမ်းမတလျှောက်က လောင်းကြက်၊ ပေါင်းတုတ်၊ နန်းကျား၊ မြောင်းဘွေ စတဲ့ရွာတွေမှာ မူဆလင်တွေရှိနေကြပြီး ဒိုင်းနက်၊ ရခိုင်တိုင်းရင်းသားတွေနဲ့ တဆက်တစပ်တည်း တည်ရှိ နေပါတယ်။

စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ဈေးဆိုင်ရောင်းသူ၊ လယ်ယာလုပ်သူတွေနဲ့ ရေလုပ်ငန်းလုပ်သူတွေလဲ ရှိကြပါတယ်။ ၀န်ထမ်း အနည်းငယ်လဲရှိပြီး အများစုကတော့ လက်လုပ်လက်စား ဆင်းရဲသားတွေဖြစ်ကြပါတယ်။

အသက် ၅၅ နှစ်အရွယ် အာဇီမူဒင်က နန်းကျားအုပ်စု စီစီရွာမှာနေထိုင်ပြီး လယ်ယာလုပ်ပါတယ်။ သူတို့ဒေသမှာ လယ်ကွက်ရဲ့ ဧရိယာကို ၀ါး နဲ့ တိုင်းကြပြီး စတုရန်း ၀ါး တစ်ရာရှိတဲ့ မြေကွက်တစ်ကွက်က သုည ဒဿမ ရှစ်သုည (.၈၀) ဧက ရှိပါတယ်။ ယခင်ကတော့ လယ် ၂ ဧက ကျော် လုပ်ကိုင်နိုင်ခဲ့ပေမယ့် ဒေသဖွံ့ဖြိုးရေး စီမံကိန်းအတွက် သိမ်းဆည်းခံလိုက်ရတဲ့အတွက် တစ်ဧက မပြည့်တော့တဲ့ မြေမှာပဲ လယ်တလှည့် ယာတလှည့် လုပ်ကိုင်နေပါတယ်။

“ဒီ ယာခင်း ဟိုဘက်က အဆောင်တွေဆောက်နေတာ ကျွန်တော့်မြေပါ။ ကျွန်တော် စာချုပ်စာတန်းနဲ့ ယူထားတာ ဆယ့်လေးနှစ်၊ ဆယ့်ငါးနှစ်လောက်ရှိပြီ။ ပိုက်ဆံ လုံးဝမရဘူး။ ၀ါး နှစ်ရာအတွက် မရဘူး။ ကျွန်တော့မှာ စာချုပ်စာတန်းနဲ့ ပြေစာလဲရှိတယ်။ ဒါပေမယ့် မပေးဘူး။”

သူတို့ မိသားစု စားဝတ်နေရေးအတွက်တော့ ရှိတဲ့လယ်မှာပဲ ဖြစ်ထွန်းနိုင်မယ့် စပါးမျိုးတွေ စိုက်ပျိုးကြပါတယ်။ ဒီနှစ်မှာတော့ သူ့လယ်ရဲ့ စပါး အထွက်က ထင်ကြေးမကိုက်လို့ ခေါင်းခဲစရာဖြစ်နေရတယ်လို့ ဆိုပါတယ်။

“နွေစပါးလဲစိုက်တယ်။ သီရီဒုံလည်း စိုက်တယ်။ ရွှေဝါထွန်းလဲ စိုက်တယ်။ ရတနာအောင်လဲ စိုက်တယ်။ အဲ့လိုပဲ စပါးအမျိုးမျိုးစိုက်ပါတယ်။ နှစ်တိုင်း ၀ါးတရာကို စပါး ၂၀၀ လောက်ရတာ ဒီနှစ် ၈၀ ပဲ ရတယ်။ ကြဲစပါးဖြစ်လို့ မရဘူး။ ပိုးကိုက်တယ်။ လောက်ကျတယ်။”

စီစီရွာမှာနေထိုင်သူ နောက်တစ်ယောက်ကတော့ အသက် ၄၆ နှစ်အရွယ် အီဗရာဟိမ်းပါ။ သူ့မှာ မိသားစု ၉ ယောက်ရှိပါတယ်။ သူကတော့ ကိုယ်ပိုင်လယ် မရှိတော့လို့ ကျဘမ်း လုပ်ကိုင်နေရပါတယ်။ သားအကြီးတစ်ယောက်ပဲ အလုပ်နိုင်တဲ့အရွယ်ဖြစ်တဲ့အတွက် သားအဖ နှစ်ယောက် ရရာ လုပ်ရင်း မိသားစု စားဝတ်နေရေးကို ဖြေရှင်းနေရတယ်လို့ ဆိုပါတယ်။

“အလုပ်က ကျဘမ်းအလုပ်ပဲ၊ အရင်လယ်ရှိတယ်။ အခု လယ်မရှိတော့ဘူး။ အကြွေးမဆပ်နိုင်လို့ လယ်ကို အပ်လိုက်ရတယ်။ အခုတော့ စီးပွားရေးက ပိုက်လေးချ၊ စပါးရိတ်၊ အဲ့လိုလုပ်ရတာပါပဲ။ တစ်ရက်ကို ငါးထောင်၊ ခြောက်ထောင်ရချင်ရ၊ တသောင်းလောက် ရတဲ့ ခါလဲရ ပုံမှန်တော့ မရှိဘူးပေါ့။”

လေးမြို့မြစ်ထဲမှာ ငါးဖမ်းထွက်တဲ့အခါ ထွက်ပေမယ့် တစ်နေရာနဲ့ တစ်နေရာကို သွားလာခွင့်မလွယ်တဲ့အတွက် ရွာနီးနားမှာပဲ ပိုက်ချရသလို ရတဲ့ငါးကိုလဲ နီးစပ်ရာမှာပဲ ရတဲ့ဈေးနဲ့ ရောင်းချရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ငါးဖမ်းသူ ငါးယောက်လောက်ရှိတဲ့အပြင် ဈေးကွက်က အကန့် အသတ်ဖြစ်နေတဲ့အတွက် တွက်ခြေကိုက်တယ်လို့ မဆိုနိုင်ပါဘူး။

“ငါးကတော့ အမျိုးစုံပါပဲ။ ပိုက်နဲ့ဆိုင်တယ်။ ပိုက်အစိတ် အကျဲပေါ်မှာ မူတည်တယ်။ အခု ငါးဗျက်၊ ငါးဝမ်းပူ၊ ငါးဆုပ်၊ အစုံဖမ်းတယ်။ လာဝယ်တဲ့လူမရှိဘူး။ အနီးနားက ရွာတွေမှာ သွားရောင်းရတယ်။”

“နန်းကျားတရွာတည်းမှာပဲ သွားရောင်းလို့ရတယ်။ တခြားရွာတွေ သွားလို့မရဘူး။ နန်းကျား တရွာတည်းသွားလို့ရတာကလည်း ကျွန်တော်တို့ တစ်အုပ်စုတည်းဖြစ်လို့ရတာ။”

အာဇီမူဒိန်ကတော့ ဖြစ်လာတဲ့ အခြေအနေကို ရင်ဆိုင်ရင်း မိသားစုစားဝတ်နေရေးကို ဦးစားပေး ဖြေရှင်းနေရပါတယ်။ အဓိကအခက်အခဲက သူ့ မိသားစုထဲမှာ အလုပ်လုပ်နိုင်တဲ့သူ မရှိလို့ ကျွဲ နွားနဲ့ လုပ်သားအငှား ခေါ်ရတဲ့ အခက်အခဲပါ။ ဒီနှစ် စပါးအရနည်းတော့ ဆောင်းသီးနှံ ယာခင်းလေးကိုပဲ မျှော်လင့်ချက် ထားနေရပါတယ်။

“နွားတွေ အကုန်လုံး ပြုန်းပြီ။ အရင် ကျွဲရှိတယ်။ နွားရှိတယ်။ အကုန်လုံး ပါသွားပြီ။ ရောင်းစားလိုက်ရပြီ။ လေယာဉ်ကွင်းမှာ လယ်ပါ သွားလို့ အားလုံး ရောင်းစားပစ်လိုက်ပြီ။ ငှားလုပ်ရတယ်။ ငှားလို့လဲ မနိုင်ဘူး။ လူတစ်ယောက်ငှားရင်လဲ တစ်ရက်ကို တစ်သောင်း တောင်းနေတယ်။ ဟိုဘက်မှာ တစ်ရက်ကို ခုနစ်ထောင် ရှစ်ထောင်ရတယ်ဆိုတော့ ဒီမှာမလုပ်ချင်ဘူး။”

“ဘယ်လိုစားရမလဲ စဉ်းစားလို့ ဝေဖန်လို့မရတော့ဘူး။ ယာခင်းနဲနဲစိုက်တယ် ထွက်မလား မထွက်ဘူးလား ပြောလို့မရဘူး။ အာလူး၊ ငရုတ်၊ မုန်လာစိုက်ထားတယ်။ အဲ့ဒီလိုပဲ စိုက်ရတာပဲ။”

သူ့မှာ သားနှစ်ယောက်နဲ့ သမီးသုံးယောက်ရှိပါတယ်။ သမီး နှစ်ယောက်ကတော့ အိမ်ထောင်ကျပြီး သီးခြားစီ နေကြပါတယ်။ ဆယ်တန်း တက်နေတဲ့ သားနှစ်ယောက်ကို အထက်တန်းကျောင်းရှိတဲ့ ရွာတွေကို ပို့ထားပြီး ဆွေမျိုးတွေရဲ့ နေအိမ်မှာနေပြီး ပညာသင်ယူစေပါတယ်။

“သူတို့ကိုလည်း တစ်လမှာ ကျူရှင်စရိတ် တသောင်းခွဲပေးရတယ်။ လခ စပါး ၂၀၀ တောင်းတယ်။ ငွေ တစ်သိန်းတောင်းတယ်။ တစ်သိန်းမှာ ငါးသောင်းလောက် ပေးပြီးပြီ ကျန်တဲ့ စပါး ၁၀၀ နဲ့ ငွေ ငါးသောင်း ဘယ်လိုလုပ်ရမလဲ မသိသေးဘူး။”

သားတွေကို အခြေခံပညာ အထက်တန်း သင်ယူတယ်ဆိုတာ အာဇီမူဒင်အတွက် လွယ်ကူလှတဲ့ အခြေအနေတော့ မဟုတ်ပါဘူး။ တခြားရွာမှာ သွားထားရတဲ့အတွက် သူတို့အတွက် စားစရိတ်၊ နေစရိတ်ထောက်ပံ့ရပါတယ်။ ဆွေမျိုးနေအိမ်တွေမှာ ထားတဲ့အတွက် အနည်းငယ် ပြေလည်တယ်ဆိုရပေမယ့် လိုအပ်ချက်တွေက အများကြီးပါ။ သူတို့အတွက် သွားလာခွင့် အကန့်အသတ်ရှိနေတာကလည်း ကလေးတွေ ပညာရေးအတွက် အခက်အခဲအများကြီး ဖြစ်ရပါသေးတယ်။

“တစ်လမှာ တခါ နှစ်ခါရောက်တယ်။ သူက Taxi နဲ့လာတယ် သူ့ကို ပြန်ပို့ဖို့သွားရင် ပိုက်ဆံပေးရတယ်။ ကျောင်းသားအတွက်တော့ ပေးဖို့မလိုဘူး။ အဖေဖြစ်ဖြစ် ညီဖြစ်ဖြစ် အကိုဖြစ်ဖြစ် လိုက်ပို့ရင်တော့ ဆိုင်ကယ်ဖြတ်ခ ၁၀၀၀ ပေးရတယ်။”

အီဗရာဟိမ်းကတော့ စီးပွားရေးအခြေအနေအရ သားသမီးတွေကို ပညာသင်ပေးချင်ပေမယ့် သားသမီး ခြောက်ယောက်မှာ တယောက်တည်းကိုပဲ ကျောင်းထားနိုင်ပါသေးတယ်။

ဒါပေမယ့် အလယ်တန်းအောင်လို့ အထက်တန်းဆက်ထားဖို့က မရေမရာဘဲ ရှိနေပါသေးတယ်။ အာဇီမူဒိန်ကတော့ သူ့သားသမီးတွေ အားလုံးကို ကျောင်းထားနိုင်လို့ ဂုဏ်ယူနေရတယ်လို့ ပြောပါတယ်။

“သားသမီးအားလုံး စာတတ်တယ်။ ဆယ်တန်း နှစ်ယောက် မိန်းကလေးက ခြောက်တန်း ခုနစ်တန်း။ အထွေးဆုံးက အခု ငါးတန်း”

ဒါပေမယ့် အာဇီမူဒိန်ရဲ့ သမီးကြီးက ဆေနော်တာရာဘေဂွမ်က အသက် ၁၆ နှစ်မှာ အိမ်ထောင်ကျခဲ့ပြီး အခု အသက် ၂၂ မှာ ကလေး ၃ ယောက်ရဲ့ မိခင်ဖြစ်နေပါပြီ။ သူအိမ်ထောင်ကျပြီးနောက် ယိုင်သည်ရွာမှာ သီးခြားနေကြတာပါ။

စီးပွားရေး အခြေအနေအရ သားမက်ဖြစ်သူက မလေးရှားနိုင်ငံကို အလုပ်သွားလုပ်ဖို့ ရွာကထွက်ခွာသွားခဲ့ပေမယ့် အမ်းမြို့နယ် စစ်ဆေး ရေးဂိတ်မှာ အဖမ်းခံလိုက်ရတဲ့အတွက် ကျောက်ဖြူထောင်မှာ ပြစ်ဒါဏ် ၂ နှစ်ကျခံနေရပါတယ်။

အဲ့ဒီအခါ သမီးဖြစ်သူနဲ့ မြေးတွေကိုပါ စောင့်ရှောက်ဖို့ ဖခင်ရဲ့ အိမ်ကို ရောက်လာပါတော့တယ်။

“သူ့မှာ ငွေရေးကြေးရေး အဆင်မပြေလို့ မလေးရှားသွားတာမှာ အဖမ်းခံထားရတယ်။ ပိုက်ဆံလဲ အများကြီးကုန်တယ်။ သိန်း နှစ်ဆယ် လောက်ပါသွားတယ်။ ပိုက်ဆံလဲဆုံး လူလဲ သုဉ်း၊ ယူသွားတဲ့သူ နာမည်လဲ မသိဘူး။ မြန်မာနာမည်လဲ မသိဘူး။ မူဆလင်နာမည်လဲ မသိဘူး။ ယူတဲ့သူလဲ ယူသွားပြီ။ ကံကောင်းသူက ရောက်တယ် ကံမကောင်းတဲ့သူက အဖမ်းခံရတယ်။”

ဆီနော်တာရာက သူ ယိုင်သည်ရွာ ကယ်ဆယ်ရေးစခန်းမှာ ခင်ပွန်းသည်နဲ့ နေထိုင်ခဲ့စဉ်က အလုပ်အကိုင်မလုပ်နိုင်ဘဲ ရတဲ့ ရိက္ခာနဲ့ မျှတ စားနေခဲ့ရပါတယ်။ သားသမီးတွေနဲ့ ဖြစ်လာလို့ မိသားစု စားဝတ်နေရေးအတွက် စီးပွားရှာဖို့ ဆုံးဖြတ်ခဲ့တဲ့ ခင်ပွန်းရဲ့ ဆုံးဖြတ်ချက်ကို မကန့်ကွက်ခဲ့ဘူးလို့ ပြောပါတယ်။

“ကယ်ဆယ်ရေးစခန်းမှာ စားစရာရိက္ခာလေးတွေတော့ ရပါတယ်။ ဒါပေမယ့် လုံလောက်တာတော့ မဟုတ်ဘူး။ တစ်ခြားအလုပ်တွေလဲ ထွက်လုပ်လို့ မရတော့ အဆင်မပြေဘူးပေါ့။”

ဆေနော်တာရာက သူ့ခင်ပွန်း အဖမ်းခံလိုက်ရတဲ့အတွက် နေထိုင်စားသောက်ရေး ပိုမိုအခက်အခဲဖြစ်ရတဲ့အပြင် ထောင်ဝင်စာသွားတွေ့ဖို့ မဖြစ်နိုင်သလို ထောင်ထဲမှာ ဘယ်လိုနေရလဲဆိုတာ ဆက်သွယ်ဖို့ကလဲ အခက်အခဲဖြစ်နေရတယ်လို့ဆိုပါတယ်။ အခွင့်အရေးရတဲ့အခါ ဖုန်းပြောခွင့် ရနိုင်ပေမယ့် ဖုန်းပြောခ ပိုက်ဆံ မတတ်နိုင်တော့လို့ စိတ်ပူနေရတယ်လို့ ဆိုပါတယ်။

“ပိုက်ဆံရှိရင်တော့ သူ့ကို ပို့ပေးချင်တယ်။ ပိုက်ဆံမရှိတော့ ဘာမှမလုပ်နိုင်ဘူး။”

“တစ်ခါတလေ ပိုက်ဆံရှိရင် လုံခြုံရေးအဖွဲ့ထဲက သဘောကောင်းတဲ့သူတွေ ကူညီပေးရင်တော့ ဖုန်းပြောလို့ရတယ်။ ဒါပေမယ့် ပိုက်ဆံ မတတ်နိုင်တော့ ဖုန်းဆက်လို့မရဘူး။”

ဒါပေမယ့် သူတို့အတွက် ဖြေသာနိုင်စရာတခုလို့ ပြောလို့ရတာကတော့ မောင်တောဒေသရဲ့ မတည်ငြိမ်မှုတွေက သူတို့နေတဲ့နေရာမှာတော့ သိသိ သာသာ လှုပ်ခတ်ခဲ့တာ မရှိပါဘူး။ လူမှုအသိုက်အ၀န်း အချင်းချင်း ဆက်ဆံရေး ပြတ်တောက်တာမရှိခဲ့သလို ပဋိပက္ခတွေလဲ မရှိခဲ့ဘူးလို့ အာဇီမူဒိန်က ဆိုပါတယ်။

“မောင်တောဖြစ်တာနဲ့ ငါတို့နဲ့ မဆိုင်ပါဘူး။ ငါတို့ရွာမှာ အေးအေးဆေးဆေး။ လုံခြုံရေးလဲရှိတယ်။ ယိုင်သည်မှာရှိတယ်။ ပေါင်းတုတ်မှာရှိတယ်။ နန်းကျားမှာရှိတယ်။ ကာကွယ်တယ်။ လူ သူ ဆူတာလဲမရှိဘူး။ ရန်ဖြစ်တာလဲမရှိဘူး။ မူဆလင်နဲ့ ရခိုင်၊ ဒိုင်းနက်တွေဖြစ်တာလဲ မရှိပါဘူး။”

အာဇီမူဒိန်၊ အီဗရာဟိမ်းနဲ့ ဆေနော်တာရာတို့ အားလုံးကတော့ လတ်တလော အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပေမယ့် သူတို့ အနာဂတ်တွေ အတွက် လိုအပ်နေတဲ့ အခွင့်အလမ်းတွေ ရလားမလားဆိုတဲ့ မျှော်လင့်ချက်တွေ ရှိနေတုန်းပါပဲ။ သူတို့တွေရဲ့ သားသမီးတွေသာ ဆယ်တန်း အောင်ခဲ့ရင်ဆိုတဲ့ အတွေးနဲ့ အလုပ်တွေ ဆက်လုပ်နေကြဦးမှာပါ။

“ကိုယ့်သားသမီးက ဆယ်တန်း အောင်ချင်လဲ အောင်မယ်၊ မအောင်ရင်တော့ စီးပွားရေး တခုခုပေါ့၊ ဆိုင်လေး ဘာလေးဖြစ်ဖြစ်၊ လယ်ဖြစ်ဖြစ်၊ ကျောင်းမှာ ကျောင်းဆရာပဲဖြစ်ဖြစ် အဲလိုထားဖို့ စိတ်ကူးထားတယ်။ ဆယ်တန်းအောင်လို့ ဆရာဝန်တစ်ယောက် ဖြစ်လာရင် ကိုယ့် အတွက် အကျိုးရှိမယ်၊ သားသမီးအတွက်လဲ အကျိုးရှိမယ်။ အဲ့ဒီလိုပုံစံမျိုး အထိတော့ မျှော်လင့်မိတာပဲ။ တခြားကိစ္စတွေက ဒီလောက် မဟုတ်ဘူး”

“ကျွန်တာ် ဒုက္ခခံရသလို သားသမီးကိုတော့ ဒုက္ခမခံစေချင်ဘူးလေ။ ပိုက်ဆံမရှိလို့ လိုက်မမီနိုင်၊ စီးပွားရေးတခုရှိလို့ စာသင်လို့ရရင် ဟိုမှာ ကျောင်းပြလို့ရတယ်။ ဆရာဝန်သင်လို့ရတယ်။ စာရေးလုပ်လို့ရတယ်။ အဲ့လိုရရင်တော့ တမျိုးကောင်းတာပေါ့။ အခုအဲလိုလဲ မရှိဘူး။ ကျွန်တော့မှာ မရှိပဲနဲ့ ကျွန်တော် ဘယ်လိုလုပ်ပေးနိုင်ပါမလဲ။ အဲ့ဒါနဲ့ တယောက်ပဲဖြစ်ဖြစ် သင်ပေးမယ်ဆိုပြီး တယောက်တော့ သင်ထားတယ်။ အခုလဲ ကျွန်တော့်မှာ ပညာမရှိလို့ ဘာမှမရဘူး။ ပညာသာရှိမယ်ဆိုရင် တခုခုတော့ မရဘဲနေမလား။”

 592 total views,  1 views today