ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

အောက်တိုဘာလရောက်ပြီဆိုရင် စစ်တွေမြို့လယ်ကနေ ဆိုင်းဝိုင်းသံတချို့ ညံညံထွက်ပေါ်လာတတ်ပါပြီ။ ဒီလို ဆိုင်းဝိုင်းသံ ထွက်ပေါ်လာပြီဆိုရင် မြို့ခံတို့ကလည်း ဘာပွဲကျရောက်နေပြီလည်းဆိုတာ တန်းသဘောပေါက်ကြ တော့ပြီး ညရောက်တာနှင့် တပြိုင်နက် ပွဲတော်ရှိရာကို မိသားစုအလိုက်ဖြစ်စေ၊ သူငယ်ချင်းတွေ စုဝေး၍ ဖြစ်စေ လာရောက်ကြတတ်ပါပြီ။

“ဒီဆိုင်းတီးပွဲမှာဆိုရင် ဟိန္ဒူထက် ရခိုင်သားတွေကပိုများတယ်။ သူတို့ကို မြင်ရလို့ပီတိဖြစ်ပါတယ်။ ကိုယ်တို့ ပွဲတော်ကို သူတို့ကလည်း ပျော်ပျော်ရွှင်ရွှင်ပါဝင် ဆင်နွှဲပေးလို့။ ကျေးဇူးလည်းတင်တယ်။ ပျော်လည်း ပျော်မိပါတယ်။”လို့ ဟိန္ဒူအမျိုးသမီး ဒေါ်သန္တာမိုးက ပြောပါတယ်။

ဗုံဆိုင်းတီးခြင်းဟာ ဟိန္ဒူဘာသာရေးပွဲတော်ရဲ့ လက္ခဏာတစ်ခုဖြစ်ပြီး ဒီပွဲတော်ကို ဟိန္ဒူတို့က “ဆရီဆရီဆာရာဒီယာဒူဂါဗူဂျာ”ဟုခေါ်ပေမင့် မြန်မာ့ပြက္ခဒိန်မှာတော့ စန္ဒီမယ်တော်ပူဇနိယ ပွဲတော်ကြီးလို့ ဖတ်မှတ်ရပါတယ်။

ဟိန္ဒူလူမျိုးတို့အဖို့ အထွတ်တမြတ်နှင့် ကျင်းပပြုလုပ်ကြတဲ့ ဘာသာရေးပွဲတော်ကြီး တစ်ခုဖြစ်ပြီး ဟိန္ဒူပြက္ခဒိန်ရဲ့ နှစ်အစမှာ ကနဦးကျင်းပရတဲ့ ပွဲလည်းဖြစ်ကြောင့် ပျော်ရွှင်ခြင်းရဲ့အစ (သို့) ပျော်ရွှင်ခြင်းရဲ့ လာဘ်လာဘလို့ ယုံကြည်ကြတာ ဖြစ်ပါတယ်။ စစ်တွေမြို့က ဆရီဆရီမိုဟာဒေ့ဗ်ဘာရီ(မဟာသီဝ) ဟိန္ဒူဘုရားရှိခိုးကျောင်းတော် ကြီး ဂါပကအဖွဲ့အတွင်းရေးမှူး ဦးမောင်လှက အခုလို ရှင်းပြပါတယ်။

“ဒီပွဲဟိန္ဒူနာမည်ကတော့ ‘ဆရီဆရီဆာရာဒီယာဒူဂါဗူဂျာ’လို့ခေါ်တယ်။ မြန်မာနဲ့ဆိုရင် စန္ဒီမယ်တော်ပူဇနိယ ပွဲတော်ကြီး လို့ခေါ်တယ်။ ယခင်နှစ်ပေါင်းများစွာတည်းက ဘုရားလောင်း ရာမကိုယ်တိုင် ကျင်းပလာသော ပွဲတစ်ပွဲဖြစ်တယ်။ ဒီပွဲကို လောကီချမ်းသာအတွက် လုပ်တာပါ။ ပွဲလုပ်ရခြင်းဖြင့်၊ လာဘ်လာဘကောင်းတယ်။ စီးပွားလာဘ်လာဘကောင်းတယ်။ ကျန်းမာတယ်။ ချမ်းသာတယ်။ ဘေးအန္တရာယ်ကာကွယ်တယ်။ အဲဒီရည်ရွယ်ချက်နဲ့လုပ်တာ။”

တစ်နှစ်တစ်ကြိမ်ကျရောက်တဲ့ ဒီပွဲတော်ကို တစ်ကြိမ်စီမှာ ပထမရက်၊ ဒုတိယရက်နဲ့ တတိယရက်၊ စတုတ္ထနေ့ စဖြင့်ခွဲထားပြီး ပွဲတော်တစ်ရက်စီမှာ ပုဏ္ဏားကနေဆတင့် မယ်တော်ကို ပူဇော်ပသဖို့အတွက် လိုအပ်တဲ့ ဆွမ်း၊ ပန်းကဏ္ဍအသီးသီးကို အမျိုးသမီးတွေက ဖြည့်ဆည်းဆောင်ရွက်ပေးရပြီး အမျိုးသားတွေကတော့ ဆိုင်းဝိုင်း တီးတာနဲ့ ပြင်ပက လိုအပ်ချက်တွေကို ပြုလုပ်ကြရပါတယ်။

“ပွဲမဏ္ဍဝင်နေ့ဆိုတာက လကွယ်ကျော် ဆဌမနေ့ကျတယ်။ အဲဒီပွဲဝင်နေ့မှာ ဘာလုပ်ရလဲဆိုရင် မင်္ဂလာအိုးကို အရံလုပ်ပြီးရင် ပွဲအတွက် မင်္ဂအိုးလုပ်ရတယ်။ တရားပွဲနဲ့ လုပ်ရတယ်။ မယ်တော်ကို ပင့်ရတယ်။ စာအုပ်မှာ အချိန်နဲ့တွပေါ့။ ဒုတိယနေ့ဆိုရင် ပွဲအစပေါ့။ မယ်တော်ကျမ်းစာဖတ်တဲ့နေ့။ ဒုတိယနေ့ဆိုရင် အဌမနေ့ကျတယ်။ ကြာခေါင်းလောင်းပန်း ၁၀၈ ပွင့်ကို တစ်ပွင့်ချင်းစီကို ဂါထာရွတ်ပြီးတော့ ပူဇော်ပသရတယ်။ ၁၀၈ ပွင့်သည် အဓိက။ ဘာလို့ဆိုတော့ ဘုရားလောင်း အရှင်ရာမကိုယ်တိုင်က အဌမနေ့မြောက်မှာ မဖြစ်မနေ ပန်း ၁၀၈ ပွင့်နဲ့ ပူဇော်ပသခဲ့တယ်။ ၎င်းနည်းအတိုင်း ကျနော်တို့ ပြည်သူပြည်သားတွေလည်း ပူဇော်ပသကြတယ်။ ၁၀၈ ပွင့်မှာ တစ်ပွင့်လျော့ရင်တောင် မရဘူး။ လျော့ရင် အဓိဌာန်မအောင်ဘူး။”

ဒီလိုလုပ်ဆောင်ရာမှာ ဗုံဆိုင်းတီးတာက အရေးကြီးတဲ့ ကဏ္ဍကပါဝင်ပါတယ်။ ဗုံဆိုင်တီးရာမှာ အခုဆိုရင် ဗင်ခရာကိုပဲ အဓိက တီးခတ်ကြတော့ပေမယ့် ယခင်ကတော့ လင်းခတ်ကိုလည်း အသုံးပြုခဲ့ကြတယ်လို့ ဟိန္ဒူလူကြီးတွေက ပြောကြပါတယ်။

“ဗုံတီးတဲ့အပိုင်းကတော့ မယ်တော်ပျော်ရွှင်ဖို့အတွက်ပေါ့။ သာသနာစောင့်မယ်တော်ဖြစ်ဖြစ်၊ တခြားမယ်တော်ပဲ ဖြစ်ဖြစ် နတ်ကောင်းနတ်မြတ်တို့က အတီးအမှုတ်ကို ကောင်းကောင်းနှစ်သက်တယ်။ ဒီလိုလုပ်ပေးခြင်းအားဖြင့် တိုင်းသူပြည်သူတွေကို ကောင်းစေအောင် မစသွားတယ်။”

ဟိန္ဒူလူမျိုးတွေဟာ မြန်မာတစ်နိုင်ငံလုံးက နေရာအနှံအပြားမှာ ရှိသလို ရခိုင်ပြည်နယ်မှာလည်း အနည်း အကျဉ်း နေထိုင်လျက်ရှိကြပါတယ်။ အများအားဖြင့်တော့ စစ်တွေ၊ ကျောက်ဖြူ၊ ဘူးသီးတောင်၊ မောင်တောနဲ့ ကျောက်တော်မြို့နယ်တွေမှာ ဖြန့်ကျဲနေထိုင်ကြတာပါ။ လူဦးရေအားဖြင့် ၂ သောင်းကျော် လောက်ရှိပြီး အများစုကတော့ အများသမီးတွေ ဖြစ်ကြပါတယ်။

ပွဲတော်ကာလအတွင်း ဟိန္ဒူဘာသာကို အဓိကထားကိုးကွယ်ကြသူတွေအနေနဲ့ နေအိမ်တွင်း ငါးပါးသီလ စောင့်ထိန်းပြီး ဥပုသ်သီလစောင့်တည်ခြင်းတို့ကို ဆောင်ရွက်ကြသလို ဟိန္ဒူဘာသာဝင်တွေသာမက ပွဲတော်ကို လာရောက်လည်ပတ်တဲ့ ဘာသာမတူ၊ လူမျိုးမတူသူတွေကလည်း ပွဲတော်ကျင်းပရာ ဘုန်းတော်ကြီးကျောင်းကို လာရောက်ပြီး မယ်တော်ရုပ်ထုရှေ့မှောက်မှာ ဆီးမီးပွဲဇူတော်ပြီး ငွေကြေးလှူဒါန်းတာ၊ ပုဏ္ဏားထံ ကောင်းချီး မင်္ဂလာ ခံယူကြတာ၊ ဆိုင်းဝိုင်းကိုကြည့်ကြတာနဲ့ ပွဲမုန့်စျေးတန်းမှာ လျှောက်လည်တာတွေကို ပြုလုပ်ကြပါတယ်။

ရခိုင်ပြည်နယ်မှာ နေထိုင်ကြတဲ့သူတို့တွေအတွက် ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှု၊ ဝင်ငွေရရှိမှု နည်းပါးမှုတွေကြောင့် ကျန်းမာရေး၊ ပညာရေးနဲ့ စားဝတ်နေရေးအပိုင်းမှာ အခက်အခဲများစွာ ရှိနေကြပါတယ်။ ဒါကြောင့်လည်း ဟိန္ဒူအမျိုးသမီးတွေဟာ အိမ်ထောင်ဦးစီးတွေအပေါ်မှာပဲ မှီခို စားသောက်ကြရပြီး အိမ်တွင်းလုပ်ငန်းတွေဖြစ်တဲ့ ထမင်းဟင်းချက်ပြုတ်တဲ့ အပိုင်းကိုပဲ အဓိကထား လုပ်ကိုင်ကြရပါတယ်။

ဒေါ်သန္တာမိုးက “ဟိန္ဒူမှာ အမျိုးသမီးကို လက်ရှ်မီးလို့ခေါ်တယ်။ သမီးတွေကိုပေါ့။ ဒီမယ်တော်ဟာ လက်ဆယ်ချောင်းနဲ့ လုပ်နိုင်သလို သမီးတို့ဟာလည်း လုပ်နိုင်စွမ်းရှိတယ်။ ပြောနိုင်စွမ်းရှိတယ်။ သတ္တိတစ်ခု၊ အင်အားတစ်ခုပေါ့။ အဲဒီလို သတ္တိစွမ်းအားတွေလည်း ဖြစ်ရတယ်ပေါ့။ ကိုယ်တို့တောင်းတဲ့ဆုံ ပြည့်ရမယ်လို့ မိုးတို့ကိုယ်တိုင်က ယုံကြည်မှုရှိတယ်။ လက်တွေ့လည်း ခံစားမိတယ်။ ကြုံလည်းကြုံဖူးတယ်။ ယုံကြည်မှုတစ်ခုနဲ့ပေါ့။ တောင်းတဲ့ဆုကို ပြည့်ဝတယ်။ မယ်တော်ဟာ ကိုယ်တို့ဘဝကို စိတ်ချမ်းသာမှု၊ ပျော်ရွှင်မှုကို ပေးသွားမယ်ဆိုပြီး ယုံကြည်မှုနဲ့ ဒီမယ်တော်ဆီကို လာရခြင်းဖြစ်တယ်။”လို့ ယုံကြည်ကိုးကွယ်ပုံကို ပြောပြပါတယ်။

ဒီနှစ်ပွဲတော် ကျရောက်ခဲ့ချိန်မှာ ဆိုရင်လည်း စစ်တွေမြို့က သမိုင်းဝင်အဆောက်အဦးတွေထဲ တစ်ခုအပါအဝင် ဖြစ်တဲ့ အထက်ပါ ဆရီဆရီမိုဟာဒေ့ဗ်ဘာရီ(မဟာသီဝ) ဟိန္ဒူဘုရားရှိခိုးကျောင်းတော်ကြီးနှင့် မောလိပ်ရပ်ကွက်၊ ကုန်တန်းရပ်ကွက်၊ ကျောင်းကြီးလမ်း ရပ်ကွက်စသဖြင့် ဘာသာရေးကျောင်းတွေရှိရာ အကုန်လုံးမှာ ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။

ပွဲတော်ကို ဟိန္ဒူလူမျိုးတွေသာမက စစ်တွေမြို့ပေါ်မှာ နေထိုင်ကြတဲ့ လူမျိုးပေါင်းစုံ ဘာသာ ပေါင်းစုံကလည်း လာရောက်ဆင်နွှဲကြတဲ့အတွက် စည်ကားခဲ့သလို ပွဲမုန့်စျေးတန်းမှာ မုန့်ပဲ သရေစာက အစ ကလေးကစားစရာနဲ့ အဝတ်အထည် စသဖြင့်ရောင်းချခွင့်ရခဲ့ကြလို့ ပွဲလမ်းသဘင်မကျင်းပပဲ အတော်ကြာနေပြီဖြစ်တဲ့ မြို့တော် စစ်တွေက အခြေခံလူတန်းစားတွေ အတွက်လည်း အသေးစားဝင်ငွေဖန်တီးဖို့ အခွင့်ကောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။

သတင်းဆောင်းပါးဓာတ်ပုံများ – အာရ်ကန်ရိုးမ

 790 total views,  2 views today