မဆောင်းဇာခြည် အာရ်ကန်ရိုးမ

လူတရပ်ခန့်စာ မမြင့်သည့် ခပ်စုတ်စုတ် အိမ်အောက်မှာ စွတ်ကျယ်နှင့် ပုဆိုးအဟောင်းကို ဝတ်ဆင်ထားသော အရပ်မြင့်မြင့် ပိန်ပိန်ပါးပါးရှိ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးမှာ နေပူရှိန်မြင့်တက်နေသည့် နေ့ခင်း ၁ နာရီကျော်တွင် ချွေးဒီးဒီးကျကာ အဖြူရောင် ဆာလာအိတ်တခုထဲသို့ ရေသန့်ဗူးခွံများကို စီစီရီရီ ထည့်နေပါသည်။

သူကတော့ ဆိုက်ကားဖြင့် ရေသန့်ဗူးခွံ၊ ပုလင်းခွံများကောက်သည့် ဦးစိန်မောင်ဟု လူသိများသော စစ်တွေမြို့၊ မြောက်စံပြရပ်ကွက်က အမျိုးသားပင်ဖြစ်သည်။

ဦးစိန်မောင်မှာ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် ရုတ်တရက် အကြောရောဂါဖြစ်ကာ ညာဘက်ခြေထောက် မသန်စွမ်းဘဝသို့ ရောက်ရှိခဲ့ရပါသည်။

၎င်းပိုင်ဆိုင်သည့် ဆိုက်ကားလေးကို လက်ဖြင့်မနိုင်မနင်းတွန်းပြီး စစ်တွေကမ်းနားလမ်းတလျှောက် လူငယ်များ သောက်စားကာ လွှင့်ပစ်ထားသော ပုလင်းခွံ၊ ဗူးခွံများကို လှည့်ပတ်ကောက်ယူ ရောင်းချပြီး သူအပါအဝင် မိသားစု ၈ ယောက်၏ စားဝတ်နေရေးအတွက် ဖြေရှင်းနေသူတစ်ဦးဖြစ်ပါသည်။

“ခြေ နေမကောင်းဖြစ်သွားတော့ ဆိုက်ကားကိုလည်း မနင်းနိုင်တော့ဘူး တွန်းသွားရတယ်။” ဟု ၎င်းက မသန်စွမ်းသည့်ခြေထောက်အား ကိုင်ပြကာ ပြောသည်။

အကြောရောဂါဖြစ်သည့်အတွက် မိဘထံမှ အမွေရရှိထားသည့် ခြံငယ်လေးကို ရောင်းချပြီး ရရှိလာသည့် ငွေကျပ်သိန်း ၁၀ ကျော်ဖြင့် ၎င်း၏ရောဂါအား စစ်တွေမြို့မှ အကြောဆရာဝန်များနှင့် ပြသခဲ့ရပါတော့သည်။ ငွေကုန်ကြေးကျခံပြသခဲ့သော်လည်း သူ့၏ခြေထောက်မှာ ပုံမှန်ဖြစ်မလာခဲ့တော့ပါ။

ဦးစိန်မောင်မှာ သူ့မိသားစု စားဝတ်နေရေးအတွက် သူ့၏ဆိုက်ကားကို လက်ဖြင့်တွန်းကာ ကမ်းနားလမ်းသို့ နေ့စဥ် ညနေ ၃နာရီမှ စတင်ထွက်ခွာလေ့ရှိပြီး ရေသန့်ဗူးခွံနှင့် ပုလင်းခွံ အလုံးရေ ၂၀ ခန့်ကို ဆိုက်ကားပေါ်တင်၍ ည ၉ နာရီကျော်တွင် နေအိမ်သို့ပြန်လာတတ်ပါသည်။ ယင်းသို့ ပုလင်းခွံ၊ ရေသန့်ဗူးခွံ အလုံး၂၀ ခန့်ရလျှင် ဝင်ငွေ သုံး/လေးထောင်ခန့် ရသည်ဟု ဆိုသည်။

တခါတရံ ရုံးပိတ်ရက်များတွင် လူငယ်များမှာ ကမ်းခြေဘက်သို့ အပန်းဖြေရန် ပုံမှန်နေ့ရက်များ ထက် အများအပြား ရောက်ရှိတတ်သောကြောင့် ရေသန့်ဗူးခွံနှင့် ပုလင်းခွံ ၃၀ ခန့်ကိုပင် ကောက်ယူရသည်ဟုဆိုသည်။ ဤကဲ့သို့နေ့ရက်များတွင်ဆို ဦးစိန်မောင်မှာ ပြုံးပျော်ရွှင်ပြီး အိမ်သို့ဝင်လာတတ်စမြဲပင်။

သို့သော် ကိုဗစ်အခြေနေကြောင့် စစ်တွေကမ်းနားလမ်းကို ယာယီပိတ်ထားခဲ့သည့်အတွက် ပုလင်းခွံ၊ ရေသန့်ဗူးခွံကောက်ခြင်းကိုလည်း ရပ်နားခဲ့ရ၍ ဦးစိန်မောင်၏ မိသားစု စားဝတ်နေရေးအတွက် အခက်ခဲဖြစ်ခဲ့ရသည်ဟုဆိုသည်။

“ကမ်းနားလမ်းကိုပိတ်ထားတုန်းက ကျွန်တော်မိသားစု တော်တော် အကျပ်အတည်းနဲ့ ခံလိုက်ရတယ်။” ဟု ဆိုသည်။
ကမ်းနားလမ်းကို အစိုးရက ယာယီပိတ်ထားခဲ့သည့်အတွက် ဦးစိန်မောင်တဦးတည်း အကျပ်အတည်းဖြင့်ရင်ဆိုင်ရခြင်းမဟုတ်ဘဲ အခြား ဗူးခွံ၊ ပုလင်းခွံကောက်သူအချို့မှာလည်း မိသားစုစားဝတ်နေရေးအခက်အခဲဖြင့် ကြုံလိုက်ရကြောင်း ကမ်းနားလမ်းတွင် ဗူးခွံ၊ ပုလင်းခွံကောက်သည့် အသက် ၃၅ နှစ်အရွယ် ဦးမောင်ဘုက ဆိုသည်။

“ကျွန်တော်က BXT ကမ်းနားလမ်းဘက်ကိုလည်း သွားကောက်တယ်။ ဒါပေမယ့် အဲဒီဘက်ကကျတော့ ဒီကမ်းနားလောက် ပုလင်းခွံမရဘူးပေါ့။ ဒီဘက်ကိုပဲ အဓိကအားထားရတာ။ ဒီဘက်ကိုပိတ်ပြီး ရဲတွေဘာတွေအစောင့်ချထားတော့ ကျွန်တော့်မိသားစု စားဝတ်နေရေးအတွက် တော်တော်လေး အခက်ခဲဖြစ်သွားတယ်” ဟု ဆာလာအိတ်အဖြူအကြီးတစ်လုံးအား လက်ဖြင့် ကိုင်ထားကာ မတ်တပ်ရပ်ရင်း ပြောပြသည်။

ဦးမောင်ဘုမှာ သားသမီး ၃ ဦးနှင့် ဇနီးတစ်ဦး ရှိပြီး သားသမီးပညာရေးနှင့် စားဝတ်နေရေးအတွက် ပုလင်းခွံ၊ ဗူးခွံ ကောက်ကာ ဝင်ငွေရှာနေသည်မှာ ၅ နှစ်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့လို လူတွေအများကြီးရှိတယ်။ အမျိုးသမီးတွေ ကလေးတွေရောပဲ။ ကိုဗစ်ကြောင့် ကမ်းနားလမ်းပိတ်ထားတုန်းကဆို အကုန်လုံး ဒုက္ခရောက်သွားတာပေါ့ဗျာ။” ဟု ဆာလာအိတ်ကို ကျောကုန်းပေါ်လွှဲတင်ပြီး တဖက်လက်ဖြင့်ကိုင်ထားကာ လမ်းလျှောက်ရင်း ဦးမောင်ဘု ပြောပြသည်။

ဦးမောင်ဘုကဲ့သို့ ပုလင်းခွံ၊ ဗူးခွံကောက်ပြီး မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေရှာနေရသည့် ဦးစိန်မောင်မှာ ယခုကဲ့သို့ ပုလင်းခွံကောက်သည့်အလုပ်ကိုမလုပ်ခင် ဆိုက်ကားကို နှစ်ပေါင်း ၃၀ ကျော်နင်းခဲ့သည်ဟုဆိုသည်။

၂၀၁၅ ခုနှစ်လောက်တွင် သုံးဘီးနှင့် နှစ်ဘီးဆိုင်ကယ်များ ပေါများလာမှုကြောင့် ဆိုက်ကားစီးသူမရှိတော့သည်အထိ နည်းပါးလာသည့်အတွက် တစ်နေ့ကို ဝင်ငွေ သုံးထောင်ခန့်သာသာရရှိတော့၍ မိသားစုစားဝတ်နေရေးမဖုံလုံသောကြောင့် ဆိုင်ကားဆက်မနင်းခဲ့ပေ။ ယင်းနောက် ၂၀၁၅ ခုနှစ်လောက်တွင် စစ်တွေမြို့၌ NGO/INGO အဖွဲ့အစည်းများတွင်လုပ်ကိုင်သည့် နိုင်ငံခြားသားများ ငှားနေသည့် နေအိမ်တွင် သန့်ရှင်းရေးလုပ်ကိုင်ခဲ့သည်။

ထိုကဲ့သို့ သန့်ရှင်းရေးလုပ်၍ တစ်လကို ဝင်ငွေ နှစ်သိန်းကျော်ရသည့်အတွက် မိသားစုစားဝတ်နေရေးအတွက် အဆင်ပြေခဲ့သည်။
ယင်းသို့ သန့်ရှင်းရေးလုပ်သည်မှာ ၅ နှစ်မြောက်သို့ရောက်လာစဥ် ၂၀၁၉ ခုနှစ်တွင် ဦးစိန်မောင်အတွက် ကံဆိုးမှုတခု စတင်ဝင်ရောက်လာပါတော့သည်။

ကိုဗစ်-၁၉ဟုခေါ်သော ကမ္ဘာ့ကပ်ရောဂါမှာ ကမ္ဘာအနှံ့ရှိ နိုင်ငံအများအပြားတွင် စတင်ကူးစက်လာခဲ့သည့်အတွက် ဦးစိန်မောင် သန့်ရှင်းရေးလုပ်သည့် နေအိမ်မှ နိုင်ငံခြားသားများမှာလည်း ၎င်းတို့၏နေရပ်သို့ ပြန်သွားခဲ့ကြသည့်အတွက် ဦးစိန်မောင်မှာ အလုပ်လက်မဲ့ဘဝသို့ ရောက်ခဲ့ရပြန်ပါသည်။

ယင်းနောက် ကိုဗစ်ကပ်ရောဂါအကြား ယခုကဲ့သို့ ဆိုက်ကားဖြင့် ပုလင်းခွံ၊ ရေသန့်ဗူးခွံကောက်သည့်ဘဝသို့ ရောက်ရှိသွားခြင်းဖြစ်သည်ဟု ဆိုသည်။

“မိသားစုစားဝတ်နေရေး၊ တဖက်မှာ ကလေးတွေရဲ့ပညာရေး။ အိမ်မှာက ဆယ်တန်းတက်နေတဲ့ ကလေးတွေလည်းရှိတယ်။ ဒါကို အခု ပုလင်းခွံကောက်ပြီး ဝင်ငွေရှာဖြေရှင်းနေရတာပေါ့ဗျာ” ဟု ဦးစိန်မောင်က ပြောပြသည်။

သားသမီး ၈ ဦးရှိပြီး ယင်းထဲမှ နှစ်ဦးမှာ အိမ်ထောင်ကျသွားကာ ကျန် ၆ ဦးထဲမှာ မိသားစုစားဝတ်နေရေးအတွက် ဖုံလုံအောင်ရှာကျွေးနိုင်လောက်သည့်အရွယ်မရောက်သေး၍ လင်ယောကျ်ားဖြစ်သူ ဦးစိန်မောင်မှာ ခြေမသန်စွမ်းဘဝနှင့် ငွေရှာနေရခြင်းဖြစ်သည်ဟု ဇနီးဖြစ်သူ ဒေါ်လှယဥ်က ဆိုသည်။

“ကြားထဲ ကိုဗစ်ဖြစ်တော့ ကမ်းနားလမ်းကို အစိုးရက ယာယီပိတ်ခဲ့တာရှိတယ်။ အဲ့တုန်းကဆို ပုလင်းခွံတွေကောက်မရတော့ စားဖို့မရှိ သောက်ဖို့မရှိဖြစ်ခဲ့ရတယ်။ ကျွန်မကလည်း အိမ်မှာထမင်းချက်နေရတော့ အပြင်ထွက်လုပ်ဖို့အဆင်မပြေဘူးလေ။ သားသမီး ၈ ယောက်ရှိတာမှာ အကြီး နှစ်ယောက်ကအိမ်ထောင်ကျသွားတော့ အိမ်ကိုမထောက်ပံ့နိုင်ဘူးပေါ့။” ဟု ဦးစိန်မောင်မှ ဆိုပါသည်။

ကမ်နားလမ်းတလျှောက် အခြား ပုလင်းခွံကောက်သူအချို့ရှိသောကြောင့် ဦးစိန်မောင်မှာ မိမိတဦးတည်းရလိုစိတ်ဖြင့် လောဘကြီး ကောက်ယူခြင်းမျိုးမဟုတ်ဘဲ တနေ့တာအတွက်ဖုံလုံလောက်သည့် ဝင်ငွေရမည့် ပုလင်းခွံနှင့် ရေသန့်ဗူးခွံကိုရလျှင် ယင်းနေ့အတွက် ရှေ့ဆက်မကောက်ဘဲ အခြားသူများကောက်ရန်အလို့ငှာ ချန်ထားခဲ့တတ်သေးကြောင်း ဦးစိန်မောင်က ပြုံးပြီး ပြောပြသည်။

ထိုသို့ ရေသန့်ဗူးခွံနှင့် ပုလင်းခွံကောက်ကာ မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေရသည့် လူဦးရေ မြို့တော်စစ်တွေအတွင်း လက်ညိုးထိုးရေတွက်၍ မကုန်နိုင်လောက်အောင်ရှိကြောင်း အသက်မပါသည့်အပြုံးဖြင့် ဦးစိန်မောင်က ပြောပြပါသည်။

 352 total views,  1 views today