အာရ်ကန်ရိုးမ ၊ စစ်တွေ

ပွင့်လင်းရာသီရောက်လာပြီဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်အတွင်းက ဘုရားစေတီတွေမှာ တပ်စွဲထားတာကို ဖယ်ရှားပေးဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။

အဆိုပါ တပ်တွေဟာ ရခိုင်ပြည်နယ်မှာ AA နဲ့ လက်နက်ကိုင်ပဋိပက္ခစတင်ချိန်တည်းကနေ ဘာသာရေး အဆောက်အဦးတချို့မှာ နေရာယူခဲ့ကြပြီး တိုက်ပွဲတွေရပ်ချိန်မှာလည်း ပြန်လည်ရုပ်သိမ်းခဲ့တာ မရှိပါဘူး။

တချို့နေရာတွေမှာဆိုရင် ၂ နှစ်ကျော်လောက်အထိ ကြာမြင့်နေပြီလို့ ဒေသခံတွေက အခိုင်အမာ ပြောကြပါ တယ်။

အဲဒီတပ်တွေ နေရာယူထားတဲ့နေရာတွေအနက် တိုက်ပွဲပြင်းထန်ခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ဘူးသီးတောင်၊ ရသေ့တောင်စတဲ့ မြို့နယ်တွေသာမက ပြည်နယ်တောင်းပိုင်းက ကျောက်ဖြူမြို့နယ်ကလည်း ပါဝင်ပါတယ်။

နှစ်စဉ်နှစ်တိုင်း ပွင့်လင်းရာသီရောက်ရင် ဒေသက ဘုရားစုံသွားဖူးလေ့ရှိပေမယ့် တိုက်ပွဲဖြစ်ပြီးနောက်မှာတော့ ဘုရားစေတီပုထိုးတွေမှာ တပ်မတော်သားတွေ တပ်စွဲနေကြတဲ့အတွက် ဘုရားဖူးလည်ပတ်ဖို့ မသွားရဲဘူးဖြစ်နေ တယ်လို့ မင်းပြားဒေသခံ ဒေါ်မြင့်မြင့်အေးက ပြောပါတယ်။

တပ်စွဲနေရာယူထားတဲ့အထဲက မြောက်ဦးမြို့နယ် သင်းကျိပ်တောင်၊ ဘူးသီးတောင်မြို့နယ်က သုံးဆယ်တစ်ဖုံ ဘုရား၊ မင်းပြားမြို့နယ် ကျိန်းတောင်နဲ့ ကျောက်တော်တောင်ဟာဆိုရင် ရခိုင်ပြည်နယ်အတွင်းက ထင်ရှားတဲ့ သမိုင်းဝင်ဘုရားစေတီတွေလည်း ဖြစ်ပါတယ်။

မင်းပြားမြို့နယ်ကျိန်းတောင်ဘုရားကိုတော့ သီတင်းကျွတ်လပြည့်တစ်နေ့တာ လာရောက်ဖူးမျှော်ခွင့် အာဏာပိုင်တွေဆီက ခွင့်ပြုချက်ရထားပေမယ့် တခြားဘုရားတွေနဲ့ ဘာသာရေးအဆောက်အဦးတွေမှာတော့ ပုံမှန်အတိုင်း နေရာယူထားဆဲဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ပြည်နယ်စစ်ကောင်စီပြောခွင့်ရကို ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့က တိမ်ညိုစစ်ဘေးရှောင်စခန်းက စစ်ဘေးရှောင်တွေနဲ့ တပ်မတော်တာဝန်ရှိသူတို့ တွေ့ဆုံချိန် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှူး ဗိုလ်ချုပ်ထင်လင်ဦးက တောင်ပေါ်မှာတည်ရှိတဲ့ ဘုရား၊ ပုထိုး၊ စေတီများတွေမှာ ဒေသခံတွေ လွတ်လပ်စွာဘုရားဖူးခွင့်ရရှိနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ စခန်းတာဝန်ရှိ သူတွေကို ပြောခဲ့တာရှိပေမယ့် အခုချိန်တော့ ဖယ်ရှားတာ မတွေ့ရသေးပါဘူး။

ရက္ခိုင့်တပ်တော် (AA) နဲ့ တပ်မတော်တို့ဟာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလကနေ တိုက်ပွဲဖြစ်ပွားခဲ့ပေမယ့် ၂၀၂၀ ကနေ ရပ်တန့်နေခဲ့တာ နိုဝင်ဘာလကတည်းကနေ တိုက်ပွဲတွေ ရပ်တန့်နေခဲ့တာ အခုဆိုရင် ၁၁ လလောက်ရှိနေပြီ ဖြစ်ပါတယ်။

 353 total views,  2 views today