ရိုးမရေဒီယိုမဂ္ဂဇင်း

ရခိုင်ပြည်နယ်အတွင်းရှိ ကျောင်းနေအရွယ် မိန်းကလေးငယ်များကို အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းနှင့်အညီ ထောက်ပံ့ ကူညီမှု များပြုလုပ်နိုင်ရန် ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ UNICEF နှင့် ကိုရီးယား အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ KOICA တို့က သဘောတူစာချွန်လွှာရေးထိုးပြီး ပူးပေါင်း လုပ်ဆောင်သွားကြမည်ဟု ယူနီဆက်မှ သိရသည်။

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းသည် ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်ထိ ၅ နှစ်တာကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ လူငယ်များနှင့် အရွယ်ရောက်သူများ၏ ဘဝတစ်သက်တာ ပညာသင်ယူနိုင်ရန်နှင့် အလုပ်အကိုင် အခွင့် အလမ်းများ ရရှိစေရန် အဓိကထားပြောင်းလဲနေသည့် စီမံကိန်းတစ်ခု ဖြစ်သည်။

ထိုစီမံကိန်းကို အကောင်ထည်ဖော်ရာတွင် UNICEF နှင့် KOICA တို့က ရခိုင်ပြည်နယ်အပါအဝင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မှ ကျောင်းသူများကို ထောက်ပံ့ကူညီရန် ပူးပေါင်းလုပ်ဆောင်လာခြင်းဖြစ်သည်။ ထိုသို့ ပူးပေါင်းဆောင်ရွက်မှုမှာ နိုင်ငံအတွင်းရှိ ကလေးသူငယ်များအတွက် မိတ်ဖက်အဖြစ် ဆောင်ရွက်ခြင်းဟု ယူနီဆက်မှ သိရသည်။

သဘောတူညီမှုအရ ကျန်းမာရေးနှင့် အဟာရအတွက် အသက် ငါးနှစ်အောက်နှင့် ဆယ်ကျော်သက် အမျိုးသမီးများအပါအဝင် အရွယ်ရောက်ပြီး သူများအတွက် ခိုင်လုံမှုရှိသော ကျန်းမာရေးနှင့် ကာကွယ်ဆေးထိုးခြင်း၊ HIV နှင့် သက်ဆိုင်သော လုပ်ငန်းများကို တူညီမျှတစွာ လက်လှမ်းမီးနိုင်ရေး၊ ကြိုတင်ကာကွယ်နိုင်သည့် ကိုယ်ဝန်ဆောင်မိခင်၊ မွေးကင်းစနှင့် ကလေးငယ်များ သေဆုံးမှုတို့ကို အဆုံးသတ်ရန်တို့အား ပူးပေါင်းဆောင်ရွက်မည် ဖြစ်သည်။

ထို့ပြင် စာသင်ကျောင်းများတွင် ကျောင်းသားကျောင်းသူများအား အကြမ်းဖက်ခံရခြင်းမှ တားဆီးနိုင်ရန် ကာကွယ် ပေးနိုင်ခြင်းတို့ကိုပါ ကူညီပံ့ပိုးသွားမည်ဟု သိရသည်။

 464 total views,  1 views today