ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ဟိန္ဒူလူမျိုးတွေဟာ ကိုယ်ပိုင်ဘာသာစကား၊ ရိုးရာဓလေ့၊ ယဉ်ကျေးမှုတွေနဲ့ ရပ်တည်နေကြတဲ့ လူမျိုးတစ်ခု ဖြစ်ပါတယ်။ ဟိန္ဒူလူမျိုးတွေဟာ ရခိုင်ပြည်နယ်ထဲက စစ်တွေ၊ ဘူးသီးတောင်၊ ကျောက်တော်နဲ့ တခြားမြို့နယ်တွေမှာလည်း ဖြန့်ကြဲနေထိုင်ကြပါတယ်။

ရခိုင်ပြည်နယ်မှာနေထိုင်တဲ့ ဟိန္ဒူအမျိုးသမီးတွေအတွက်တော့ ဒေသတွင်း အလုပ်အကိုင်ရှားပါးမှု၊ ဝင်ငွေနည်းပါးမှုတွေကြောင့် ကျန်းမာရေး၊ ပညာရေးနဲ့ စားဝတ်နေရေးတွေမှာ အခက်အခဲများစွာ ရှိနေကြပါတယ်။

ဟိန္ဒူအမျိုးသမီးငယ်တစ်ဦးဖြစ်တဲ့ အသက်(၁၉) နှစ်အရွယ် မဖြူဖြူဝင်းကတော့ သူငယ်စဉ်က စားဝတ်နေရေးကျပ်တည်းမှုကြောင့် အတန်းပညာကို ကောင်းကောင်းမွန်မွန် မသင်ယူခဲ့ရပါဘူး။ လက်ရှိမှာတော့ စစ်တွေမြို့မဈေးအဝတ်ဆိုင်တစ်ဆိုင်မှာ နေ့စားအဖြစ်ဝင်ရောက်လုပ်ကိုင်နေပါတယ်။

“အလုပ်က တစ်ရက်ကို ၂၅၀၀ ရပါတယ်။ ဈေးက အိတ်ဆိုင်မှာ လုပ်တာပါ။ ကျပ်တည်းတာပေါ့။ ဒါပေမဲ့ ကိုယ့်ဟာနဲ့ကိုယ် လုပ်စားတယ်။ အမေလည်း လုပ်တယ်။ ညီမတွေလည်း လုပ်ပါတယ်။ ကျောင်းက နှစ်တန်းလောက်ပဲ တက်ခဲ့ရတာ။”

ဟိန္ဒူအမျိုးသမီးတွေရဲ့ ရိုးရာဝတ်စားဆင်ယင်မှုအပိုင်းမှာ အိမ်ထောင်ကျပြီးသား အမျိုးသမီး ဝတ်စားဆင်ယင်ပုံနဲ့ အိမ်ထောင်မရှိတဲ့ အမျိုးသမီးဝတ်စားဆင်ယင်ပုံက မတူပါဘူး။ အိမ်ထောင်ရှိတဲ့ အမျိုးသမီးတစ်ယောက်ဟာ လက်ကောက်အဖြူအနီအဝါနဲ့ ဆာရီကို မဖြစ်မနေ ဝတ်ဆင်ကြရပါတယ်။

“ကွာခြားမှုတော့ တော်တော်ရှိတယ်။ အိမ်ထောင်ကျတဲ့အမျိုးသမီးတွေဆိုရင် ချင်းတူးထည့်ရတယ်။ ဒိကထည့်ရတယ်။ ဆာရီကို အမြဲဝတ်ရတယ်။ လက်ကောက်အနီရယ်။ အဖြူရတယ်။ ယောက်ျားရှိသရွေ့ကို ဝတ်ရတယ်။ ယောက်ျားမရှိဘူးဆိုရင်လည်း ဆာရီဝတ်ရတာပဲ။ အိမ်ထောင်ကျပြီးသား မိန်းမဆိုရင် ဆာရီဝတ်ရတာပဲ။ ယောက်ျားမရှိဘူးဆိုရင် လက်ကောက်နဲ့ ချင်းတူးပဲဖြုတ်ရတယ်။ အိမ်ထောင်မပြုတဲ့ အမျိုးသမီးဆိုရင် လွတ်လပ်စွာပေါ့နော်။ သူဝတ်ချင်သလို ဝတ်လို့ရတယ်။ အိမ်ထောင်ရှိတဲ့ မိန်းမတွေက ဝတ်ချင်သလို ဝတ်လို့မရဘူး။”လို့ အိမ်ထောင်ရှင် အမျိုးသမီး မစန္ဒာအေးက ပြောပြပါတယ်။

သူတို့နေထိုင်တဲ့ စစ်တွေမြို့က ဒီလသာကျေးရွာက သိပ်ပြီးတိုးတက်တဲ့ ကျေးရွာတစ်ခုတော့ မဟုတ်ပါဘူး။ ဒီကျေးရွာက အမျိုးသားအများစုဟာ ဆံပင်ညှပ်တဲ့ အလုပ်ကို လုပ်ကိုင်ကြပြီး တချို့ကတော့ ကြုံရာကျဘန်း လုပ်ကိုင်ကြပါတယ်။

ဒီလိုကြုံရာကျဘန်းအလုပ်တွေကလည်း တစ်နေ့ကို ၂ ထောင်၊ ၃ ထောင်လောက်ပဲ ရကြပါတယ်။ ဒီငွေပမာဏနဲ့ မိသားစုစားဝတ်နေရေး ဖြေရှင်းဖို့ ဆိုတာကလည်း လွယ်တော့ မလွယ်ကူလှပါဘူး။

ဘူးသီးကြော်ရောင်းတဲ့ အိမ်ထောင်သည် ဒေါ်မလှက “ဘူးသီးကျော်ရောင်းတယ်။ ဈေးမှာလည်း ရေခပ်တယ်။ လုပ်တဲ့နေ့လုပ်ရတယ်။ မလုပ်တဲ့နေ့ မလုပ်ရဘူး။ ရတဲ့နေ့ရတယ်။ မရတဲ့နေ့မရဘူး။ မရရင် အကြွေးဝယ်စားတယ်။ မနက်ဖြန်ပေးတယ်ရရင်ပေးတယ်။ မရရင် မပေးနိုင်ဘူးပေါ့။ မိသားစုကရှစ်ယောက်ပါ။”လို့ ပြောပါတယ်။

ဒီဒေသက အိမ်ထောင်ရှင်အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေးရရှိမှု နည်းပါးနေသေးသလို အမျိုးသားတွေရဲ့ ထိန်းကွပ်မှုအောက်မှာ နေထိုင်နေရဆဲလည်း ဖြစ်တယ်လို့ ရင်ဖွင့်ပြောပြကြပါတယ်။

မစန္ဒာအေက “ယောက်ျားတွေနဲ့ တန်းတူအခွင့်အရေးမရှိဘူးလေ။ ယောက်ျားရှာတဲ့ ပိုက်ဆံကို မိန်းမတွေစား။ ယောက်ျားတွေရဲ့ သြဇာအာဏာကိုပဲ မိန်းမတွေက ခံနေရတာပေါ့။ ကျမတို့မှာဆိုရင် ဒီမှာ များသောအားဖြင့် မိန်းမတွေက အလုပ်မလုပ်ကြတော့ဘူး။ ယောက်ျားရှာလို့ ရတာကိုပဲ မိန်းမတွေက မှီခိုပြီး စားနေကြတာ။ လုပ်မယ့်အလုပ်လည်း မရှိဘူးလေ။ ယောက်ျားတွေက ကျဘန်းလုပ်သူလုပ်၊ ဆိုင်ရောင်းသူရောင်း၊ ပိုက်ဆံရှိတဲ့သူလည်းရှိတယ်။ မရှိတဲ့သူလည်း ရှိတယ်။ ပိုက်ဆံရှိတဲ့ လူတွေမှာဆိုရင် ဆိုင်ရောင်းတယ်။ မရှိတဲ့လူတွေက ကျဘန်းလုပ်ကြတယ်။ သူများဆိုင်တွေမှာ မှီခိုပြီး လုပ်ကြတယ်။ အဲလိုလုပ်တယ်ဆိုရင် မိန်းမတွေက အဆင်မပြေဘူးလေ။ ယောက်ျားတွေ မှီခိုနေတဲ့ နေရာမှာ မိန်းမတွေ လုပ်လို့အဆင်မပြေဘူး။ ကိုယ်ပိုင်ဆိုင်ရှိတဲ့ မိန်းမတွေဆိုရင်တော့ ယောက်ျားနဲ့ သွားလုပ်လို့ ရတာပေါ့နော်။ အဲဒီလို ကွာခြားမှုရှိတယ်။”လို့ ဆိုပါတယ်။

ကလေးနှစ်ယောက်မိခင် ဟိန္ဒူအမျိုးသမီး မသန္တာမိုးက သူတို့လူမျိုးတွေကိုးကွယ်ရာ နတ်ဘုရားဟာ မယ်တော်တစ်ပါးဖြစ်တဲ့အလျောက် လက်တွေ့မြေပြင်မှာတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေးရရှိမှု မရှိသလောက် နည်းပါးနေတယ်လို့ ထောက်ပြပါတယ်။

“မယ်တော်ရဲ့ Inspiration တစ်ခုက ကျွန်မတို့လည်း လုပ်နိုင်တယ်။ ဖြစ်နိုင်တယ်။ လူတွေက ပြောကြတယ်။ အမျိုးသမီးတွေဟာ ဘာမှ မလုပ်နိုင်ဘူး။ အမျိုးသမီးတွေဟာ အားလုံးလုပ်နိုင်ပါတယ်။ အဲဒီလိုမျိုး သတ္တိ၊ စွမ်းအင်တခုရယ်။ နောက်ပြီးတော့ ကိုယ့်ရဲ့ အခက်အခဲမှန်သမျှကို မယ်တော်က ဖြေဖျောက်ပေးနိုင်စွမ်းရှိတယ်လို့ ယုံကြည်မှုရှိတယ်။ မယ်တော်ဟာ မိခင်တစ်ယောက်အနေနဲ့လည်း ဖြစ်တယ်။ ကျွန်မကိုယ်တိုင်ကလည်း မိခင်ပဲ။ ကျွန်မတို့လည်း မယ်တော်ရဲ့သားသမီးတစ်ယောက်ပဲ။ သား၊ သမီးတွေရဲ့ ဒုက္ခ၊ သုခအားလုံးကို ကူညီပြီး စောင့်ရှောက်သွားမယ်လို့ ယုံကြည်ပါတယ်။”

လက်ရှိမှာလည်း ဟိန္ဒူအမျိုးသမီးတွေဟာ အိမ်တွင်းမှာရော၊ ပွဲလမ်းသဘင်တွေမှာပါ ချက်ပြုပေးရေး ကိစ္စလောက်ကိုပဲ လုပ်ကိုင်ဖို့အခွင့်အလမ်းရှိကြတဲ့အတွက် အမျိုးသမီးတွေကိုယ်တိုင်က မိမိတို့ ဒီထက် လုပ်နိုင်စွမ်းရှိတယ်ဆိုတဲ့အကြောင်း ပြသကြဖို့နဲ့ တာဝန်ရှိသူတွေကလည်း အမျိုးသမီးတွေရဲ့ ကဏ္ဍကို မြှင့်တင်ပေးဖို့ မသန္တာမိုးက တောင်းဆိုလိုက်ပါတယ်။

“ဘုန်းကြီးကျောင်းမှာ အမျိုးသားဥက္ကဌရှိတယ်။ အမျိုးသမီးဥက္ကဌလည်း ရှိစေချင်တယ်။ အမျိုးသမီးတစ်ယောက်မှာ ကိုယ့်ရဲ့အခန်းကဏ္ဍရှိပါတယ်။ မိဘတွေကို ပြောနိုင်တဲ့ အခမ်းကဏ္ဍရှိတယ်။ မပြောနိုင်တဲ့ အခမ်းကဏ္ဍရှိပါတယ်။ ကျွန်မတို့အချင်းချင်း ဖြေနိုင်တဲ့ ကဏ္ဍတွေ ရှိတယ်။ ဟိန္ဒူတွေမှာကျတော့ အမျိုးသမီးခေါင်းဆောင်တွေ မရှိဘူး။ အမျိုးသမီးအဖွဲ့ချုပ်လည်း မရှိဘူး။ အမျိုးသမီးတစ်ဦး အခက်ခဲကျရင် ဆိုပါစို့ – မုဒိန်းမှုတစ်ခုဖြစ်ရင် အမျိုးသမီးတွေဟာ အဖေကို ကြောက်တာမျိုး၊ လင်ယောက်ျားကို ကြောက်တာတမျိုး၊ တိတ်နေရတယ်။ အမျိုးသမီးအဖွဲ့တစ်ခု ရှိလိုက်ခြင်းအားဖြင့် ရင်ဖွင့်လို့ရတယ်။ အဲလိုမျိုးလေးတွေပေါ့။ ကျောင်းမှာဖြစ်ဖြစ်၊ ရွာမှာပဲ ဖြစ်ဖြစ်။ ကဏ္ဍတစ်ခုလိုချင်တယ်။”

 469 total views,  1 views today