Arakan Yoma |

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ကာကွယ်ဆေး ရရှိနိုင်ရေး ရခိုင့်တပ်တော် AA အနေဖြင့် လုပ်ဆောင်လျက် ရှိနေသည်။

“ကိုဗစ်ကာကွယ်ဆေးရနိုင်ဖို့အတွက် ကျနော်တို့ ကြိုးစားနေတာတွေရှိတယ်” ဟု ဂျူလိုင် ၂၉ ရက်နေ့က ရေးသား ထုတ်ပြန်လာသည့် ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခ၏ ဖေစ့်ဘွတ်စာမျက်နှာတွင် ဖော်ပြထားသည်။ “အခုအချိန်ထိတော့ အကန့်အသတ်နဲ့ အခက်အခဲတွေ ရှိနေတုန်းပါပဲ”

နိုင်ငံရေးအကဲဖြတ်များ၏ လေ့လာမှုတစ်ခုတွင် AA သည် တရုတ်နိုင်ငံမှ ကိုဗစ်ကာကွယ်ဆေး ထောက်ပံ့မှု ရရှိရန် အနေအထားရှိနေကြောင်း ဆိုထားသည်။ အခြားသော မြောက်ပိုင်း မဟာမိတ်များမှ တပ်ဖွဲ့ တချို့ကလည်း ရထားကြပြီ ဖြစ်သည်။

“များမကြာမီကာလ၌ ULA/AA ထိန်းချုပ်ရာ ဒေသများတွင် ကိုဗစ်ကာကွယ်ဆေးထိုးသည်ဟု ကြားရပါက အံသြစရာရှိမည်မထင်ပါ” ဟု နိ်ုင်ငံရေးလေ့လာသူ ဦးမောင်မောင်စိုးက ၎င်း၏ ဖေ့စ်ဘွတ်အကောင့်မှတဆင့် ဂျူလိုင် ၂၄ ရက်နေ့တွင် ရေးသားခဲ့သည်။

ရခိုင့်တပ်တော်သည် ရခိုင်ပြည်အတွင်း ကိုဗစ် ကာကွယ်ထိန်းချုပ်ရေးကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်လျက် ရှိနေသည်ကို တွေ့ရသည်။ အမိန့်စည်းကမ်းများကို ထုတ်ပြန်ထားပြီး မလိုက်နာ ချိုးဖောက်သူများကိုလည်း အပြစ်ပေးအရေးယူလျက်ရှိနေသည်။ တဘက်တွင် ကိုဗစ်ကာကွယ်ဆေး ရရှိရန်ကိုလည်း ကြိုးစားလျက် ရှိနေသလို၊ အရည်အသွေးပြည့်မီသော ကိုဗစ် ကာကွယ်ဆေးကို အခွင့် အရေးရပါက ပြည်သူများအနေနှင့် လက်လွှတ်မခံဘဲ ထိုးကြဖို့ တိုက်တွန်းထားသည်။

သူတို့အနေနှင့် သီးခြား ကာကွယ်ဆေး ရရှိရန် ကြိုးပမ်းနေပုံပေါ်သလို စစ်ကောင်စီဘက်က ရခိုင်ပြည်နယ်သို့ ပေးပို့သည့် ကာကွယ်ဆေးကိုလည်း ရခိုင်တွင် နေထိုင်သူများကို လက်လွှတ်မခံ ထိုးစေနိုင်ရန် ရခိုင့် တပ်တော်က လိုလားနေသည်ကို သိသာစွာ တွေ့မြင်နေရသည်။

ဂျူလိုင်လ၏ နောက်ဆုံး ရက်သတ္တပတ်တစ်ခုအတွင်းမှာပင် တပ်တော်၏ စစ်ဦးစီးချုပ်၊ ဒုတိယစစ်ဦးစီးချုပ်နှင့် ပြောခွင့်ရပုဂ္ဂိုလ်အပါအဝင် အမိန့်ထုတ်ပြန်ချက်များ ဆက်တိုက် ထုတ်ပြန်ပြောကြားလာခြင်းများက ရခိုင်ပြည်တွင် ကိုဗစ်တတိယလှိုင်းကာကွယ်ရေးနှင့် ပတ်သက်၍ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုကို အများကြီး မျှော်လင့်ထားကြောင်း သိစေလိုသည့် သဘောရသည်။

ပြည်နယ် စစ်ကောင်စီဘက်ကမူ ရခိုင်ပြည်နယ်အတွက် ခွဲတမ်းရရှိထားသည့် တရုတ်နိုင်ငံထုတ် ကိုဗစ် ကာကွယ်ဆေး ၉ သောင်းခွဲကို နှစ်ပတ်အတွင်း ထိုးပေးဖို့ စီစဉ်နေကြောင်း သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးလှသိန်းက ပြောကြားထားသည်။

ထို ၉ သောင်းခွဲအား ဦးစားပေးအနေနှင့် အသက် (၆၅) နှစ် အထက် သက်ကြီးရွယ်အိုများ၊ သံဃာတော်များ၊ အကျဉ်းသားများ၊ အစိုးရဝန်ထမ်းများနှင့် ဘဏ်ဝန်ထမ်း၊ ဟိုတယ်ဝန်ထမ်းများကို ထိုးပေးသွားမည်ဟု ဆိုသည်။

ပြည်နယ်ပြည်သူ့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်မှာ ဇူလိုင် ၂၈ ရက်နေ့အထိ ကိုဗစ် ကူးစက်ခံထားရသူ ၂၅၁၃ ဦးနဲ့ သေဆုံးသူ ၁၄၆ ဦးအထိ ရှိနေပြီ ဖြစ်သည်။ ကျန်းမာရေးပြန်လည် ကောင်းမွန် သွားသူ ၈၇၉ ဦးအထိ ဆေးရုံက ဆင်းခွင့်ရရှိထားပြီး ၁၄၉၉ ဦးက ဆက်လက်ကုသမှု ခံယူနေရဆဲ ဖြစ်သည်။

သတင်းဓာတ်ပုံ – ရခိုင့်တပ်တော် တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် (arakanarmy.net)

 1,863 total views,  1 views today