ရိုးမရေဒီယိုမဂ္ဂဇင်း
ရန်ကုန်၊ ဇူလိုင် ၁၂ ရက်။    ။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံမှ သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေးခဲ့ပြီး အလားအလာကောင်းမွန်ကာ သဘောတူညီချက်ရရှိထားပြီး ဖြစ်ပါတယ်။ မကြာခင် လုပ်ငန်းများစတင်သွားဖို့ စီစဉ်နေကြောင်းလည်း စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောပါတယ်။

“ကျောက်ဖြူရေနက်စီမံကိန်းက အင်မတန်ကြီးမားတဲ့ စီမံကိန်းဖြစ်ပြီးတော့ အရင်အစိုးရများထဲက ဆုံး ဖြတ်ချက်က ရှိပါတယ်။ အခုကျောက်ဖြူ စီမံကိန်းကိုပြန်လည်သုံးသပ်တာမဟုတ်ပါဘူး။ ညှိနှိုင်းတာဖြစ် ပါတယ်။ သဘောတူ ညှိနှိုင်းမှုတွေက အတော်လေး အလားအလာကောင်းပါတယ်။ မကြာခင်မှာလည်း ကျွန်တော်တို့ သဘောတူညီချက်ရပြီး ဆောင်ရွက်မှာ ဖြစ်ပါတယ်”

ကျောက်ဖြူရေနက်စီမံကိန်းကို လုပ်ဆောင်ရာတွင် မြန်မာနှင့် တရုတ်နိုင်ငံတို့ နှစ်ဖက်အပြန်အလှန် အကျိုးမျှတမှုများကို ချဉ်းကပ်ပြီး ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိဖို့ ရည်ရွယ် လုပ်ဆောင်နေတာပါ။

အဆိုပါစီမံကိန်းတွင် ပြည်တွင်းမှ တိုင်းရင်သားလုပ်ငန်းရှင်များပါဝင်မှု၊ အစိုးရစီမံခန့်ခွဲနိုင်မှုနှင့် တရုတ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုများဖြင့် တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်သွားမှာလည်း ဖြစ်ပါတယ်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံ ကုန်ကျခံပြီး အထူးဇုန်စီးပွားရေးတစ်ခု ဖန်တီးဖို့ပြင်ဆင်ထားတာပါ။ စီမံကိန်းလျာထားမှုတွင် ကုန်တင် သင်္ဘောကြီးများ ဆိုက်ကပ်နိုင်သော ဆိပ်ကမ်းအနီး ၁,၀၀၀ ဟက်တာကျယ်သော စက်မှုဇုန်တစ်ခုလည်း ပါဝင်မှာပါ။

 588 total views,  1 views today