ကိုအောင် ၊ ရိုးမရေဒီယိုမဂ္ဂဇင်း

တောင်တန်းပေါ်မှ သဇင်ပွင့်ချိန်၊ သဇင်ရနံ့တွေ သင်းပျံ့ချိန်၊ နတ်တော်လဆန်း ၁ ရက်နေ့ဆိုတာ ခမီပြက္ခဒိန်ရဲ့ နှစ်ဆန်း ၁ ရက်နေ့ဖြစ်ပါတယ်။ သူတို့ရဲ့ ပြက္ခဒိန်ကို ဘယ်လိုသတ်မှတ်သလဲ၊ နှစ်သစ်ကူးပွဲမှာ ဘာတွေလုပ်ကြသလဲ၊ ဘယ်လို ရည်ရွယ်ချက်တွေ ရှိသလဲစတဲ့ အကြောင်းအရာတွေကိုတင်ဆက်ပေးချင်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အဓိကနေထိုင်ကြတဲ့ ခမီလူမျိုးတို့ဟာ တောင်တန်းတွေပေါ်မှာ အများဆုံး နေထိုင်ကြပြီး တောတောင်တွေကို ချစ်မြတ်နိုးကြသူတွေ ဖြစ်ကြပါတယ်။ တောင်ယာလုပ်ငန်းနဲ့ အသက်မွေးကြသူတွေ ဖြစ်တဲ့အတွက် သူတို့ရဲ့ နေ့စဉ် လူမှုကိစ္စတွေ အားလုံးက တောင်ယာလုပ်ငန်းပေါ်မှာပဲ အခြေခံနေတယ်လို့ ဆိုရပါမယ်။ ဒီလိုပဲ ပြက္ခဒိန်နှစ်ရဲ့ အစဟာလဲ တောင်ယာကိုပဲ အခြေခံပြီး စတင်တယ်လို့ ပြောနိုင်ပါတယ်။

“နှစ်သစ်ကူးနေ့က တောင်ယာမှာရှိတာကိုပဲ မှီခို အလေးထားရတယ်။ တောင်ယာမှာက တန်ဆောင်မုန်းလဆို တောင်ပေါ်မှာ ရှိတဲ့ စပါးတွေအားလုံးကုန်ပြီ၊ ဟင်းသီးဟင်းရွက်တွေလဲအားလုံးကုန်ပြီ။ ကျီထဲရောက်ပြီ။ အားလုံး တစ်နှစ်တာ လုပ်ငန်းပြီးပြီ။ နတ်တော်လဆန်း ဆိုတာနဲ့ နောက်နှစ်မှာ ဘယ်တောင်ကို မှီခိုပြီးတော့ ဘယ်တောင်ကိုခုတ်ဖို့ ဘယ်လို လုပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နှစ်သစ်ကို ကြိုဆိုတဲ့ပွဲပါ။”

အခုလို နှစ်တစ်နှစ်ရဲ့ အစကို ဘယ်လိုကြိုဆိုသလဲဆိုတာ ရှင်းပြခဲ့တာကတော့ မြောက်ဦးမြို့နယ်က ဦးလေကျော်ပါ။ သူက ခမီအမျိုးသား စာပေ ယဉ်ကျေးမှုကော်မတီ ဥက္ကဌလဲ ဖြစ်ပါတယ်။ ဘူးသီးတောင်မြို့နယ် လောင်းချောင်းရွာမှာနေတဲ့ မောင်ကျော်ခိုင်ကလဲ သူ့ရွာမှာ နှစ်သစ်ကူးပွဲလုပ်ဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

“မြန်မာလိုပြောမယ်ဆိုရင် နတ်တော်လ၊ ခမီဘာသာနဲ့ ဆိုခက်ကီခနေ့က ၁ ရက်နေ့၊ ဘိုးဘေးတွေပြောတဲ့ အတိုင်း နတ်တော် လဆန်း ၁ ရက်နေ့မှာ နှစ်သစ်ကူးတာရှိတယ်။ တောင်ယာခုတ်ကြတယ်၊ တောင်ယာကောင်းတာ မကောင်းတာကို ရွေးဖို့အတွက် ရွာမခင်းခင် နှစ်သစ်ကူးကို အရင်ဆုံးလုပ်ရမယ်လို့ ပြောထားတဲ့ အတိုင်းလုပ်ကြတာပါ။”

ခမီတို့ရဲ့ ပြက္ခဒိန်မှာ လကို အခြေခံတဲ့ ပြက္ခဒိန်ပဲဖြစ်ပြီး မြန်မာ၊ ရခိုင်ပြက္ခဒိန်မှာ ရက်တွက်ချက်ပုံအတိုင်း တစ်ပတ်ကို ၇ ရက်နဲ့ တွက်ပါတယ်။ မောင်ကျော်ခိုင်က ခမီတို့ရဲ့ ရက် လ သတ်မှတ်ပုံကို အခုလိုရှင်းပြပါတယ်။

“တနင်္ဂနွေကို နစ်ဆေ့ လို့ခေါ်တယ်၊ တနင်္လာဆိုရင် ဟာကူလို့ခေါ်တယ်၊ အင်္ဂါဆိုမခီ၊ ဗုဒ္ဓဟူးဆိုပါပူ၊ ကြာသာပတေးဆိုခွဲ့မ၊ သောကြာကိုယိုးဒီ၊ စနေကိုမော်ဆော်လို့ခေါ်တယ်။”

လတွေကိုတော့ လအလိုက်ပွင့်တဲ့ ရာသီပန်းတွေနဲ့ ပိုးကောင်တွေရဲ့ အမည်ကိုယှဉ်တွဲမှတ်သားကြပါတယ်။ တောတောင်တွေမှာ ပွင့်တဲ့ သစ်ခွပန်းတွေ၊ သဇင်ပန်း၊ လက်ပံပွင့် စတဲ့ပန်းတွေရဲ့ အမည်တွေကိုပဲ လနာမည်အဖြစ်နဲ့ သတ်မှတ်တယ်လို့ ဆိုပါတယ်။ ဘယ်အချိန် ဘယ်ပန်းပွင့်ရင်၊ ဘယ်ပိုးကောင်တွေ ပေါ်ရင် တောင်ယာမှာ ဘယ် လုပ်ငန်းလုပ်ရမယ်ဆိုတာ ယှဉ်တွဲ သတ်မှတ်ကြပါတယ်။

“စကားဝါ ပန်းပွင့်ပြီဆိုရင် တန်ခူးလရောက်ပြီ။ ကဆုန်လဆိုရင် မဆူး၊ သစ်ခွပန်းပေါ့။ နယုံလဆိုရင် မခဟဲ့၊ ဒါက မြေမှာလဲပေါက်တယ် သစ်ခွမှာလဲပေါက်တယ်။ ၀ါဆိုလဆိုရင် လက်ကာ့၊ ဒါကကောက်ထိုးစအချိန်မှာပေါ်တဲ့ လောက် (ပိုးတုံးလုံး) အမျိုးအစားပေါ့။ အစကအကောင်သေးသေးလေးအဲ့ဒီကောင် ကြီးလာပြီဆိုရင် ကောက်ထိုးချိန်ရောက်ပြီ။”

ဒါပေမယ့် ခမီတို့ကတော့ သူတို့ရဲ့ သက္ကရာဇ် ဘယ်အချိန်ကစခဲ့တယ်ဆိုတာမသိကြတော့ပါဘူး။ အဲ့ဒီအတွက် ခမီပြက္ခဒိန်မှာ ခုနှစ်သက္ကရာဇ် မပါပေမယ့် မြန်မာ၊ ရခိုင် သက္ကရာဇ်အတိုင်းသတ်မှတ်ကြတယ်လို့ ဆိုပါတယ်။ ဦးလေကျော်ကတော့ ခမီတို့မှာ ခုနှစ်သက္ကရာဇ် သတ်မှတ်ထားတာ မရှိတဲ့အတွက် တောင်ယာလုပ်ခဲ့တဲ့ အချိန်ကာလကို မှတ်သားပြီး တွက်ချက်ကြတယ်လို့ ရှင်းပြပါတယ်။

“အဲ့ဒီအတွက် အသက်ကိုတောင်ယာနဲ့ မှတ်တယ်။ အော် ဒီတောင်ယာမှာဒီနှစ်၊ ဒီတောင်ယာမှာဒီနှစ်၊ ဒီတောင်ယာမှာ မွေးတဲ့နှစ်ဆို ဒီတောင်ယာမှာငါတို့လုပ်ခဲ့တယ်။ အော် အေး…… ဟိုတောင်ယာမှာငါးနှစ်ရှိပြီ။ မှတ်တမ်းမှတ်ရာမရှိဘူး။ တောင်ယာ လုပ်ခဲ့တဲ့ နှစ်ကိုပဲ မှတ်တယ်။ ရှာလို့မရရင် အဲ့ဒီတောင်ယာလုပ်ခဲ့တာကိုပဲ ရေတွက်ပြီးတော့မှ သူက အသက် ဘယ်လောက်ရှိပြီလို့ အဲ့လိုမှတ်တယ်။ အဲ့ဒီတော့ နှစ်ဆယ် သုံးဆယ် လေးဆယ်လောက်ဆို ဘယ်လိုလုပ်မှတ်လို့ ရနိုင်တော့မလဲ။ ကလေးလေးငါးဆယ် ကိုးနှစ်လောက်တော့ မှတ်လို့ရမှာပေါ့။ ကျန်တာတွေက ပျောက်ထွက်ကုန်မှာပဲ။ နောက်ပိုင်းမှ ဒီက ကူးစက်လာတဲ့အတွက် ၀ါးခြမ်းပေါ်မှာ ရေးပြီးတော့ ခုနှစ် သက္ကရာဇ်ယူထားရတယ်။ အဲ့လိုလုပ်လာတာ။ တောင်ယာနဲ့ပဲ မှတ်တယ်။”

လအလိုက်၊ ပွင့်တဲ့ ရာသီပန်းတွေကိုကြည့်ပြီးဆောင်ရွက်ရမယ့် အလုပ်တွေ လုပ်ပြီးတဲ့အခါ နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလ တန်ဆောင်မုန်းလကို ရောက်ပါပြီ။ တောင်ယာစပါးတွေ ရိပ်သိမ်းပြီးတဲ့အပြင် တခြားအသီးအနှံတွေလဲရာသီကုန်ပြီမို့ ကောက်သစ်စားပွဲ လုပ်ပြီးစပါးတွေ ကျည်ထဲမှာသိုလှောင်ပြီးပါပြီ။ တနှစ်တာတောင်ယာမှာလုပ်ကိုင်ခဲ့သမျှအတွက် ရွာပြန်ပြီး အနားယူကြပါပြီ။ သဇင်ပန်းတွေလဲ ပွင့်ကြပြီဆိုတော့ ခမီတို့ရဲ့ သဇင်လကိုရောက်ပြီမို့ နှစ်သစ်ကူးချိန်လဲ ဖြစ်ပါတယ်။ဘူးသီးတောင်မြို့နယ် စိုင်းတင်တောင်တန်းပေါ်က ဒဗြုကြီးရွာမှာနေတဲ့ အသက် ၁၈ နှစ်အရွယ် ဝေမာဦးက သူတို့ တောင်တန်းပေါ်က နှစ်သစ်ကူးချိန် အကြောင်း အခုလိုပြောပါတယ်။

“ဒီအချိန်မှာ လူကြီးတွေကလည်း မိသားစု မိတ်ဆွေတွေနဲ့ ဆုံပြီးပျော်ကြတာပါ။ အပျို လူပျိုတွေကလည်း အခုလို ပွဲတော်မှာ ဖူးစာရှင် ချစ်သူကိုရှာကြတယ်။ ချစ်သူတွေကလည်း သတို့သမီးသတို့သား ရည်ရွယ်ထားသူတွေနဲ့ တွေ့ကြတာပါ။”

နှစ်သစ်ကူးပွဲ ကျင်းပဖို့အတွက် ရွာအလိုက်ဖြစ်ဖြစ်၊ ကျေးရွာအုပ်စုတွေ နီးစပ်ရာစုပေါင်းလို့ပဲဖြစ်ဖြစ် ကျင်းပကြပါတယ်။ လောင်းချောင်းရွာသား မောင်ကျော်ခိုင်ကသူ့ရွာမှာ နှစ်သစ်ကူးပွဲကျင်းပဖို့ လိုအပ်တာတွေ စီစဉ်နေပါတယ်။ နှစ်သစ်ကူး ပွဲမှာ ဧည့်ခံဖို့ ခေါင်ရည်ကို အနည်းဆုံး ၁၅ ရက်ကြိုပြီး စိမ်ထားရပါတယ်။  ၀ါးတစ်ပင်ကို အကြောအမျှင်တွေ ဆွဲထုတ်ပြီး ပန်းပွားတွေဖြစ်အောင် ပြုလုပ်ရပါတယ်။ ရိုးရာဓလေ့အတိုင်း လိုအပ်တဲ့ ဘူးခါးခြောက်တွေ စုဆောင်းရပါတယ်။ ကျန်းမာအောင်၊ စီးပွား တိုးတက်အောင် ဆုတောင်းတဲ့အခါ သုံးရမယ့် ဆေးပုလဲဥဒါမှမဟုတ် ချင်းကိုရှာဖွေရပါတယ်။ နှစ်သစ်ကူးမှာမဖြစ်မနေ ပါဝင်ရမယ့် အဖိုးအဖွားတွေကို ဖိတ်ခေါ်ဖို့ အစီအစဉ်တွေ လုပ်ရပါတယ်။

“၀ါးကို လုပ်ထားတဲ့ ပန်းပွားတွေ၊ ခေါင်ရေတွေ၊ ပြီးရင် အစာ့ခင် လို့ခေါ်တယ်။ မြန်မာလိုဆိုရင် ပုလဲပေါ့ (ဆေးပုလဲဥ)၊ အဲ့ဒါက အမြဲတမ်း ပါရမယ်။ ပုလဲဥမပါရင် ချင်းပါရမယ်၊ ချင်းမပါရင် ပုလဲပါရမယ်။ ပုလဲရယ် (ချင်းရယ်) ခေါင်ရည်အိုးရယ်။ ခေါင်ရည်သောက်တဲ့ လူတယောက်ရှိရင် ခေါင်ရည်အိုးမှာ ဖြည့်တဲ့ လူတစ်ယောက်ရှိရမယ်။ ပြီးရင် တောင်ယာမှာ စိုက်ထားတဲ့ ဘူးခါးသီးပေါ့ နှစ်လုံးပါရမယ်။ အကြီးတလုံးအငယ်တလုံး ပါရမယ်။ ပြီးရင် အဖိုးအဖွားတွေ ပါရမယ်။”

နှစ်သစ်ကူးပွဲ ကျင်းပရမယ့်နေ့ မတိုင်ခင် လိုအပ်တာတွေ စုဆောင်း စီစဉ်ပြီးပြီဆိုရင်တော့ နတ်တော်လဆန်း ၁ ရက်နေ့ မနက်ပိုင်းမှာ နှစ်သစ်ကူးပွဲတော် စတင်ပါပြီ။ အဲ့ဒီအခါ ပွဲကိုစတင်ဖို့ ကျေးရွာအုပ်စုထဲမှာ၊ စုပေါင်းကျင်းပတဲ့ ရွာတွေထဲမှာ အသက်အကြီးဆုံး အဘိုးက ခေါင်ရည်ကိုအရင်အဦးဆုံးငုံ၊ ပြီးတော့ ဆေးပုလဲဥဒါမှမဟုတ် ချင်းဥကို အဖတ် သေးသေးလေး ကိုက်ပြီး မန်းမှုတ်တဲ့ ပုံစံနဲ့ ပွဲတက်လာတဲ့ ပရိဿတ်ကို ဦးတည်ဆုတောင်းပေးပြီး အခမ်းအနားကို စတင်ကြပါတော့တယ်။

“သဇင်လလဆန်း (၁)ရက်နေ့ ငါတို့ပွဲအစ။ ဒီအဖိုးက ငါတို့ချောင်းထဲမှာ အသက်အကြီးဆုံး၊ ဒီမှာသူ့ထက် အသက်ကြီးတဲ့သူ မရှိတော့ဘူး။ အဲ့ဒီအဖိုးက ခေါင်ရည်ကို သောက်ပြီး ဖြူး …… ဆိုပြီးလုပ်တာ။ အဲ့ဒါက ဒီမှာနေလာတဲ့ လူတွေဟာ အကုန်လုံး ကိုယ့် သားသမီး၊ ကိုယ့် မြေး မြစ်၊ သူတို့အကုန်လုံးကို ငါတို့က ဖြူး … ဆိုပြီးတော့ ကျန်းမာချမ်းသာပါစေဆိုပြီး လုပ်တာပါ။”

အဲ့ဒီလို အဖိုးတစ်ယောက်က ဆုတောင်းပြီးတာနဲ့ အဖွားတစ်ယောက်ကလဲ ဆုတောင်းပေးရပါတယ်။ ဒီလို ဆုတောင်းတာကလဲ နောက်နှစ်မှာ လုပ်မယ့် တောင်ယာ စီးပွားရေးအတွက် မဖြစ်မနေ ကြိုတင်လုပ်ဆောင်ရမယ့် အစီအစဉ်တခုလို့ မောင်ကျော်ခိုင်က ပြောပါတယ်။

“အေးချမ်းပါစေ၊ ကျန်းမာကြပါစေ၊ တောင်ယာတွေ ကောင်းကြပါစေ၊ တောင်ယာမှာရှိတဲ့ နတ်ဆိုးနတ်ကောင်းတွေ အကုန်လုံး အခြားနေရာမှာ နေကြပါဆိုပြီးတော့ အဓိဌာန်ပြုတာ။ အဲ့လိုပြောပြီးမှ အဖိုးအဖွား တစ်ယောက်ယောက်က ပြောပြီးမှ တောင်ယာ ခုတ်ရတာ။ အဲ့လို အဖိုးတစ်ယောက်ယောက်က မပြောရင် တောင်ယာ ခုတ်လို့မရဘူး။ အဲ့ဒီအစီအစဉ်အတိုင်းပါ။”

နှစ်သစ်ကူး ပွဲတော်မှာတော့ သီဆိုကခုန်ကြတဲ့ သီချင်းသံတွေ၊ တီးမှုတ်နေကြတဲ့ တူရိယာသံစဉ်တွေနဲ့ တစ်ရွာလုံး ပျော်ပါးနေကြပါတယ်။ သီဆိုကခုန်ကြတဲ့ အကြောင်းအရာတွေကလဲ ခမီတို့ရဲ့ အသက်သွေးကြောတောင်ယာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကိုပဲ ဖော်ကျူးတဲ့ သံစဉ် ကကွက်တွေပဲ ဖြစ်နေပါတော့တယ်။

“တောင်ယာခုတ်ဖို့ သွားကြတယ်။ တောင်ယာခုတ်ပြီးရင် ကောက်ထိုးတယ်၊ ကောက်ထိုးပြီးရင် စပါးရိတ်တယ်၊ စပါးရိတ်ပြီးရင် ရတဲ့စပါးတွေ ရွာကို ပြန်ယူလာတယ်။ အဲ့ဒီအကြောင်းကို သရုပ်ဖော်ပြတာပါ။”

တကယ်တော့ နှစ်သစ်ကူးပွဲဆိုတာ တောင်ယာစိုက်ပျိုးရေးအတွက် အရေးပါတဲ့ အစီအစဉ်တခုဖြစ်သလို နှစ်သစ် ကူးချိန် ဆိုတာလဲ ခမီတို့ရဲ့ အားလပ်ချိန်၊ ကွဲကွာနေတဲ့ မိသားစု၊ ဆွေမျိုး မိတ်သင်္ဂဟတွေ ပြန်ဆုံတဲ့အချိန်၊ လူပျို အပျိုတို့အတွက် ချစ်သူ ရှာဖွေတဲ့အချိန်၊ လက်ထပ်မယ့်သူတွေ မေတ္တာရေးကိစ္စတွေ ဆွေးနွေးတိုင်ပင်ကြချိန်ပဲဖြစ်ပါတယ်။ ခမီလူမျိုးတို့ရဲ့ နှစ်သစ်ကူး ပွဲတော်ရဲ့ အစီအစဉ်အနည်းငယ် ခေတ်နဲ့လျှော်ညီအောင် အပြောင်းအလဲရှိလာပေမယ့် မဖြစ်မနေဆောင်ရွက်ရမယ့် ဓလေ့ ထုံးတမ်းတွေ၊ တောင်ယာ စီးပွားရေးအစီအမံတွေကတော့ မပြောင်းမလဲ တည်ရှိနေမယ်လို့ ယုံကြည်နေကြပါတယ်။

“အမှန်က နှစ်သစ်ကူးပွဲဖြစ်တဲ့အတွက် အဲ့ဒီမှာခေါင်ရည်သောက်ကြမယ်။ ခေါင်ရည်အိုးတည်ပြီး ခေါင်ရည်သောက်ရင်းနဲ့ နှစ်သစ်မှာ ငါက ဘယ်တောင်ကိုတက်မယ်၊ ဒီနှစ်ကစပြီး ဒီတောင်ကိုစခုတ်မယ်။ သူကလဲ ဒီတောင်ကိုလုပ်မယ်။ စသည်ဖြင့် အစီအစဉ် ဆွဲကြတာပါပဲ။ အစီအစဉ် ဆွဲရင်း စားရင်းသောက်ရင်း ပျော်ပါးဆွေးနွေးရင်းနဲ့ ပွဲကျင်းပတာပါ။ အခုကျတော့လဲ ခေတ်နဲ့ လျော်ညီအောင် ကျင်းပရတာဖြစ်လို့ အခမ်းအနားအစီအစဉ်တွေ ပါလာတယ်။ အခမ်းအနားမှူး ပါလာတယ်။ သဘာပတိ ပါလာတယ်။ ဟိုဟာပါ ဒီဟာပါ ပါလာတယ်။ အက, ကတော့ အရင်ကတည်းက ရှိပြီးသား စားရင်းသောက်ရင်းနဲ့ ပျော်ပျော်ပါးပါး ကကြတာပဲ။ နှစ်ဆန်းဖို့အတွက် ပျော်မြူးကြတဲ့ပွဲပါပဲ။”

 915 total views,  1 views today