ကိုအောင်/ရိုးမရေဒီယိုမဂ္ဂဇင်း

အမ်း၊ ဇူလိုင် ၁၅ ရက်။ ရခိုင်ပြည်နယ် အမ်းမြို့နယ်ထဲက ဒါးလက်အုပ်စုမှာ နေထိုင်ကြတဲ့ လောက်တူချင်း တိုင်းရင်းသားတွေရဲ့ လူမှုဆက်ဆံရေးနဲ့ ရိုးရာအစဉ်အလာတွေအတိုင်း ဆောင်ရွက်ကြတဲ့အခါ ခေါင်ရည်ကိုမပါမဖြစ် တည်ခင်း ဧည့်ခံကြလေ့ရှိပါတယ်။

ခါင်ရည်ကို ဘာကြောင့် အထွတ်တမြတ်ထားရသလဲ။ ခေါင်ရည်မှာ ဘယ်လို အဓိပ္ပါယ်တွေပါဝင်နေလဲ ခေါင်ရည်ကို ဘယ်လို စီမံပြုလုပ်ထားသလဲ စတဲ့အကြောင်းအရာတွေကို တင်ဆက်ပေးသွားမှာပါ။

အမ်းမြို့ကနေ အနောက်ဘက်ကို ကားလမ်းအတိုင်း မိုင် သုံးဆယ်လောက် သွားခဲ့ရင် ကဇုကိုင်းကို ရောက်မှာဖြစ်ပြီး လက်ယာဘက် လမ်းခွဲလမ်းက ဒါးလက်အုပ်စုကို ရောက်ရှိမှာပါ။ ဒါးလက်ချောင်းရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက် ကမ်းနဖူးပေါ်မှာ တည်ရှိတဲ့ ဒါးလက်အုပ်စုမှာ ကျေးရွာပေါင်း (၄၈)ရွာ ပါဝင်ပါတယ်။

အဲ့ဒီအုပ်စုမှာ နေထိုင်သူအများစုဟာ ချင်းတိုင်းရင်းသားတွေဖြစ်ပြီး မျိုးနွယ်စုတွေ ကျေးရွာအလိုက် စုစည်းနေထိုင် ကြတာပါ။

ချင်းမျိုးနွယ်စု အားလုံးနေအိမ်တိုင်းမှာ ခေါင်ရည်ကို မရှိမဖြစ် ပြုလုပ်ထားကြသလို မွေးဖွားချိန်မှ သေဆုံးချိန်အထိ ရိုးရာ ယုံကြည့ကိုးကွယ်မှု အခမ်းအနားတွေ ဆွေမျိုးဆက်စပ်မှုနဲ့ လူမှုဆက်ဆံရေး နယ်ပယ်မှာ ခေါင်ရည်ကို အသုံးပြုကြပါတယ်။

အစဉ်အလာ အခမ်းအနားတွေမှာ ခေါင်ရည်ကို ဘယ်လို တည်ခင်းရသလဲဆိုတာ ရှမ်းကုန်းရွာက လောက်တူမျိုးနွယ်စု နတ်ဆရာကြီး (ပဆန်းဆရာ) ဦးမောင်နှောင်း က အခုလို ပြောပါတယ်။

“ဟိုးအရင်တုန်းက ကမ္ဘာဦးတည်စကတည်းက ဒီခေါင်ရည်ဟာ အကောင်းဆုံး၊ အခုလို ဖျော်ရည်တွေထက် ကောင်းတယ် အားလုံးအရည်တွေထက် ကောင်းတယ်။ ဒီထက်ကောင်းတဲ့ အစားအစာ ဘာမှ မရှိဘူး။ အသောက် လွန်ရင်တော့ မူးပြီ၊ ကောင်းရင်း သောက်ရင်း ကောင်းရင်းသောက်ရင်း သောက်ရင်တော့ မူးပြီပေါ့။ အဲ့ဒါ အကောင်းဆုံး ဆိုပြီးတော့ ခေါင်ရည်နဲ့ မိဘ ဘိုးဘွားတွေကို ပူဇော်ပါတယ်။ အရင်က ရှေးထုံး နည်းလမ်းနဲ့ပဲ ပူဇော်ပါတယ်။ ခေါင်ရည်နဲ့ပဲ မိဘ ရိုးရာကို ပူဇော်ရင် ကျေပါတယ်။ ခုံးတွေ နတ်တွေကို ဒီခေါင်နဲ့ ပူဇော်ရင် ကျေပါတယ်။ နတ်စိမ်း၊ နတ်ဝါ၊ စုန်း၊ တစ္ဆေ၊ မှင်စာ အားလုံးမှာ လုပ်တဲ့အချိန်တိုင်းမှာ ဒီခေါင် ပါရတယ်။ ဒီခေါင်မပါရင် ဖြစ်မှ မဖြစ်တာ။”

ခေါင်ရည်ဖြင့် တည်ခင်းထားသည့် လောင်တူချင်းရိုးရာ စုန်းခေါက်ပွဲ။

ခေါင်ရည်ဆိုတာ ဆန်၊ ခေါင်သစ်ခေါက်နဲ့ တဆေးတို့ကိုကို အချိုးကျရောပြီး မြေစဥ့်အိုးထဲမှာ ရက်ကြာကြာ စိမ်ထားရတာပါ။ ခေါင်ရည်ကို စီမံပုံကိုတော့ ဆရာဦးမောင်နှောင်းက အခုလို ပြောပါတယ်။

“ဆန် လုံးတီးဆန်ကို ထမင်းချက်တယ်။ ထမင်းလိုပဲချက်တယ် ဘာမှမထူးခြားဘူး။ ထမင်းလိုချက်ပြီး အအေး ခံရသေးတယ်။ ဖြန့်ပြီးတော့မှ သူ့ကို ခေါင်ခေါက်နဲ့ တဆေးနဲ့ ချိန်ဆပြီးတော့ နယ်ရတယ်။ မျှတအောင် နယ်ပြီးရင် ပလုံးထဲ တောင်းထဲ ဒုံထဲမှာ ထည့်ပြီး အချိန်ကြာကြာထားရသေးတယ်။ ဒီနေ့ ဆယ်နာရီ ထည့်တဲ့ ခေါင်ဖတ်ဟာ မနက်ဖြန် ဆယ်နာရီမှာ ကြည့်တဲ့အချိန်မှာ ဒီခေါင်ဟာ ကောင်းမလား မကောင်းလားဆိုတာ သိတယ်။ ဘယ်လိုသိလဲဆိုရင် အရသာဟာ ထူးခြားပြီးတော့မှ ပူပြီး ကြွပြီး အဲ့လိုရှိတယ်။ မကောင်းဘူးဆိုရင် မှိုတက်ပြီး အနားတောင်မကပ်နိုင် အစော်နံ ထိကြည့်ရင် အရည်တွေထွက်လို့ အဲ့ဒါဆို ၀ဲသာ ၀ဲပစ်လိုက် မရတော့ဘူး။”

အဲ့ဒီလိုစမ်းသပ်စစ်ဆေးပြီး မှ ကောင်းမယ့်ခေါင်ဖတ်ကို နေပူလှန်းထားပြီးသား စဥ့်အိုးမှာ ထည့်ရပါတယ်။

“လှုပ်ရင်းထည့်ရင်း လှုပ်ရင်းထည့်ရင်း လက်နဲ့ ဖိပြီးတော့မထည့်ရဘူး။ ပြီးတော့မှ ငှက်ပျောဖက်ကလေးနဲ့ ဖုံးပြီးတော့မှ နှီးနဲ့ စည်းပါတယ်။ စည်းပြီးလို့ သုံးရက် ငါးရက် ခုနစ်ရက် တပါတ်လောက်ဆိုရင် ပြန်ကြည့်တဲ့ အချိန်မှာ ပြန်ကြည့်ရင် အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာသိရပါတယ်။ အောင်မြင်တယ်ဆိုရင် ခေါင်ဖတ်ဟာ လျော့သွားပါတယ်။ စမ်းကြည့်ရင်း အေးနေတယ်။ စားကြည့်ရင် ချိုတယ်ပေါ့။” လို့ သူက ဆက်ပြောပါတယ်။

ခေါင်ရည်တအိုး ဖြစ်မြောက်ဖို့အတွက် မရှိမဖြစ်လိုအပ်တာက ခေါင်ခေါက် လို့ခေါ်တဲ့ သစ်ခေါက်တမျိုးပါ။ အဲ့ဒီ သစ်ခေါက်ကို တောတွေထဲမှာ လိုက်ရှာပြီး အခြောက်လှမ်း၊ အမှုန့်လုပ်ရပါတယ်။ ခေါင်ခေါက်အမှုန့်နဲ့ အတူတူ ရောစပ်ဖို့ တဆေးကိုလည်း ကြိုတင်စီစဉ်ထားရပါသေးတယ်။

ခေါင်ရည်ဖြင့် တည်ခင်းထားသည့် လောင်တူချင်းရိုးရာ စုန်းခေါက်ပွဲ။

“တဆေးရဖို့က ဆန်ကို အမှုန့်ထောင်းတယ်။ အဲ့ဒီ အမှုန့်ထဲမှာ ရိုးရိုးငရုတ်သီးထည့်တယ်။ ချင်းကိုထည့်တယ်။ ခရမ်းကစော့ အခါး အသီး၊ အသီးမရရင်အရွက်၊ မရရင်အမြစ်၊ အဲ့ဒါတွေထည့်တယ်။ ထည့်ပြီး ထောင်းရတယ်။ ထည့်ပြီး နေပူလှန်းရတယ်။ အဲ့ဒါနဲ့ချက်ရင် အင်မတန်ကောင်းသွားတယ်။” လို့ ဦးမောင်နှောင်းက ဆိုပါတယ်။

ခေါင်ဖတ်ကို အိုးထဲမှာ တလနီးပါး စိမ်ထားပြီးတဲ့အချိန်မှာတော့ ပြင်ဆင်သောက်သုံးလို့ရတဲ့ ခေါင်အိုးတလုံး ရပါပြီ။ သောက်သုံးမယ့်အချိန်မှာ ခေါင်ဖတ်စိမ်ထားတဲ့အိုးထဲကို ရေနွေးဖြည်းဖြည်းချင်း လောင်းချပြီး ငှက်ပျောဖက်နဲ့ အုပ်ရပါတယ်။ ပလူတံလို့ ခေါ်တဲ့ဝါးပိုက်ကလေးကို ငှက်ပျောဖက်အပေါ်က အိုးအောက်ခြေအထိ စိုက်ထည့်ပြီး အိုးပြည့်တဲ့အထိ ရေအေးဖြည့်ပြီးရင် ခေါင်ရည်ကို ပလူတံနဲ့စုပ်ပြီး သောက်သုံးကြသလို ပိုက်နဲ့စုပ်ထုတ်ပြီးမှ ဘူးခါးသီးခြောက် ခေါင်အိုးမှာထည့်ပြီး သောက်ရတဲ့အခါလည်း ရှိပါတယ်။ အချို၊ အခါး နဲ့ စူးရှရှ အရသာ သုံးခု ညီနေမှ ခေါင်ရည်ကောင်းတယ်လို့ ဦးမောင်နှောင်းက ပြောပြပါတယ်။

“အသာလေး ရေပူလေးထည့်ပြီးမှ ဖက်လေးနဲ့ သေသေချာချာ အသာလေးအုပ်၊ ပလူတံလေး အသားလေးစိုက်၊ သောက်တဲ့အခါလည်း အသာလေးသောက်၊ ခေါင်ရည်ကို သောက်ကြည့်လိုက်တဲ့အခါ ချိုတယ်၊ ချိုရမယ် ငေါက်ရမယ်၊ အချို အငေါက် အခါးအရသာ သုံးမျိုးနဲ့ ညီညွတ်တယ်။”

ခေါင်ရည်ကို နေ့စဉ်လူမှုဆက်ဆံရေးမှာ အသုံးချသလို ရိုးရာအစဉ်အလာအရ ဆောင်ရွက်ရတဲ့ မင်္ဂလာပွဲ၊ မိဘ ဘိုးဘွား ပူဇော်ပွဲ စုန်း၊ နတ်ပသပွဲ၊ ကောက်သစ်စားပွဲတွေကအစ အသုဘအခမ်းအနားအထိ မပါမဖြစ် ထည့်သွင်းရပြီး သောက်သုံးရတဲ့ နေရာမှာလည်း စည်းကမ်းချက်တွေ ရှိပါတယ်။ လောက်တူ ချင်းတိုင်းရင်းသားတွေမှာ ကိုယ့်ထက် အသက်ကြီးတဲ့ ဘိုးဘွား၊ မိဘ၊ အကိုအမကြီးတွေကို လိပ်ပြာကြီး၊ သားသမီး မြေးမြစ်တွေ ညီ ညီမငယ်တွေကို လိပ်ပြာငယ်လို့ သတ်မှတ်ကြပြီး ခေါင်ရည်ကို တည်ခင်းတဲ့နေရာမှာတော့ ဆွေမျိုးတော်စပ်မှု လိပ်ပြာကြီး ငယ် သတ်မှတ် စည်းကမ်းတွေအတိုင်း သောက်သုံး ရတယ်လို့ ဦးမောင်နှောင်းက ဆိုပါတယ်။

“ဒီအိမ်မှာ ဒီခေါင်ရည်ကို မသောက်အပ်ဘူး။ ဘာဖြစ်လို့လဲ မသောက်အပ်လဲ အဘိုးက ဒီလို အဘွားက ဒီလို၊ သူ့အမိနဲ့ ကျွန်တော့်အမိက ဒီလိုရှိတယ်။ ကျွန်တော်မသောက်ရဲဘူး။ မိဘရဲ့ ခေါင်ရည်ကို အပြန်ကြီး မသောက်နိုင်ဘူး။ အဲ့ အပြန် မသောက်ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ လူကြီးတွေနဲ့ ပြန်လည်တိုင်ပင်ရပါတယ်။”

တကယ်လို့ ဆွေမျိုးတော်စပ်ပုံအရ လိပ်ပြာကြီးရဲ့ ခေါင်ရည်ကို လိပ်ပြာငယ်သူက မဖြစ်မနေ သောက်ရတော့မယ့် အကြောင်း ပေါ်လာခဲ့ရင်တော့ လျော်ကြေးအနေနဲ့ပေးပြီး သောက်ရတယ်လို့ သူက ဆိုပါတယ်။

“သူ့ရဲ့ မိဘ ဘိုးဘွားခေါင်ရည် လိပ်ပြာကြီးတဲ့ ခေါင်ရည်ဆိုတော့ သူ မသောက်ရဲတော့ဘူး။ အခု သူ့မယားနဲ့ နင်နဲ့ ညီအစ်မဖြစ်တယ်ဆိုတော့ သောက်ပေးလိုက်ပါ။ လျော်ကြေးနဲ့၊ လှံနဲ့၊ ဘီးနဲ့ …. ဘီးလဲ သုံးဆယ့် သုံးသိန်းလောက် တန်လား မသိဘူး … အဲ့ဒါလေးကို ခေါင်းမှာ တပ်ပြီးတော့မှ သောက်လို့ရတယ်။ လျော်ကြေးပေးပြီးသောက်တယ်။”

ဒီလို လျော်ကြေးပေးရပြီးမှ သောက်ရတယ်ဆိုပေမယ့် တန်ဖိုးကို လိုချင်လို့ မဟုတ်ပဲ ရိုးရာအစဉ်အလာကို လေးစားတဲ့ အနေနဲ့ ပေးရတာပါ။

“အဲ့ဒါ တန်ဖိုးရှိလို့ မဟုတ်ဘူး။ နောက်တခါ အသိအမှတ်ပြုတဲ့ အကြောင်းအရာတွေကို ပြန်ပြောနိုင်ရေးအတွက် ဒီခေါင်ရည်မှာ ပြသနာဟာ အများဆုံး ရှိတယ်။” လို့ ဦးမောင်နှောင်းက ဆိုပါတယ်။

အဲ့ဒီအပြင် သားဖွားခြင်း သေဆုံးခြင်းတို့အတွက်လည်း ခေါင်ရည်နဲ့ပဲ သန့်စင်အောင် ကင်ပွန်းပေးရပြီး အစဉ်အလာပျက်ခဲ့ရင် ထိခိုက်တာတွေ ဖြစ်တတ်တယ်လို့ပြောပါတယ်။

ခေါင်ရည်ဖြင့် တည်ခင်းဧည့်ခံရန်ပြင်ဆင်နေပုံ

“ကင်ပွန်းမမိရအောင် ဒီခေါင်နဲ့ ကျေပါစေတော့ရယ်လို့ မွမ်းမံ ပြောဆိုပြီးတော့မှ သားဖွားတဲ့ ဆရာမကို ဒီခေါင်တည်ပြီးတော့ သောက်တဲ့ အချိန်မှာ ဘယ်လိုသောက်လဲဆိုတော့ ဒီခေါင်သောက်ရခြင်းသည် ဒီအိမ်မှာ သားဖွားလို့ သားကောင်းရတနာ သမီးကောင်းရတနာ ဖွားမြင်ပြီး စိန်ရွှေရတနာ ကျောက်သံ ပတ္တမြားနဲ့ အတူ ဖြစ်ပါစေသား လို့ ဓိဌာန် မွမ်းမံပြီး သောက်တဲ့အခါ နတ်ကလဲ ကြားတယ်။ စုန်းကလဲ ကြားတယ်။ ကြားတဲ့အခါ သူ့မှာလဲ ကင်ပွန်းကျေတယ်။ လုပ်ချင်သလိုလုပ် ဘာမှမဖြစ်ဘူး။ အဲ့လိုမလုပ်ခဲ့ရင် ကိုင်းက ဆေးတွေ အားလုံးနူသွားတယ်၊ ဟင်းသီးဟင်းရွက်တွေ အားလုံး ပြုန်းသွားတယ် မရဘူး။”

မီးဖွားချိန်မှာ မထိမကိုင်ရတာ၊ မကျော်မနင်းရတာတွေကို အမှတ်တမဲ့ လုပ်မိရင်လည်း ကင်ပွန်းမိတယ်လို့ သတ်မှတ်ပြီး ကင်ပွန်းကျေအောင် ခေါင်ရည်နဲ့ ကင်ပွန်းသီးရည်ကိုရောကာ ပက်ဖျန်းပြီး ကင်ပွန်းချေပေးရပါတယ်။

“ကင်ပွန်းသာမိတယ်ဆိုရင် အဲ့ဒီပိုက်မှာ ဘာငါးမှ မကျတော့ဘူး၊ ကိုင်းထောင်လဲ မကျတော့ဘူး။ ကင်ပွန်းမိပြီလေ။ အဲ့ဒီကင်ပွန်းကို ဘာနဲ့ ဖြေရသလဲ ကင်ပွန်းသီးကလေးကို ရေနဲ့ဖျော်ပြီးတော့မှ ဒီနေ့ ဒီရက်က စပြီးတော့မှ ခေါင်ရည်ကလေးနဲ့ ကျေပါစေတော့လို့ ပိုက်မှာ ဖြန်းပေးလို့ရှိရင် ငါးဟာ မကန်အောင် ပြန်ရတဲ့ အယူထုံးစံရှိတယ်။”

အလည်လာတဲ့ သာမန် မိတ်ဆွေအပေါင်းအသင်းကို ဧည့်ခံတဲ့အချိန်မှာ ထူးထူးခြားခြား သတ်မှတ်တဲ့ စည်းကမ်းတွေ မရှိပေမယ့် ရိုးရာအစဉ်အလာအတိုင်း တည်ခင်းရတဲ့ အချိန်မှာတော့ သတ်မှတ်တဲ့နေရာ သတ်မှတ်တဲ့စည်းကမ်းအတိုင်း သောက်သုံး ရတယ်လို့ ဆိုပါတယ်။ ခေါင်အိုးရဲ့ အလည်ခေါင်တည့်တည့်မှာ ပန်းတိုင်လို့ ခေါ်တဲ့ အမှတ်အသားဝါးတံလေး ထိုးစိုက်ရပြီး ညာဘက် ဘယ်ဘက် ခွဲခြား သောက်သုံးရပါတယ်။

မှားယွင်းမှုရှိခဲ့ရင်တော့ ပဆန်းဆရာလို့ခေါ်တဲ့ ကျေးရွာက နတ်ဆရာကြီးက ဆုံးမပြီး ကျေအေးပေးရတယ်လို့ ဆိုပါတယ်။

ခေါင်ရည်ဖြင့် တည်ခင်းဧည့်ခံရန် ပြင်ဆင်နေပုံ။

“မိဘအိမ်မှာ အလည်သွားတဲ့ ခေါင်ဘူးလေးပါသွားတာကို ယောက်ခမတခွက် သားမက် တခွက် အဲ့ဒီလို မသောက်ရ၊ ယောက်ခမသောက်ပြီးတာနဲ့ သားမက်သောက်တာ အဲ့ဒါမှားတယ်၊ နောက်တခါ မသောက်နဲ့ ဘယ်တော့မှ၊ ဘယ်အချက်မှာ ဘယ်သူမှားတယ်။ အဲ့ဒီပုံစံ မမှားကြနဲ့လို့ပဲ အဲ့လိုပဲ ရိုးရာနဲ့ပဲ ဖြေသိမ့်ကြပါတယ်။”

ခေတ်ကာလတွေ ပြောင်းလာပေမယ့် ခေါင်ရည် ပြုလုပ်တဲ့နည်းစနစ်၊ တည်ခင်းတဲ့ဓလေ့ထုံးစံတွေကတော့ မပြောင်းမလဲပဲ ရှိနေဆဲပါ။ ကိုယ့်အိမ်ကို အလည်လာတဲ့ဧည့်သည်တိုင်းကို ခေါင်ရည် တည်ခင်းဧည့်ခံပြီး ၀ါးပိုက်တံတခုတည်းမှာ အတူတူစုပ်သောက်ရင်း ချစ်ခင်ရင်းနှီးမှုနဲ့ အပြန်အလှန်လေးစားချစ်ခင်မှုကို ရှိတယ်လို့ လောင်တူချင်း လူငယ် ကိုထွေးမြင့်က ပြောပါတယ်။

“ခေါင်ရည်ဆိုတာ သဘာဝ သစ်ဥသစ်ဖုတွေနဲ့ လုပ်ထားတာဆိုတော့ တိုင်းတပါးက လာတဲ့ အရက်တွေထက် စာရင်တော့ ကျန်းမာရေးထိခိုက်မှု နည်းပါးပါတယ်။ ခေါင်ရည်သောက်တဲ့အချိန်မှာ တယောက်နဲ့ တယောက် ညီအစ်ကို မောင်နှမလိုပဲ အဝေးက သူငယ်ချင်းတွေနဲ့ ကျေးရွာက သူငယ်ချင်းတွေနဲ့ ပေါင်းပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ၀ိုင်းဖွဲ့ပြီးတော့မှ သာရေး နာရေး ကျွန်တော်တို့ လူ့ဘ၀ ခံစားနေရတဲ့အပိုင်းတွေရော ဆွေးနွေးပြီး ချစ်ချစ် ခင်ခင် သောက်သုံးကြပါတယ်။”

ပဆန်းဆရာကြီး ဦးမောင်နှောင်းကတော့ ဧည့်သည်တွေကို ခေါင်ရည်နဲ ဧည့်ခံရင်း၊ ခေါင်ရည်အကြောင်း ရှင်းပြနေရင်းနဲ့ လောင်တူချင်းလူမျိုးတွေ ရှိနေသ၍ သူတို့ရဲ့ ခေါင်ရည် သုံးဆောင်မှုဓလေ့ဟာလဲ တည်မြဲနေဦးမယ်လို့ ပြောပါတယ်။ သူ့သားသမီးတွေ အိမ်ထောင်ကျရင်လဲ ဒီလိုပဲ ဓလေ့ထုံးစံတွေ လုပ်ရဦးမယ်လို့လဲ ဆိုပါတယ်။ သူ အိမ်ထောင်ကျကာစက ယောက်ခမအိမ်ကို အရိုအသေပေးဖို့သွားတဲ့အချိန်မှာ ဆိုခဲ့တဲ့သီချင်းကို ဆိုပြနေရင်း ကွယ်လွန်ပြီးတဲ့ မိဘ ဘိုးဘွားတွေ ကို လွမ်းဆွတ်နေပါတယ်။

“ခေါင်မူးလို့ရှိရင် ရန်မရှာဖို့ ရန်မဖြစ်ဖို့ကို ကြိုးစားပြီးတော့မှ ရိုးရိုးသားသား ယဉ်ယဉ်ကျေးကျေးနဲ့ သောက်ကြဖို့ စားကြဖို့ကို ဟာလူတို့ကို တောင်းပန်တဲ့ သီချင်းဖြစ်တယ်။ ညီအကို မောင်နှမအစုနဲ့ ဆွေမျိုး စုံညီစွာနဲ့ ခေါင်ကလေးက ငယ်ပေမယ့် လူအများကြီးနဲ့ သောက်ကြမယ် ဆိုတဲ့ သီချင်းဖြစ်တယ်။” လို့ ဦးမောင်နှာင်းက ဆိုပါတယ်။

 1,009 total views,  1 views today