ရိုးမရေဒီယိုမဂ္ဂဇင်း

နိုဝင်ဘာလ ၁၇ ရက်။ နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၁၈ ရက်နေ့ထိကို ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေက ကမ္ဘာ လုံးဆိုင်ရာ စွန့်ဦးတီထွင် ရက်သတ္တပတ် (Global Entrepreneurship Week) လို့ သတ်မှတ်ပြီးတော့ အခမ်းအနားတွေ ကျင်းပ လာတာဟာ နှစ်တော်တော် များများ ကြာခဲ့ပြီ ဖြစ်ပါတယ်။

အခုနှစ်မှာ ကျရောက်တဲ့ ရက်သတ္တပတ်မှာလည်းပဲ နိုင်ငံတကာအပါအဝင် မြန်မာနိုင်ငံက မြို့နယ် အချို့မှာလည်း နိုဝင်ဘာလ ၁၅ ရက်နေ့က တစ်ပြိုင်နက်တည်း ကျင်းပခဲ့ကြတာ တွေ့ရပါတယ်။ အဲဒီလိုပဲ ရခိုင်ပြည်နယ် စစ်တွေမြို့မှာလည်း ရခိုင်လူငယ် စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းက ဦးဆောင်ကာ “လူငယ်အရင်း အမြစ်ဖြင့် ရခိုင်ပြည် စီးပွားရေးကို ဘယ်လိုတည်ဆောက်မှာလဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ အခမ်းအနားတစ်ရပ် ပြုလုပ်ခဲ့ပါသေးတယ်။

“ပိုက်ဆံရှိမှ ပိုက်ဆံရှာလို့ရတယ်ဆိုတဲ့ အစွဲတွေရှိကြတယ်။ မှားပါးတယ်။ ပိုက်ဆံဟာ အတွေးထဲက လုပ်ယူသွားတာ။ အတွေးထဲက ပိုက်ဆံဖြစ်တယ်။ အဲဒီပိုက်ဆံကို အတွေးထဲကပဲ ပြန်ပြီး စီမံခန့်ခွဲတယ်။ တစ်ဆမြင့်လာတယ်။ နှစ်ဆမြင့်လာတယ်။ အမြတ်တွေ ပါ နေပြီးသား ဖြစ်တယ်။ ပိုက်ဆံဟာ အရေးကြီးတဲ့ ကိစ္စတစ်ခုအနေနဲ့ကိုယ့်အတွေးက အမြန်ဆုံး အရေးကြီးတယ်လို့ထင်တယ်။” ဟု စီးပွားရေး အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ ပတ်သတ်ပြီး အဲဒီအခမ်းအနားမှာ ဟောပြောခဲ့တဲ့ ရခိုင်စီးပွားရေးဦးဆောင်အများပိုင် ကုမ္ပဏီလီမိတက် ဒုတိယဥက္ကဌ ဦးမောင်မောင်ကြီးက လူငယ်တွေကို တိုက်တွန်းပါတယ်။

နောက်ပြီးတော့ လူငယ်တွေအနေနဲ့ စီးပွားရေး လုပ်ကိုင်ကြတဲ့အခါမှာ ထိုးဖောက်တဲ့ သတိရှိဖို့ အရေးကြီးကြောင်းနဲ့ တစ်ယောက် တည်း မလုပ်နိုင်တဲ့ ကိစ္စရပ်တွေကို အုပ်စုလိုက်ဝိုင်းဖွဲ့ပြီး ဆောင်ရွက်ရင် ပိုပြီး အောင်မြင်မှုရကြောင်းလည်း တိုက်တွန်းခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ ရခိုင်လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်းများအသင်းဝင် လူငယ်တွေအပြင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ချင်းတိုင်း ရင်းသားရေးရာဝန်ကြီးနဲ့ တကွ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဌာနဆိုင်ရာတွေနဲ့ စီးပွားရေးကို စိတ်ပါဝင်စားတဲ့ လူငယ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်မှာ ပြုလုပ်ခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ စွန့်ဦးတီထွင် ရက်သတ္တပတ်အခမ်းအနားဟာ အခုနှစ်မှာဆိုရင် ဒုတိယ အကြိမ်ရှိ ပြီလည်း ဖြစ်ပါတယ်။

 419 total views,  1 views today