ရိုးမရေဒီယိုမဂ္ဂဇင်း

ရခိုင်ကမ်းရိုးတန်းဒေသတစ်လျှောက်ရှိ နေရာအနှံ့အပြားတွင် ပေါက်ရောက်လျှက်ရှိသည့် ဒီရေတော များမှာ လက်ရှိအချိန်တွင် မျိုးတုန်းလုနီးပါးအခြေအနေနှင့် ရင်ဆိုင်နေရ၍ အချိန်မှီ တားဆီးရန် လိုအပ်နေပြီဟု စောင့်ကြည့်လေ့လာသူများက အကြံပြုသည်။

“ရခိုင်ပြည်နယ်ရဲ့ ဒီရေတောတွေ အနေအထားကတော့ အခုအချိန်မှာဆိုလို့ ရှိရင် ကျနော်တို့ ထိန်းသိမ်းမှုလုပ်ငန်း ပြန်လည်စိုက်ပျိုး ရေးလုပ်ငန်းကိုသာ အချိန်မှီ မလုပ်နိုင်ဘူးဆိုရင် ဒါထက်မက ပျက်စီးလာမယ့် အနေအထားရှိပါတယ်ဗျ။”ဟု ရပ်ရွာလူထုစွမ်းဆောင် ရေး မြှင့်တင်ရေးနှင့် ဘေးဒဏ်ခံနိုင်စွမ်း တိုးမြှင့်ရေးအဖွဲ့မှ ဒီရေတောစောင့်ကြည့် အကဲဖြတ်အရာရှိ ဦးသန်းလှိုင်က ပြောသည်။

ဒီရေတောများသည် သဘာဝဘေးအန္တရာယ်များကို ကာကွယ်တားဆီးနိုင်ရုံသာမက သား၊ ငါး၊ ပုဇွန်ပေါကြွယ်ဝမှုများအတွက်လည်း အလွန်တရာ အရေးပါသောကြောင့် ထိုသို့ သစ်တောများအား ခုတ်ထွင်သုံးစွဲနေမှုများအား တားဆီးကာ ပြန်လည်အစားထိုးစိုက်ပျိုး ခြင်းများကို ပြုလုပ်ပြီး အစိုးရအနေဖြင့်လည်းကောင်း၊ လူမှုအဖွဲ့အစည်းများအနေဖြင့်လည်းကောင်း ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ် သည်။

သို့ရာတွင် ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်မီးရရှိမှုမှာလည်း နည်းပါးနေသည့်အတွက် ထိုသစ်တောများအား ခုတ်ယူကာ ထင်းအဖြစ် သုံးစွဲနေမှုများအား တားဆီးရန် အခက်ခဲတစ်ရပ်ရှိနေပြန်ကြောင်း အဆိုပါ စောင့်ကြည့်ရေးအဖွဲ့က ပြောသည်။

ရပ်ရွာလူထုစွမ်းဆောင်ရေး မြှင့်တင်ရေးနှင့် ဘေးဒဏ်ခံနိုင်စွမ်း တိုးမြှင့်ရေးအဖွဲ့မှ ဒီရေတောစောင့်ကြည့်က ရခိုင်ပြည်နယ်အတွင်းမှ ရသေ့တောင်မြို့နယ်မှ ၂၀ ရွာ၊ စစ်တွေမြို့နယ်မှ ၁၅ ရွာ၊ မြေပုံမြို့နယ်မှ ၆ ရွာ၊ ပုဏ္ဏားကျွန်း မြို့နယ်မှ ၈ ရွာနှင့် ပေါက်တောမြို့နယ် မှ ၅ ရွာတို့တွင် ဒီရေတောများအား ပြန်လည် အစားထိုးစိုက်ပျိုးထားနိုင်ပြီဖြစ်သလို ထင်းအစားထိုးလောင်စာအဖြစ်လည်း ကျေးရွာ ပေါင်း ၃၀ ခန့်တွင် ပေးထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

ယင်းအပြင် အစိုးရမှလည်း နိုင်ငံတကာ၏ အကူအညီဖြင့် မြေပုံမြို့နယ်တွင် တစ်နှစ်လျှင် ဧက ၁၀၀ ခန့် စိုက်ပျိုးရန် အစီစဉ်ရှိ ကြောင်း သိရသည်။

 520 total views,  1 views today