ထူး ၊ အာရ်ကန်ရိုးမ

နိုင်ငံတကာအဖွဲ့အစည်းတွေက ပုံမှန်လာရောက်ထောက်ပံ့နေတဲ့ ဆန်နဲ့ ရိက္ခာပစ္စည်းတချို့ သတ်မှတ်ရက် ကျော်လွန်သည့်တိုင် ရောက်မလာတာကြောင့် ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်စခန်းတွေမှာ စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြပါတယ်။

ပုံမှန်ဆိုရင် လဆန်းပိုင်းမှာ တစ်လစာ ရိက္ခာတွေကို လက်ခံရလေ့ ရှိပေမယ့် သြဂုတ်လမှာတော့ ၁၄ ရက်နေ့ထိ လာရောက် ထောက်ပံ့တာ မရှိသေးဘဲ နောက်ထပ် ၂ ရက်လောက်သာကြာရင် ရိက္ခာပြတ်လပ်မှုကို စတင် ရင်ဆိုင် ရတော့မယ်လို့ အိမ်ထောင်စု ၂၀၁ စုနဲ့ လူဦးရေ ၈၆၀ ကျော်ရှိတဲ့ ရသေ့တောင်မြို့နယ် စေတီတောင် အရှေ့ပိုင်း စစ်ရှောင်စခန်း တာဝန်ခံ ဦးစောဝင်းရွှေက ပြောပါတယ်။

“တစ်ခေါက်မှာ ICRC က ဆန်တစ်အိတ်၊ ပဲတစ်အိတ်၊ ဆီလေးလုံး၊ လက်ဖက် တစ်ထုပ်၊ သကြားလေးထုတ် အဲလိုပေးတာ။ ၆ လပိုင်းက ဆန်နည်းလို့ တစ်ပိုင်းပဲ ပေးတယ်။ ၇ လပိုင်းမှာတော့ တစ်အိတ်နဲ့ တစ်ပိုင်းပေးတယ်။ ဟိုလက နည်းသွားတဲ့အတွက်။ စားဝတ်နေရေးကတော့ မရှိကြတော့ဘူး။ ပြောရမယ် ဆိုရင် ဆယ်ရက်တာ၊ ၃ ရက်တာ၊ ၂ ရက်တာ အဲလောက်ပဲ ရိက္ခာရှိကြပြီ။”

အဆိုပါ စခန်းအပါအဝင် စစ်ဘေးရှောင်တွေ အများဆုံး ခိုလှုံနေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်သုံးမြို့နယ်က ဒုက္ခသည်စခန်း ၅၀ ကျော်မှာ အိမ်ထောင်စု တစ်စုစီကို တစ်လလျှင် ဆန်တစ်အိတ်၊ ပဲတစ်အိမ်၊ မီးသွေးတစ်အိတ်၊ ဆီ၊ လက်ဖက် သကြားစတဲ့ ရိက္ခာပစ္စည်း ၆ မျိုးကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ ICRC က ပုံမှန် ထောက်ပ့ံပေးနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ပြည်နယ်အစိုးရ အာဏာပိုင်တွေဟာ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီတွေ ပေးနေတဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေကို သြဂုတ်လအတွင်း စည်းကမ်းချက်တွေ ကန့်သတ်လိုက်တာလို့ ICRC တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ကိုယ်စား အတွင်းရေးမှူး စိုင်းသော်ဝင်းက လက်မှတ်ရေးထိုး ထားတဲ့ စာနဲ့တကွ သြဂုတ်လ ၇ ရက်နေ့မှာ ညွှန်ကြားလာတာ ဖြစ်ပြီး အဆိုပါ အဖွဲ့အစည်းတွေအနေနဲ့ ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်မယ့် လုပ်ငန်း အစီစဉ်တွေကို အနည်းဆုံး နှစ်ပတ်ကြိုတင်ပြီး တိုင်းစစ်ဌာနချုပ် တာဝန်ရှိ ပုဂ္ဂိုလ်တွေဆီ အသိပေးတင်ပြဖို့ ညွှန်ကြားထားလိုက်တာပါ။

တင်ပြတဲ့အခါမှာလည်း ခရီးစဉ် တစ်ခုချင်းစီအလိုက် အကြောင်းအရာ၊ ယူဆောင်မယ့် ရိက္ခာ ပစ္စည်းစာရင်း၊ အသုံးပြုမယ့် ယာဉ်အမျိုးအစားနဲ့ ယာဉ်မောင်းအမည်၊ လိုက်ပါကြမယ့် ဝန်ထမ်းအရေအတွက် စသဖြင့် အကြောင်းအရာ အချက်အလက်တွေ အသေးစိတ် ပါရှိရမှာ ဖြစ်သလို လုံခြုံရေး ဂိတ်တွေမှာလည်း စစ်ဆေးမှုကို မဖြစ်မနေ လက်ခံကြဖို့လည်း ညွှန်ကြားချက်ထဲပါပါတယ်။

“ခရီးသွားလာခွင့်ကို စည်းကမ်းတွေနဲ့ လုံခြုံရေးဂိတ်တွေမှာ စစ်ဆေးခံရမယ်။ အချက်အလက်တွေကို အစိုးရရုံးမှာ တင်ရမယ်။ ကျွန်မတို့ သတ်မှတ်ထားတဲ့အချိန်မှာ ရိက္ခာတွေကို မပေးနိုင်တော့ဘူး။ ဒါကြောင့် Camp က လူတွေကလည်း စိုးရိမ်မယ်။ ရိက္ခာတွေကလည်း မရောက်နိုင်။ ဘာကြောင့်လဲဆိုတာတွေကို ဖြစ်လာမယ်။ ဒါကြောင့်နဲ့ ကျွန်မတို့ကလည်း သူတို့ကို အကြောင်းကြား ပေးထားတာပါ။ အခုတခါ သတ်မှတ်ချိန်အတွင်းမှာ မလာနိုင်တော့ဘူးပေါ့။ ဘယ်အချိန်မှာ ပြန်ပေးနိုင်မယ်ဆိုတာကို သတ်မှတ်ချက်တော့ မပေးနိုင်။ လက်ရှိမှာတော့ သက်ဆိုင်ရာ အစိုးရတွေနဲ့ အမြန်ဆုံးပေးနိုင်အောင် ဆွေးနွေးတာတွေရှိတယ် ဆိုတာကို ကျွန်မတို့ ပြောထားတာရှိတယ်။” လို့ ICRC တာဝန်ရှိသူတစ်ဦးက Arakan Yoma မေးမြန်းမှု အပေါ် ရှင်းပြပါတယ်။

တစ်လကို ဆန်အိတ် ၁၃၀၀ ကျော် အသုံးပြုရတဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က တိမ်ညိုစစ်ဘေးရှောင် စခန်းကို ဆိုရင် ICRC အဖွဲ့အစည်း တာဝန်ရှိသူတွေက အစိုးရက စည်းကမ်းချက်တွေ တင်းကြပ်ထားလို့ သတ်မှတ်ရက်အတွင်း ရောက်ဖို့ မသေချာတဲ့အကြောင်း အသိပေးလာတယ်လို့ စခန်းတာဝန်ခံ ဦးစိုးနိုင်က ပြောပါတယ်။

လတ်တလောမှာတော့ ဒေသလူမှု အဖွဲ့အစည်းတချို့ရဲ့ကူညီမှုကြောင့် ဆန်အိတ် ၂၇၀ လောက် လက်ခံရရှိထား ပေမယ့် တပတ်လောက်သာ တောင့်ခံနိုင်အား ရှိနိုင်တယ်လို့ သိရပါတယ်။ ဒီ စစ်ဘေးရှောင် စခန်းမှာ အိမ်ထောင်စု ၈၅၀ ကျော်၊ လူဦးရေ ၃၃၀၀ ကျော်ရှိပြီး ရခိုင်ပြည်နယ် အတွင်းက အကြီးဆုံး စစ်ဘေးရှောင်စခန်း တစ်ခုလည်း ဖြစ်ပါတယ်။

ဦးစိုးနိုင်က “အစိုးရ ခွင့်ပြုမိန့်ပေါ့။ အစိုးရဆီက ခွင့်ပြုမိန့်ရမှပဲ သွားလာလို့ရမယ်ပေါ့။ သူတို့ကလည်း သွားချင်းတိုင်း သွားလို့မရဘူး။ ခွင့်ပြုမိန့် နှစ်ပတ် ကြိုတင်ရတယ်။ တစ်လတစ်လ သွားမယ်ဆိုရင် အနည်းဆုံး ၁၄ ရက် ခွင့်တောင်းရတယ်။ ခွင့်ပြုမိန့်ရမှ သူတို့ကလည်း သွားလို့တော့ ဒီလမှာ နှစ်ပတ်သာ ကျော်လာတယ်။ ခွင့်ပြုမိန့်တောင်းလို့မရဘူး။ မရတဲ့အဆုံး လာလို့မရတဲ့အကြောင်း ကျွန်တော်တို့ကိုအကြောင်းကြားလာတာ။”လို့ ပြောပြပါတယ်။

တချို့စစ်ဘေးရှောင်စခန်းတွေမှာ ဆိုရင် ကုလသမဂ္ဂစားနပ်ရိက္ခာအစီစဉ် WFP က ထောက်ပံ့နေတာ ရှိသလို တစ်ဖက်မှာလည်း အစိုးရ လူကယ်ပြန်ဌာနက တစ်ဦးစီကို ထမင်းတနပ်အတွက် ဆန်တစ်ဗူးနှုန်းစီ ပံ့ပိုး ပေးနေခဲ့တာ ရှိပါတယ်။

သို့ပေမယ့် အစိုးရ အထောက်အပံ့ဟာ လစဉ်ပုံမှန်ထောက်ပံ့တာ မရှိသလို WFP ကလည်း လွန်ခဲ့တဲ့ ၃ လ လောက်တည်းက ထောက်ပံ့တာ မရှိတော့ဘူးလို့ သိရပါတယ်။ ထောက်ပံ့မှု မရတော့တဲ့ထဲ ကျောက်တော်မြို့နယ်က ကန်စောက် စစ်ဘေးရှောင်စခန်းနဲ့ ရသေ့တောင်က စေတီပြင် စစ်ဘေးရှောင်စခန်းတို့ အပြင် စစ်တွေမြို့နယ်က မွတ်ဆလင် IDP စခန်းတွေလည်း ပါဝင်ပါတယ်။

စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့တဲ့ မွတ်ဆလင် ရပ်မိရပ်ဖ ဦးရွှေလခင်က ကိုဗစ်ကာလအတွင်း အပြင် အလုပ်တွေ ထွက်လုပ်ကိုင်ခွင့် မရှိတဲ့အတွက် နိုင်ငံတကာအဖွဲ့တွေရဲ့ ထောက်ပံ့မှုမရရှိတော့တဲ့ ဒုက္ခသည်တွေဟာ စားဝတ်နေရေး အခက်အခဲကိုသာမက ကျန်းမာရေးအခြေအနေတွေနဲ့ ခိုးဆိုးလုနှိုက်မှုတွေပါ ရင်ဆိုင် နေရတယ်လို့ အကူအညီတွေ လိုအပ်နေတဲ့အကြောင်း ရှင်းပြပါတယ်။

“ဘယ်စခန်းရယ်လို့ မဟုတ်ဘူး။ စစ်တွေမြို့ပေါ်က စခန်းတွေ အကုန်လုံး မရတာ။ ကျွန်နော်တို့ ဒီဖက်မှာ နှစ်ဖွဲ့ပေးတာ။ ICRC မဟုတ်ဘူး။ WFP ပေးတယ်။ Plan ကပေးတယ်။ နှစ်ဖွဲ့လုံးက မရတော့ဘူး။ ၃ လရှိနေပြီ။ မေလထိရခဲ့တယ်။ ဇွန်၊ ဇူလိုင်၊ သြဂုတ် မရတာ သုံးလရှိပြီ။ အခက်ခဲ ကျတော့ အများကြီးပဲ။ ဒုက္ခသည်စခန်းတွေမှာ အအေးမိတယ်။ ချောင်းဆိုးတယ်။ ရောဂါနဲ့ ခံစားရတာက တမျိုး။ အစားအသောက်နဲ့ ခံစားရတာက တဖုံ။ လူတွေက ငတ်လို့တောင်းစားလို့ရှိတယ်။ နောက်တခု ပိုဆိုးတာက လူလေးငါးယောက်စုပြီးတော့ စခန်းတွင်းဝင်ပြီး ခိုးတာ၊ ပြောင်ပြောင်တင်းတင်းလုတာ အဲလို အခြေအနေတွေ ရှိတယ်။ အဲဒါကပိုဆိုးတယ်။ လူတွေက အိပ်ဖို့မရဘူး။ ကိုယ့်အိမ်ကို ကိုယ့်စခန်းကို ကိုယ်တိုင် စောင့်ရှောက်နေရတယ်။ လုံခြုံရေးက အစကတည်းက မရှိတာ။”

စစ်တွေမြို့နယ်မှာ မွတ်ဆလင် ဒုက္ခသည်စခန်းတွေအဖြစ် သဲချောင်း၊ ဒါးပိုင်၊ ဘောဒူဖ၊ မန်စီ၊ အုန်းတောကြီး၊ ဆေးသမား၊ သက္ကယ်ပြင်၊ ခေါင်းတုက္ကာ၊ ပန်လင်ပြင်၊ ဗာဆာရွာစတဲ့ စခန်းတွေရှိပြီး လူဦးရေ အားဖြင့် တစ်သိန်းလောက် ရှိနိုင်တယ်လို့ အဆိုပါ မွတ်ဆလင်ရပ်မိရပ်ဖက ခန့်မှန်းပါတယ်။ ဒီဒုက္ခသည်စခန်းတွေဟာ ၂၀၁၂ ခုနှစ်ပဋိပက္ခနောက်ပိုင်း မြို့ပေါ်က မွတ်ဆလင်တွေကို မြို့ပြင်နဲ့ကျေးရွာတွေမှာ အစိုးရက သီးခြားထားချိန် ဖြစ်တည်လာခဲ့တာပါ။

အလားတူ AA နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေကြောင့် ဖြစ်တည်လာခဲ့တဲ့ ရခိုင်ဒုက္ခသည်စခန်းတွေအနေနဲ့လည်း စစ်တွေအပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ် ၉ ခုမှာ များစွာ ရှိနေသေးပြီး လူဦးရေအားဖြင့် တစ်သိန်းခွဲလောက်အထိ လက်ရှိအချိန်ထိ ရှိနေပါသေးတယ်။

ICRC ကတော့ သူတို့အနေနဲ့ ဒုက္ခသည်တွေကို အမြန်ဆုံး ထောက်ပံ့ခွင့်ရနိုင်ဖို့ ပြည်နယ်အာဏာပိုင်တွေနဲ့ ဆွေးနွေးလျက် ရှိနေတယ်လို့ တိုက်ပွဲရှောင်စခန်းတွေဆီ အသိပေးထားပါတယ်။ ဒီကိစ္စအပေါ် ပြည်နယ် စစ်ကောင်စီရဲ့တုံ့ပြန်ချက်ရနိုင်ဖို့ ပြန်ကြားရေး တာဝန်ခံ ဦးလှသိန်းကို ဆက်သွယ်ခဲ့ပါတယ်။ ဒါပေမဲ့ လက်ခံဖြေဆိုတာတော့ မရှိခဲ့ပါဘူး။

အရင်နှစ်တွေတုန်းက AA နဲ့ စစ်ကောင်စီတို့ စစ်ရှိန်မြင့်လာပြီးနောက် လူသားချင်းစာနာထောက်ထားမှု အကူညီ ပေးနေတဲ့ နိုင်ငံတကာ အဖွဲ့တချို့ကို ပိတ်ပင်တားဆီးတာတွေ ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်မှာလည်း ပြုလုပ်ခဲ့ပြီး ICRC နဲ့ WFP အဖွဲ့တွေလောက်ကိုပဲ ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

သတင်းဆောင်းပါးဓာတ်ပုံ – ရခိုင်ပြည်နယ် စစ်တွေမြို့က မွတ်ဆလင်ဒုက္ခသည်စခန်းတစ်ခု (အောင်အောင်ထူး ၊ အာရ်ကန်ရိုးမ)

 413 total views,  2 views today