အာရ်ကန်ရိုးမ ၊ စစ်တွေ

ပြီးခဲ့တဲ့ ရက် သီတင်းပတ်တွေအတွင်း ရခိုင်ပြည်နယ်မှာ မိုးကြီးရေလျှံမှုတွေ ရှိခဲ့ပြီး စိုက်ပျိုးပြီး လယ်ဧကတွေ သောင်းနဲ့ချီ ပျက်စီးခဲ့ရပါတယ်။

ပြန်လည် ပြုပြင်နိ်ုင်ဖို့ကို လယ်သမားတွေက လိုလားနေကြပြီး ငွေကြေးအခက်အခဲ ရှိနေတာကြောင့် အကူအညီကို အစိုးရဘက်က ရယူနိုင်ဖို့ မျှော်လင့်နေကြပါတယ်။

ပြန် စိုက်ပျိုးနိုင်ဖို့ စပါးမျိုးစေ့တွေ ပြန်ဝယ်ရမှာ၊ မြေသြဇာ လိုအပ်တာတွေအတွက် အခက်အခဲကြုံနေရတယ်လို့ မိုးကြီး ရေလျှံမှုကြောင့် လယ်ဧက ၈၀၀ လောက် ပျက်စီးဆုံးရှုံးခဲ့ရသူ ကျောက်တော်မြို့နယ် ငတပေါင်းကျေးရွာ ဒေသခံ ဦးသန်းထွန်းမောင်က ပြောပါတယ်။

ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂရဲ့ စာရင်းဇယားတွေမှာတော့ မြို့နယ် ၁၀ ခုက လယ်မြေဧက ၁၂၈၀၀ ကျော် ပျက်စီးသွားတယ်လို့ ဖော်ပြပါတယ်။

အဲဒီစာရင်းအရ မောင်တောမှာ ၃၂၀၊ ဘူးသီးတောင်မှာ ၃၀၀၊ မင်းပြားနဲ့ သံတွဲမြို့နယ်မှာ ၅၀၀ စီ၊ ပေါက်တော မြို့နယ်မှာ ၄၀၀၊ တောင်ကုတ်မှာ ၁၃၀၀၊ ပုဏ္ဏားကျွန်းမှာ ၁၅၀၀၊ ရသေ့တောင်မှာ ၁၆၀၀ ကျောက်တော်မှာ ၂၅၀၀ ဧက နဲ့ မြောက်ဦးမြို့နယ်မှာ ဧက ၃၀၀၀ ကျော်လောက် ပျက်စီးသွားခဲ့တာပါ။

ပျက်စီးလယ်ယာမြေတွေမှာ ဒီနှစ်အတွင်း စပါးပြန်လည် မစိုက်ပျိုးနိုင်လိုက်ရင် နောက်နှစ်အတွက် ဆန်ရေစပါး လောက်ငှမှုကို မထိခိုက်နိုင်ဘူး ဆိုပေမယ့်လည်း သက်ဆိုင်ရာလယ်သမားတွေအတွက် ထိခိုက်မှု ရှိနိုင်တယ်လို့ တောင်သူလယ်သမားသမဂ္ဂက ပြောပါတယ်။

ဒါကြောင့် လက်ရှိပျက်စီးသွားတဲ့ မိုးစပါးတွေကို ပြန်လည်စိုက်ပျိုးနိုင်အောင် အစိုးရအနေနဲ့ ကူညီထောက်ပ့ံ ပေးဖို့လိုတယ်လို့ ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ ဦးကျော်ဇံက ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ စုစုပေါင်း လယ်ဧက ၁၂ သိန်းခန့်ရှိပြီး အခုနှစ်အတွင်း လယ်ဧက ၈ သိန်း ၅ သောင်းကျော် စိုက်ပျိုးခဲ့တာပါ။

လယ်သမားတွေရဲ့ ပျက်စီးဆုံးရှုံးမှု အပေါ် အစိုးရ အနေနဲ့ ကူညီပေးဖို့ အစီစဉ်ရှိ၊ မရှိ ပြည်နယ် စိုက်ပျိုးရေး ဘဏ် မန်နေဂျာ ဦးအေးသိန်းကို မေးမြန်းရာမှာတော့ သူတို့ဟာ ငွေချေးတဲ့ အလုပ်ကိုပဲလုပ်ပြီး ကျန်တာသူတို့နဲ့ မဆိုင်ဘူးလို့ ဆိုပါတယ်။

ပြည်နယ်ကောင်စီကတော့ လယ်ယာမြေ ဧက ၆၀၀ လောက်သာ ပျက်စီးမှုရှိခဲ့ပြီး အခက်အခဲတွေရှိရင် တင်ပြဖို့ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုဌာနတွေဆီ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင် တတိယပတ်လောက်မှာ တကြိမ်၊ သြဂုတ်လဆန်းမှာ တကြိမ် မိုးကြီး ရေလျှံမှုတွေ ဖြစ်ပွားခဲ့ပြီး မောင်တော၊ တောင်ကုတ်နဲ့ သံတွဲမြို့နယ်တွေမှာ လယ်ယာမြေတွေ အပါအဝင် ပျက်စီးဆုံးရှုံးမှု များစွာရှိခဲ့ကြတာပါ။

ဓာတ်ပုံ – အာရ်ကန်ရိုးမ

 402 total views,  1 views today